May 16, 2016

ကျောက်တုံးတွေထဲ

ကားဟာ အမြန်လမ်းမပေါ်မှာ
အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေဆဲ
အပြင်ဘက်မှာက သိပ်မှောင်မည်း
အမှတ်တရ ပစ္စည်းတွေ
မပြောဖြစ်ခဲ့တဲ့ စကားတွေ
လေထဲပျံဝဲ
အချိန်မှတ်မျဉ်းဟာ ဘယ်ဆီမှာလဲ

အစပိုင်းမှာတော့ မိုးကတဖွဲဖွဲ
ပင်လယ်ကို ဖြတ်ရတော့မယ်ဆိုမှ
သဲသဲမဲမဲ
ကိုယ်ဖြတ်ဆင်းခဲ့တဲ့ မြက်ခင်းကို
မင်းလည်း ထပ်တူနင်းလျှောက်ခဲ့မှာပဲ
ဒါပေမဲ့ ဘယ်ရာစုနှစ်မှာလဲ

ခရမ်းရောင် ပန်းကလေးတွေက
ပွင့်ကြမြဲ ကြွေကြမြဲ
မင်းပန်ခဲ့သလား ကိုယ်ခူးပေးခဲ့သလား
စိတ်ကူးထဲမှာ ဘာမှမသဲကွဲ
တောင်တန်းရဲ့ မိုးရေလို
တိမ်တိုက်နဲ့ လေပြေလို
ကိုယ်တို့ ဘယ်တော့ပြန်ဆုံကြမှာလဲ

တင်မင်းထက်
၂၀၁၆

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP