Jun 30, 2009

. . . ချစ်တဲ့ကဗျာ



ကျောင်းတက်စဉ်ကာလ ၁၉၉၀ ကျော် နှစ်များက ကဗျာတွေပါ ..
မနော်ဟရီ ရဲ့ "ကျွန်မချစ်သောကဗျာများ" ဘလော့ဂ်မှာ တင်ထားပါတယ်။

စာအုပ်ဖုံးက ပန်းချီက ဆာရီရယ်လစ် ပန်းချီဆရာ René Magritte ရဲ့ လက်ရာပါ။
ပီဒီအက်ဖ် စာအုပ်လေး သိမ်းထားချင်သူများ ရှိခဲ့ရင် ဒီမှာ ယူလို့ရပါတယ်။

Direct Link    MediaFire

Read more...

Jun 29, 2009

တဖြတ်ထဲ

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ..

တောင်ရွာ နဲ့ မြောက်ရွာ ဆိုပြီး ရွာ ၂ ရွာရှိသတဲ့။ သူတို့ဟာ ရွာချင်းကလည်း ကပ်နေတော့ စီးပွားရေးက အစ၊ အလှူအတန်း အလယ်၊ ကလေးတွေ ထုတ်ဆီးတိုးတာ အဆုံး ကူးလူးပတ်သက် နေကြတာပေါ့။ ဒါပေမဲ့ တောင်ရွာက လူတွေ ကြိုးစားသလောက်၊ မြောက်ရွာက ပျင်းကြသတဲ့။

တနေ့မှာတော့ သူတို့ ၂ ရွာ ပါဝင်တဲ့ ခရိုင်မှာ လှေပြိုင်ပွဲကြီး ကျင်းပသတဲ့။ တောင်ရွာ နဲ့ မြောက်ရွာ လည်း ဝင်ပြိုင် ရတာပေါ့။ ရွာတွေက မြစ်နား ချောင်းနားမို့ လှေနဲ့ မစိမ်းပေမဲ့၊ ပြိုင်ပွဲဝင်ဖို့ ဆိုတော့ စိတ်ကြိုက် ပြိုင်လှေ လိုတာပေါ့။ အဲဒါနဲ့ လှေထွင်းဖို့ သစ်လုံး ရှာကြတော့ တောင်ရွာက အရင် တောထဲ ကို သွားကြတယ်။ သစ်ပင် ကောင်းကောင်း ဖြောင့်ဖြောင့်တပင် တွေ့တော့ ခုတ်ပြီး အဖျားပိုင်းကို ယူသွားတယ်။

မြောက်ရွာကတော့ ငပျင်းတွေဆိုတော့ တောထဲကို နေမြင့်မှရောက်လာပြီး၊ တောင်ရွာက ခုတ်ပြီးကျန်ခဲ့တဲ့ သစ်ပင် အရင်းပိုင်း ကိုလည်း တွေ့ရော "အပင်ပန်းခံ ခုတ်မနေပါနဲ့တော့၊ ဒီမှာ ငါတို့ကံကြောင့် အဆင်သင့် ရတယ်" ဆိုပြီး အရင်းပိုင်းကို ယူလာကြတယ်။ အသီးသီး ပြိုင်လှေထွင်း၊ ပြီးတော့ ပြိုင်ပွဲ ဝင်ကြတာပေါ့။

ပြိုင်ပွဲလည်း ရောက်ရော၊ တောင်ရွာက လှေကလည်းပေါ့ လူတွေကလည်း သေချာလေ့ကျင့်ထားတော့ ရှေ့ဆုံးက ပန်းဝင် သွားတယ်။ လှေကလည်း သစ်ပင် အရင်းပိုင်းမို့ လေး လူတွေကလည်း ပျင်းတဲ့ မြောက်ရွာ ကတော့ နောက်ဆုံးမှာပေါ့။

အောင်ပန်းဆွတ်သွားတဲ့ တောင်ရွာသားတွေက သူတို့လှေနာမည်ကို တပ်ပြီး ..
"ဒိုးကလေး .. ဒိုးကလေး .. တိုင်းလုံးကျော်တဲ့ .. ဒိုးကလေး" လို့ ကြွေးကြော်ကြသတဲ့။

အဲဒီမှာ မြောက်ရွာကလည်း အညံ့ မခံပါဘူး ..
"တဖြတ်ထဲ .. တဖြတ်ထဲ .. ဒိုးကလေးနဲ့ တဖြတ်ထဲ" .. လို့အော်ကြ သတဲ့ကွယ်၊ သူတို့ လှေ ၂ စင်းက တပင်ထဲက ဖြတ်လာတာကိုး။

x x x x x x x

ဆရာအော်ပီကျယ် ရဲ့ ကာတွန်းတစ်ခု ကိုလည်း မှတ်မိနေတယ်  ..

လက်ဘက်ရည်ဆိုင်မှာ အဖိုးကြီးတစ်ယောက်က လူငယ်လေးကို ..
"ဟိုပါမောက္ခကြီးသိတယ် မဟုတ်လား၊ ငါနဲ့ သူငယ်တန်းတုန်းက တခန်းထဲ"
"ဟို အရာရှိကြီးရော၊ ငါသူငယ်တန်းတုန်းက သူက မူကြိုရှိသေးတာ" .. နဲ့ ကြွားနေတာ။

"ဒါနဲ့ ဘကြီးကရော .." လို့မေးလိုက်မှ ..
"ဟီး .. ငါက သူငယ်တန်း မအောင်ဘူး" တဲ့။

x x x x x x x

ဘလော့ဂ်သက် ကလေးက ၁၀ ရက်လောက် ရှိလာ။ သူငယ်ချင်းတွေကလည်း ကောင်းပါတယ် ဘာညာ အားပေး (မြှောက်ပေး) ကြတော့။ ကိုယ့်ဖာသာ "ငါလည်း .. မဆိုးပါဘူး" ထင်လာပြီး -

"တဖြတ်ထဲ .. တဖြတ်ထဲ .. မိုးချိုသင်းနဲ့ တဖြတ်ထဲ"
"တဖြတ်ထဲ .. တဖြတ်ထဲ .. မနော်ဟရီနဲ့ တဖြတ်ထဲ" ..

စသည်ဖြင့် ကြွေးကြော်ရင် ကောင်းမလား စဉ်းစားနေမိတယ်  ..။

တင်မင်းထက်
၂၉.ဝ၆.ဝ၉

(မြန်မာကျူးပစ်ဖိုရမ် တွင် ရေးဖူးသည်ကို ပြန်လည်တည်းဖြတ်ထားပါသည်။)
(ပုံပြင်မှာ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်ဖြစ်လို့ ရေးသူ မမှတ်မိပါ။ )

Read more...

Jun 26, 2009

Green Memory (2)

အဓိပတိလမ်း

ဖြောင့်စင်းတဲ့လမ်းမရဲ့အဆုံး
ကွေ့ကောက်လှိုင်းထန်ဘဝတွေ
ပြန်လှည့်မရတော့ဘူး

တင်မင်းထက်
၂၀၀၉

Read more...

Jun 23, 2009

Green Memory (1)

တောင်ငူကန်တင်း

တောင်ပိန္နဲပင်အောက်မှာ
အယ်ဒီတာစားပွဲ၊ ပုံနှိပ်စက်၊ ဖြန့်ချီရေး
ကဗျာမြစ်များ ဆုံဆည်း​ဝေးကွာ

တင်မင်းထက်
၂၀၀၉

Read more...

Jun 19, 2009

သူရဲကောင်း

တကိုယ်တော် လွတ်မြောက်ရေး
ကလေးတွေ ပညာရေး၊ မိသားစု လုံခြုံရေး
အမျိုးမျိုး အကြောင်းပြချက်တွေနဲ့
သန်းခေါင်စာရင်း အစစ်မခံရတဲ့အရပ်မှာ
အခြေချဖြစ်ပါတယ်

အရိပ်ခိုခဲ့ပါတယ်..
အသီးစားခဲ့ပါတယ်..
ရယူခဲ့တာက အများသား
ပြန်ပေးဆပ်ခဲ့တာက ခပ်ပါးပါး
ဒါပေမဲ့..
အမိမြေကို အကိုင်း မချိုင်ခဲ့ဘူး
အမိမြေကို သင်း မသတ်ခဲ့ဘူး

ဪ..
သူရဲကောင်း ဆိုတာက
ကျွန်တော့်အကြောင်း မဟုတ်ပါဘူး

အချစ်၊ မိသားစု၊ အလင်းရောင်
ဘဝတခုလုံး မြှုပ်နှံ
စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
အားလုံးအတွက် အနစ်နာခံ
ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ

တင်မင်းထက်
ဝ၄.ဝ၆.ဝ၉

(မြန်မာကျူးပစ်တွင်ဖော်ပြပြီး ..)

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP