Oct 31, 2009

ကမ္ဘာကြွေမယ့်နေ့


Painting: Pierre Marcel

ကမ္ဘာကြီးက ပန်းသီးတလုံးဆိုရင် ကျွန်တော်တို့က ပန်းသီးထဲက ပိုးကောင်လေးတွေပေါ့။ (နောက်ချေးပုံကြီး လို့တော့ မပြောချင်၊ ကိုယ်ပါရောပြီး ဘာကောင် ညာကောင် ဖြစ်သွားလိမ့်မယ်။) ပန်းသီးဆိုပေမယ့် တလုံးလုံး ချိုမြနေတာတော့ မဟုတ်။ ဖန်တန်တန်၊ ချဉ်စုပ်စုပ် နေရာတွေက အများသား၊ ပုတ်နေတဲ့ နေရာတွေက ရှိသေး။ ဒါပေမဲ့ ဒီထဲမှာ ပိုးကောင်ဖြစ်လာတော့ ဒီထဲမှာပဲ ပျော်ရွှင်၊ ကြေကွဲ၊ ပျင်းရိ၊ နာကျင်၊ တက်ကြွ နေနေကြရတာပဲ။ ခုတော့ အဲဒီ ပန်းသီးက ကြွေတော့ မယ်တဲ့လား။ ကိုယ်တွေက ဘာမို့ ကျန်ခဲ့ကြမှာလဲ။

အဲဒါက ဇာတ်နာအောင် ရေးထားတာ။ တကယ်တော့ ၂၁.၁၂.၂
၁၂ ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်းကို တွေ့သာတွေ့နေတယ်။ စိတ်မဝင်စားလှ၊ ခုထိလည်း ဘယ်လိုပျက်မယ် ဆိုတာတောင် မသိသေး။ တခုခုက ကမ္ဘာကို ဝင်တိုက်မှာလား၊ ငလျင်လှုပ်မှာလား၊ မီးတောင်ပေါက်မှာလား တကယ်ကို မသိသေး။ မအိန္ဒြာက ခင်မင်စွာဖြင့် တဂ်တော့ စဉ်းစားရပြီ တကယ်တန်း ကမ္ဘာပျက်တော့မယ် ဆိုရင် ဘာလုပ်ရမလဲ။

ကမ္ဘာပျက်တော့မယ်ဆိုတာကို အားလုံးက မသိကြဘဲ ကိုယ်တယောက်ထဲ (ဒါမှမဟုတ် ကိုယ့်ဆွေမျိုး၊ သူငယ်ချင်း တစုလောက်) သိနေတယ် ဆိုရင်တော့ မဆိုးဘူး။ ရှိတာအားလုံး ချရောင်း၊ မိသားစု နေရာ အနှံ့သွားလ
ည်၊ ကြယ်ငါးပွင့် ခြောက်ပွင့် နေရာတွေ တက်တည်း။ ပျော်ပျော်ကြီး နေလိုက်မယ်။ တခုပဲ ကြောက်ရတယ်။ တကယ် ကမ္ဘာမပျက်ရင်တော့၊ ကိုယ်တယောက်ထဲ ကမ္ဘာပျက်ပြီပဲ။ (ရှိတာ အားလုံး ကုန်သွားပြီလေ။)

ခု ၂
၁၂ ကတော့ ဒီလို မဟုတ်၊ အားလုံးက ကြိုသိနေမှာ။ အလုံးကြီး တလုံး ကမ္ဘာကို တိုက်ဖို့ လာနေပြီ ဆိုပါတော့။ တီဗွီကတောင် လိုက်ဖ် ပြချင် ပြနေမှာ။

အဲဒီတော့ ကမ္ဘာမပျက်ခင် တလမှာ (လူမှုရေး အဖွဲ့တွေက လွဲရင်)။ ဘယ်သူက အလုပ်လုပ်တော့မှာလဲ။ ငွေနဲ့ ဘာတွေ ဝယ်လို့ရမှာလဲ။ ဆားဗစ်ပေးတဲ့ အလုပ်တွေ ရပ်ကုန်မယ်။ ပစ္စည်းချင်းလဲတဲ့ ဘာတာ စနစ်လိုမျိုးပဲ ရှိတော့မယ် ထင်တယ်။

အဲဒီတော့ ကမ္ဘာပျက်လို့ ကိုယ်ပါသွားတာ နောက်ထား။ အဲဒီ တလမှာ ရပ်တည်ဖို့တောင် တော်တော်ကြိုးစားရမယ်။ ကဲ - 
ကမ္ဘာပျက် မှာက သေချာနေပြီ၊ တလ အလိုမှာ အားလုံးက သိပြီး ကြပြီလို့ သဘောထားပြီး မေးခွန်းလေးတွေ ဖြေကြည့်လိုက်ဦးမယ် -

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
မိသားစု၊ ပြီးတော့ တယောက်နဲ့တယောက် အားနာစရာမလိုတဲ့ ရင်းနှီးသူ တစုနဲ့ပါပဲ။ တောထဲတောင်ထဲ တနေရာမှာ စားစရာ ဆန်၊ ဆီ တလစာလောက်နဲ့ သွားနေချင်ပါတယ်။

(၂) ဘာတွေခံစားနေရမလဲ ...
ရှောင်လို့မှ မရတာ သိပ်တော့ ခံစားရမယ် မထင်။ ဒါပေမဲ့ တကယ်ကြုံလာရင် ဘယ်လောက် တည်ငြိမ်မလဲ၊ ဘယ်လောက် တုန်လှုပ်မလဲ သေချာတော့ မပြောတတ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
အဲဒီ တလစာ အတွက် အမြန်ဆုံး ရှာဖွေ စုဆောင်းရမယ်။ အချိန်ကလည်း သိပ်မရှိတော့ဘူးလေ။

(၄) ဝမ်းနည်းမိမှာက ...
ဘာမှ မသိဘဲ၊ ပျော်နေမယ့် ကလေးတွေ အတွက်ပါပဲ။

(၅) ကြောက်လန့်မိတာက ...
ရက်ချိန်းအတိအကျနဲ့ လာမှာကြီးကို ထိုင်စောင့်နေရတာ။

(၆) ဆောင်ထားချင်တာက ...
အဲဒီ တလက သိပ်ရှည်မယ်။
တနေ့စာ တနေ့ ရှာဖွေချက်ပြုတ် နေရတာနဲ့ အလုပ်ရှုပ် နေမယ် ထင်ပေမယ့် အချိန်တွေ ပိုနေသေးရင် ကြောက်စရာ။ စာအုပ်လေး၊ ဖဲထုပ်လေး (ဟောလိဝုဒ်ရိုက်ဖို့ သူက အချိန်ကုန်လွယ်တယ်) ဆောင်ထားမှ။

(၇) ဘာတွေရေးမိမလဲ ..
ဘာမှ ရေးမိမယ် မထင်။ ပြောပဲ ပြောဖြစ်မယ် ထင်တယ်။

(၈) တွေးမိတွေးရာ အတွေး ...
စုံနေမှာပဲ။ ဘဝ တသက်တာကိုလဲ ရုပ်ရှင်ပြသလို ပြန်မြင်မိ မလားပဲ။

(၉) ဂုဏ်ယူချင်တာက ...
တပါးသီလ မြဲနေသေးတာ။ သူတပါး မျက်ရည်ပေါက် ကြီးငယ် ကျပါစေ
တာ့လို့ မလုပ်ခဲ့ဘူးတာ။

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
လူ့သက်တန်း တဝက်မက နေခဲ့ပြီးပြီပဲ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကိုယ်မပျက်ခင် ကမ္ဘာပျက်တယ်။ ကမ္ဘာထက် အကြမ်းခံတဲ့ ... ငါကွ" :P

ကျွန်တော် ရေးတာလည်း နောက်ကျနေတော့
၎ ယောက်ကိုပဲ တဂ်ဆင့်ကမ်း ထားပါတယ်။

တီတီဆွိ
မိုးသံစဉ် ရဲ့ ကမ္ဘာ

Read more...

Oct 27, 2009

ပစ်ထည့်ဟင်း


Photo: chethstudios.net

အခုတလော တီတီဆွိ စတဲ့ ဘလော့ဂ်တွေမှာ ဟင်းချက်နည်းအကြောင်း၊ ပုံလေးတွေ ဝေဝေဆာဆာနဲ့ ရေးကြတာ အားကျလို့ ဟင်းချက်တဲ့ အကြောင်းရေးကြည့်တာပါ။ အပေါ်က ပုံကို ကြည့်ပြီး ပစ်ထည့်ဟင်းက ဒီလောက်ကောင်းလား မမေးကြပါနဲ့၊ အဲဒါက လူစိတ်ဝင်စားအောင် အင်တာနက်က ရှာထည့်ထားတာပါ။ ဘာချက်ထားတာလဲတော့ ကျွန်တော်လည်း မသိပါဘူး။

ဟင်းချက်တာ အတော်အသင့် ဝါသနာပါပါတယ်။ အိမ်မှာကလည်း အမ၊ ညီမ မရှိတော့ အမေ့ကို ကူလုပ်ရင်း ငယ်ငယ်ထဲက ချက်တတ်ပါတယ်။ ဒါပေမယ့် ဆီပြန်တွေ၊ ချဉ်ရည်တွေ ချက်လေ့မရှိပဲ အကြော်လိုမျိုး၊ အသုတ်လိုမျိုး ချက်ရတာ၊ စားရတာ ပိုကြိုက်ပါတယ်။ နောက်တခုက ဘာကိုချက်ရင် ဆီဘယ်နှစ်ဇွန်း၊ ဆားဘယ်နှစ်ဇွန်း မှတ်ထားလေ့ မရှိဘဲ လက်မှန်းနဲ့ ထည့်တတ်ပါတယ်။

ဟင်းချက်တာကို သိပ်မစိမ်းတော့ လူတိုင်း အသား ပြုတ်ကြော်လောက်၊ အသီးအရွက်ကြော် လောက်တော့ ချက်တတ်မယ် ထင်နေတာ။ ပါရမီရှင် ၂ ယောက်နဲ့ တွေ့မှ မှားမှန်းသိပါတယ်။

ပထမဆုံး တယောက်က ရန်ကုန်ရုံးတုန်းက အပျိုကြီးပါ။ (ကျွန်တော့်ထက်တော့ ငယ်တာပေါ့။) ရုံးက စက်မှုဇုံ ခေါင်တဲ့နေရာ ဆိုတော့ ထမင်းဘူး မထည့်လို့ မရ။ နေ့ခင်း ထမင်းစားချိန်ဆို ရုံးကလူတွေ စုစား ကြပါတယ်။ သူ့အမေ ခရီးထွက်သွားတော့မှ သူ့လက်ရာကို မြည်းရတော့တာပါ။ ပထမတော့ ရယ်ဒီမိတ် အထုတ်တွေ ဖောက်ထည့်လာတယ်။ ကျွန်တော်တို့က ဖောက်ထည့်ဟင်း လို့ နာမည်ပေးထားပါတယ်။

တရက်တော့ သူ့လက်ရာ အမဲသားကြော် ထည့်လာပါတယ်။ အားလုံးက အံ့ဩလွန်းလို့ ဘယ်လိုချက်လဲ မေးယူရတယ်။ တပိုင်းက တူးပြီး တပိုင်းက မကျက်ဘူး။ အမရာ ထမင်းတအိုးထဲ သုံးမျိုးရအောင် ချက်သလိုပေါ့။ သူပြောတာတော့ အသားကို အိုးထဲမှာ ရေနဲ့ ဆီနဲ့ထည့်ပြီး ဖိုပေါ်တင် အဖုံးအုပ်ထားလိုက်တယ်တဲ့။ အနံ့ထွက်တော့ ကောက်ထည့် လာတယ်တဲ့။ ဆားတော့ ထည့်ဖို့ မေ့သွားတယ်တဲ့။

နောက်တယောက်ကတော့ စင်္ကာပူကို ကျွန်တော့်နောက် ၃-၄ လ နေတော့ ရောက်လာတဲ့ သူငယ်ချင်းပါ။ ကျွန်တော်နဲ့ အတူနေပါတယ်။ သူငယ်ချင်းတွေချည်း စုနေတာဆိုတော့ ကြုံတဲ့သူ ချက်ပေါ့။ သူ့ အမျိုးသမီး ပြောပြထားတော့ သူ မချက်တတ်မှန်း သိပါတယ်၊ ဒါပေမဲ့ ဘယ်လောက် မချက်တတ်မှန်း မသိဘူး။ တရက်တော့ လွယ်လွယ်ကူကူ ကြက်ဥပဲ ကြော်လိုက်ကွာ ဆိုပြီး၊ သူနဲ့ ဖိုလွှဲခဲ့တယ်။ ကျွန်တော် ပြန်ဝင်လာတော့ သူက ကြက်ဥလေးကို လှည့်ပတ်ကြည့်နေတုန်း။ "ဘယ်နားက ခွဲရမှာလဲ ရှာနေတာ" ဆိုပဲ။

နောက်တခါ သူ အပြင်သွားတာ ကြုံလို့ သံပုရာသီး မှာလိုက်ပါတယ်။ ဆိုင်ရောက်တော့ ဖုန်းလှမ်းဆက်တယ်။ သံပုရာသီး ၂ မျိုးရှိတယ် အစိမ်း နဲ့ အဝါ၊ ဘယ်ဟာဝယ်ခဲ့ရမလဲတဲ့။ ကျွန်တော်လည်း သူ့ကို နောက်ချင်တာနဲ့ "ချဉ်တာသာ ဝယ်ခဲ့ကွာ" လို့ ဖြေလိုက်တယ်။ ကျွန်တော့် အမှားပါ "ငါ ဘယ်လိုလုပ် ချဉ်-မချဉ် သိမလဲ" ... တဲ့။

တရက်ကျတော့ သူကိုယ်တိုင်က တက်တက်ကြွကြွ ငါးပိရည် မစားရတာ ကြာပြီ သူ မြန်မာဆိုင်က ဝယ်ခဲ့မယ်တဲ့။ ပြန်လည်းရောက်လာရော ကျိုပေတော့ ဆိုပြီး စိမ်းစားငါးပိဗူးလေး ထုတ်ပေးပါတယ်။ သူ ဆိုင်ကို "အရည်ဖျော်လို့ရလား" ဆိုပြီး သေချာမေးဝယ် လာတာတဲ့။

သူများ အကြောင်းပြောလို့ ဝတော့ ကျွန်တော့် အကြောင်းပြောပါ့မယ်။ အိမ်ထောင်ကျခါစကတော့ ကျွန်တော့်လေဒီက သိပ်မချက်တတ်တော့ ကျွန်တော်က ဆရာကြီး လုပ်ခဲ့တာပေါ့။ အိမ်ထောင်သက်လေးလည်းရ သူလည်း ကောင်းကောင်းချက်တတ်ရော ကျွန်တော် ရာထူးကျတာပါပဲ။ ကျွန်တော် ဝင်ချက်ရင် ဟိုဟာကို ဟိုလိုလှီးရတယ်၊ ဒီဟာကို အရင်ထည့်ရတယ်နဲ့ ဆရာလုပ်ခံရ တော့တာပဲ။


တကယ်တော့ ကျွန်တော်က တီထွင်စိတ် အပြည့်နဲ့ လက်လှမ်းမှီရာ ကောက်ထည့်တတ်တာပဲ ပြောစရာရှိတယ်။ ဗူးသီးကြော်ရင်း စိတ်ကူးပေါက်ရင် မုန်လာဥနီပါ ထည့်ကြော်တာမျိုး၊ ကြက်ဟင်းခါးသီးကြော်ထဲ ဝက်အူချောင်း ပါလာတာမျိုး လောက်ပါပဲ။ စားလို့ရတာတွေချည်းပဲဟာကို၊ ခုတော့ ကျွန်တော့် ဟင်းတွေကို "ပစ်ထည့်ဟင်း" တဲ့။

Read more...

Oct 13, 2009

ချစ်ရက်ရှည်ရှည်အင်းလျားမြေ

အရင်ဆုံး တွံတေးသိန်းတန် ရဲ့ "ချစ်ရက်ရှည်ရှည်အင်းလျားမြေ" နားထောင် လိုက်ကြပါဦး ...
ပြီးမှ ဆက်ပြောကြတာပေါ့ ...



Green Memory ဆိုတဲ့ ကဗျာလေးတွေ ရေးဖြစ်တော့ ကျောင်းပုံလေးတွေ ပါရင် ပိုကောင်းမယ် ပြောကြပါတယ်။ ကျောင်းပုံ မထည့်ဖြစ်တဲ့ အကြောင်းက ကျောင်းပုံတွေက သိပ်ကို အင်အား ကြီးပါတယ်။ ကဗျာလေးတွေက ပုံကို မမှီမှာ စိုးတာနဲ့ မထည့်ဖြစ်တာပါ။

တကယ်တော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် က မဟုတ်ပါဘူး။ ဒါပေမဲ့ မိန်းထဲမှာ ၅ နှစ်တိတိ ကျင်လည်ခဲ့ပါတယ်။ ရူပက ဆရာတွေကဆို ကျွန်တော့်ကို သူတို့ တပည့်တောင် ထင်နေတာ။ တရက် အခန်းပြင်မှာ စာကြည့်နေတုန်း ဒေါက်တာထွန်းခင်က "တယ်ဟုတ်ပါလား ဘာစာတွေ ကြည့်နေလဲ" မေးမှ သူ့တပည့် မဟုတ်မှန်းသိတာ။

Crist cyan 's Memories ဆိုတဲ့ ဆိုဒ်ကနေ ကျောင်းပုံတွေ ရထားလို့ ဝေမျှလိုက်ပါတယ်။ သူ့ ဆိုဒ်ကိုသွားကြည့်လိုက်ပါ၊ ပုံလဲ ပိုစုံ၊ Resolution လဲ ပိုကောင်းပါတယ်။

"ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာကြဲပြန့်နေ
ကံကော်ပွင့်တွေနဲ့အတူ သူနဲ့တွေ့ရာ ဒီနယ်မြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်တော်မြေ" ဆိုတဲ့ အင်းလျား ...









"စာပေ ဂီတနဲ့သာ အနုပညာ ရသမှာလဲစုံ" တဲ့ အာစီ ...



လိုင်ဘရီလေးလဲ တို့နဲ့ဝေးခဲ့ပြီ၊ ကံ့တော်တန်းလည်း ဘယ်ဆီမသိ ...



ဂျက်ဆင်ထိပ်မှာ လရိပ်သာဆဲလား ...



ဒီလမ်းပေါ်မှာလျှောက်ရင်း ဘ၀လမ်းပေါ်လျှောက်ဖို့ အားမာန်တွေရခဲ့ ...



ကျော်မင်းမောင်ရဲ့ ပန်းချီကို ပြန်မြင်လာတယ်၊ သူ့ လက်သီးကို ဆုတ်ထားဆဲ ...



တည်ငြိမ်တဲ့ အသည်းနှလုံးပိုင်ရှင် ...



ချစ်ရက်ရှည်ရှည်အင်းလျားမြေ သီချင်းအတွက် မဂျုံးစိန် (jonesein @ Myanmar Cupid)
ပုံများအတွက် www.cristcyan.cc.cc တို့ကို ကျေးဇူး အထူးတင်ပါတယ်။

Read more...

Oct 10, 2009

Green Memory (7)

သစ်ပုတ်ပင်

နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ

တင်မင်းထက်
၂ဝဝ၉

Read more...

M4M အလှူ

 စတင်ဖွဲ့စည်းခြင်း

မြန်မာများအတွက် မြန်မာအဖွဲ့ (Myanmar for Myanmars) ဟာ တကယ်တော့ Online Community ကနေ အခြေခံလာတာပါ။ နာဂစ်အပြီးမှာ မြန်မာကျူးပစ်ဖိုရမ်ကနေ တဆင့် အလှူငွေ စုဆောင်းခဲ့ကြပါတယ်။ နာဂစ်ထိခိုက်သွားတဲ့ ဒေသတွေကို ကျပ်သိန်း ၁၃ဝ ကျော် ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီလို ရုတ်တရက် ပေါ်လာတဲ့ သဘာဝဘေးတွေကို ကူညီနိုင်အောင် ရန်ပုံငွေလေး စုဆောင်းထားရန် စဉ်းစားမိကြပါတယ်။ ပြီးတော့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေရဲ့ စားဝတ်နေရေး၊ ပညာရေးကိုလည်း ကူညီသွားမယ်လို့ ရည်ရွယ်ပြီး မြန်မာများအတွက် မြန်မာအဖွဲ့ ကို ၂ဝဝ၈ ဇွန်လ တွင် ဖွဲ့စည်းခဲ့ပါတယ်။

စင်္ကာပူက မြန်မာကျူးပစ်မန်ဘာတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ အများစုက အွန်လိုင်းမှာပဲ သိတဲ့သူတွေပါ။ အဖွဲ့ကိုလည်း အွန်လိုင်းမှာပဲ အခြေခံမယ်၊ လစဉ် မန်ဘာကြေးပေးတဲ့ ပုံစံနဲ့ အဓိက စုဆောင်းမယ်။ မန်ဘာမဟုတ်သူတွေ သီးသန့်လှူဒါန်းတာကိုလည်း လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁။ လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းများ
၂။ မိဘမဲ့ ပြုစုပျိုးထောင်ရေး ဂေဟာများကို အဓိက လှူဒါန်းသွားမယ်လို့ ရည်ရွယ်ခဲ့ကြပါတယ်။

ပထမဆုံး အလှူ


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စိန့်ဖရန်စစ် ကက်သလစ် သီလရှင်များ စောင့်ရှောက်ထားတဲ့ ကလေး ၂၅ ယောက် အတွက် ၄ လ စာ ဆန်ဖိုးငွေ ၆ သိန်း ကို ၇.၉.၂ဝဝ၈ တွင်လှူဒါန်း နိုင်ခဲ့ပါတယ်။ နေ့လည်စာ ဒန်ပေါက်ကိုတော့ မန်ဘာတဦးက သီးသန့် လှူဒါန်းခဲ့ပါတယ်။

ဒုတိယ အလှူ

၁၈.၉.၂ဝဝ၈ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဘုရားသုံးဆူကျောင်းတိုက် မှ ရှင်သာမဏေ နှင့် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေး ပဒေသာပင် ၂ သိန်း + တနေ့စာ ဆွမ်း ထမင်း အတွက် ၁ သိန်း လှူဒါန်းခဲ့ပါတယ်။

ကျောင်းလှူဒါန်းရန် စီစဉ်ခြင်း

အဖွဲ့ သက်တန်း ၆ လ မှာတော့ အလှူငွေ စင်္ကာပူ ဒေါ်လာ ၆၆ဝဝ စုဆောင်းမိကြပြီး၊ စာသင်ကျောင်း တဆောင် နာဂစ်ဒေသမှာ ဆောက်လုပ်လှူဒါန်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။

၁။ အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း ဆောက်လှူမယ်ဆိုရင် သိန်း ၂၁ဝ လောက် ကုန်ကျပါမယ်။ ကျွန်တော်တို့ အလှူငွေ နဲ့ မမှီပါ။

၂။ အစိုးရ အသိအမှတ်ပြု ကျောင်း မရှိခင် ယူနီဆက် အစီအစဉ်နဲ့ ယာယီကျောင်း လှူဒါန်းမယ်ဆိုရင် ယူအက်စ်ဒေါ်လာ ၃ဝဝဝ လောက် ကုန်ကျပါမယ်။ ယာယီဖြစ်လို့ အဖွဲ့ဝင် အများစုက သဘောမတူကြပါ။

၃။ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေကို လှူဖို့ပါ။ ကျောင်းဆောင် တန်ဖိုးကတော့ ကိုယ်တတ်နိုင်သလောက် ချိန်ပြီး လှူနိုင်ပေမယ့်၊ ဝေးလံတဲ့ ဒေသတွေမှာ သွားရောက် ကြီးကြပ် ပေးမယ့်သူ လိုပါတယ်။

ဒဂုံဆိပ်ကမ်း ပရဟိတကျောင်း

ဒီလိုနဲ့ ကြာလာလိုက်တာ ၂ဝဝ၉ ဩဂုတ်လ မှာတော့ မန်ဘာတယောက်လဲ ရန်ကုန်ပြန်ရောက်၊ စီစဉ် ဦးစီးမယ့်သူ ရှိတုန်း ကျောင်းဆောင်တဆောင် ဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ကြပါတယ်။



လှူဒါန်းဖို့ နေရာလိုက်ရှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဘုန်းတော်ကြီးသင် ပရဟိတ စာသင်ကျောင်း တခုမှာ စာသင်ကျောင်းဆောင် လိုအပ်နေတာ တွေ့ပါတယ်။ (ဆရာတော်က သတင်းမကြီး စေချင်လို့ လိပ်စာ အတိအကျကိုတော့ မဖော်ပြတော့ပါ။) ကျောင်းသား ကျောင်းသူ ၃၃၇ ဦး သင်ကြားနေပြီး အများစုမှာ မိဘမဲ့၊ မိဘမစုံ၊ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပါတယ်။



ဆောက်လုပ်လှူဒါန်းမယ့် ကျောင်းက ၄၅ ပေ x ၂၅ ပေ၊ အုတ်စီ သွပ်မိုး ဖြစ်ပြီး ကုန်ကျစရိတ်ကို မြန်မာငွေ သိန်း ၁၄ဝ ခန့် ကုန်ကျမယ် မှန်းကြပါတယ်။ ရရှိထားတဲ့ အလှူငွေရဲ့ ၂ ဆလောက် ဖြစ်နေပါတယ်။ နောက်တခုက အချိန်ပါ၊ လက်ရှိကျောင်းဆောင်ကို ဖျက်ပြီး ဆောက်မှာ ဖြစ်လို့ ၂ လ အတွင်း အပြီးဆောက်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဖြစ်အောင်လှူမယ်၊ လုပ်ငန်းစရင် လှူမယ့်သူတွေ ထပ်ပေါ်လာဦးမယ်၊ အလှူငွေ မလောက်ရင် မျက်နှာကျက် စတာတွေ လျော့မယ်၊ စသည်ဖြင့် ဆုံးဖြတ်လိုက်ကြပါတယ်။

လုပ်ငန်းစတင်ခြင်း



ကျောင်းဆောင် ဆောက်လုပ်ခြင်းကို ဩဂုတ်လ ၂ဝ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မစခင် ရက်ပိုင်းမှာပဲ ထိုင်းက ကျူးပစ်မန်ဘာ တဦးက ဘတ် ၂ဝဝဝဝ လှူဒါန်းပါတယ်။ စင်္ကာပူက မြန်မာ သင်္ဘောသားများက စင်္ကာပူဒေါ်လာ ၅၀ဝ၀ လှူဒါန်း ကြပါတယ်။ ဂျပန်က ကျူးပစ်မန်ဘာများ ကလည်း အလှူငွေ ကောက်ခံပေးမယ် ပြောလာပါတယ်။ (သိန်း ၃ဝ ကျော် ရရှိပါတယ်။)

တော်တော်ကို အားတက်သွားကြပါတယ်။ နောက်တော့ မြန်မာပြည်တွင်းက၊  နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ ဂျပန်၊ စင်္ကာပူ၊ ဂျာမဏီ၊ ဩစတေးလျ၊ အမေရိကန်၊ တရုပ်၊ လာအို၊ ထိုင်း နှင့် အင်္ဂလန် နိုင်ငံတို့မှ အလှုရှင်တွေ ပေါ်လာပါတယ်။ အများစုဟာ လူချင်းမြင်တောင် မမြင်ဖူးတဲ့၊ နာမည်ရင်းလေးတောင် မသိတဲ့ အွန်လိုင်း မိတ်ဆွေတွေ ဖြစ်ကြပြီး၊ ကလေးတွေ ပညာရေး အတွက်ဆိုပြီး ယုံယုံကြည်ကြည် လှူကြတာ ဖြစ်ပါတယ်။

အလှူပြီးစီးခြင်း



အလှူငွေ လုံလောက်သွားပြီမို့ မျက်နှာကျက်၊ ဆေး၊ အခန်းဖွဲ့၊ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံ ဆောက်လုပ် နိုင်ခဲ့ပါတယ်။ အားလုံးပြည့်စုံတော့ စာသင်ခုံတွေပါ လှူနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိကြတယ်။ အချိန်ကိုက်ပါပဲ  မြန်မာဆိုင်ဘာ ဖိုရမ်က စာသင်ခုံ ၁၁ သိန်းဖိုး လှူဒါန်းလာပါတယ်။



စုစုပေါင်း ကုန်ကျငွေ ၁၄,ဝ၆၆,၄၅ဝ ကျပ် ဖြစ်ပါတယ်။ အလှူရှင်များရဲ့ စေတနာ၊ ပြည်တွင်းကနေ ကူညီဆောင်ရွက်များရဲ့ ကြိုးစားမှုတို့ကြောင့် ၂ဝဝ၉ စက်တင်ဘာလ ၁၅ မှာ ကျောင်းဆောင် လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂ဝ မှာတော့ ရေစက်ချ ဆွမ်းကပ်ရင်း၊ ကလေးတွေကို ကြာဇံကြော်ကျွေး၊ စာအုပ် ခဲတံ ထောက်ပံ့ စသည်ဖြင့် လှူဒါန်းခဲ့ပါတယ်။

ဒီ စာသင်ကျောင်းဆောင်ဟာ မြန်မာများအတွက် မြန်မာအဖွဲ့ အတွက် မှတ်တမ်းတင်စရာ အောင်မြင်မှု တခု ဖြစ်ခဲ့ပါပြီ။ ဤကဲ့သို့ လှူဒါန်းခဲ့ရသော ကုသိုလ်ကို ကမ္ဘာအရပ်ရပ်မှ အလှုရှင်များနဲ့ ၃၁ ဘုံ ကျင်လည်ကြသော သတ္တဝါအပေါင်းတို့ကို အမျှ ပေးဝေပါတယ်။



(ဝန်ခံချက်။ ။ မြန်မာများအတွက် မြန်မာအဖွဲ့ ဝဘ်ဆိုဒ် www.m4mcommunity.org နှင့် မြန်မာကျူးပစ်ဖိုရမ် myanmarcupid.net တို့ကို ကိုးကားပါတယ်။)

Read more...

Oct 9, 2009

ကဗျာ


photo: 8minutesold.com
ကဗျာ

ကဗျာကြီးကြီးရေးဖို့
ကမ္ဘာကြီးပါရမှာလား။

ဆင်ကြီးကိုဂဠုန်ချီတဲ့
ကမ္ဘာကြီးကို ငါမချီနိုင်ဘူးကွယ့်။

ကမ်းခြေမှာ ကောက်ရခဲ့တဲ့
ပေါက်စန ကဗျာလေးပါ
တက်မနင်းကြပါနဲ့။

တင်မင်းထက်
ဝ၉.၁ဝ.ဝ၉

Read more...

Oct 6, 2009

ဗဂျီအောင်စိုး


ဗဂျီအောင်စိုး (၁၉၂၄-၁၉၉ဝ)


မြန်မာနိုင်ငံကို မော်ဒန်ပန်းချီနဲ့ မိတ်ဆက်ပေးခဲ့သူ တဦးဖြစ်ပါတယ်။

အပေါ်က ဓာတ်ပုံက သူဆုံးပြီးစက ယုဒသန်မှာ လုပ်တဲ့ အမှတ်တရ ပြပွဲမှာ ရောင်းတဲ့ ပုံပါ (လက်ကိုင်ပုဝါမှာ ဆေးရိုက်ထားတာ)

မနေ့က ဘလော့ဂ်လည်ရင်း imaginarycloudsno2 မှာ ဗဂျီအောင်စိုး ဆိုပြီး လင့်ခ်ပေးထားတာ တွေ့ပါတယ်။ အံ့ဩဝမ်းသာ သွားပါတယ်။ အဆင်အပြင်က အစ တော်တော် ကောင်းတဲ့ ဆိုဒ်ပါ။ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီတွေက စပြီး၊ ဘယ် တုန်းက ဘယ်ကဗျာမှာ ဆွဲထားတဲ့ပုံ စသည်ဖြင့် မှတ်တမ်းနဲ့ တကွ ဖော်ပြ ထားပါတယ်။ ဗဂျီအောင်စိုးရဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ လေးစားသူ လူကြီး လူငယ်များ စုစည်းပြီး လုပ်တဲ့ ဆိုဒ်လို့ ဆိုပါတယ်။




ဒါက Website ပါ ..
http://www.bagyiaungsoe.com/

ဒါက သူတို့ပဲ လုပ်တဲ့ ဘလော့ဂ်ပါ ..

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP