Dec 23, 2013

နောက်ထပ်သကြားလုံး

ဒါပြီးရင် နောက်ထပ်တခု
အကန့်အသတ်တခုခု
အခက်အခဲတခုခု
စွဲဆောင်မှုတခုခု
ပျင်းရိဖွယ်နေ့များမှ ထွက်ပြေးရင်း
ပျင်းရိဖွယ် ချောင်ပိတ်မှုနောက်တခု
သေသေချာချာ လွဲချော်မှုတခု
မရေမရာ အဆင်ပြေမှုတခု
ချိန်းဆိုထားတဲ့ ပျက်ကွက်မှုတခု
ပျော်ရွှင်ဖွယ် တေ့လွဲမှုနောက်တခု
ရင်ခုန်စရာမရှိတဲ့ လွယ်ကူမှုနောက်တခု
ဒါပြီးရင်
ဒါမျိုး နောက်ထပ်တခု။

တင်မင်းထက်
၂ဝ၁၃

(Thanks to 4D)

Read more...

ရောင်စုံသကြားလုံးများ (Candy Crush Saga)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ရောင်စုံသကြားလုံးလေးတွေ ကျလာ
ဘာရောင်ဖြစ်မလဲတော့ ကြိုမသိနိုင်
အရွှေ့အပြောင်းပုစ္ဆာများက တခါတရံသိပ်လွယ်
မဖြေရှင်းနိုင်တဲ့အခါတွေလည်းရှိတယ်။

မပျော်နိုင်တဲ့ ရေခဲများ
မတော်တဆ ဆုကြေးများ
အပြန်အလှန် လက်ဆောင်များ
နယ်မြေသစ်ကိုကူးဖို့ တံတားများ။

သေချာတာတခုကတော့
လက်ထဲမှာရှိတဲ့ သကြားလုံးလေးတွေကို
အမြန်ဆုံးကုန်အောင် သုံးလိုက်ဖို့ပါပဲ။

တင်မင်းထက်
ဝ၂ဝ၂၁၃

Read more...

ဧကရာဇ်တို့ရဲ့ခေတ် (Age of Empires)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

သစ်တောတွေ အပြိုင်ခုတ်ကြ
ရွှေတွင်းတွေ အပြိုင်တူးကြ
မြို့ပြ အပြိုင်ထူထောင်ကြ
နည်းပညာ အပြိုင်မြှင့်တင်ကြ
တက္ကသိုလ်တွေ အပြိုင်ဆောက်ကြ
ဘုရားကျောင်းတွေ အပြိုင်တည်ကြ။

နောက်ဆုံးကြတော့လည်း
ပြိုင်ဖက်မြို့ပြကို ဖျက်ကြ
ပြိုင်ဖက်ရဲတိုက်ကို ဖြိုကြ
ပြိုင်ဖက်ဘုရင်ကို သတ်ကြ။

စစ်ပြိုင်ကြတယ်ဆိုပေမယ့်
ခေတ်အနိုင်ရဖို့ လိုပါတယ်။

တင်မင်းထက်
ဝ၄ဝ၂၁၃

Read more...

မိုင်းရှင်းသမား (Minesweeper)

တကယ့်လက်တွေ့နဲ့ ကစားပွဲများအကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

၉ဝ ရာခိုင်နှုန်းက
ကျွမ်းကျင်သေချာတဲ့ တွက်ချက်မှု
၁ဝ ရာခိုင်နှုန်းက
ကံကိုသာ လုံးဝပုံထားရ။

တကွက်ပြီးတကွက် ရှင်းလင်းလာခဲ့သမျှ
ရှုံးနိမ့်ဖို့ကြတော့ အမှားတချက်သာ။

တင်မင်းထက်
ဝ၄ဝ၂၁၃

Read more...

စက်ဘီးစတန့် (Stunt Bike Island)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကွင်းပြင်ကျယ်ထဲမှာ စက်ဘီးစီးရတာလောက်
စိတ်လွတ်လပ်တာရှိဦးမှာလား
တောင်ကမူလေးတွေပေါ် ဆင်းလိုက်တက်လိုက်
ပန်းတွေနဲ့ ရေတွေနဲ့ တိမ်တွေနဲ့။

ကွင်းပတ်မောင်းရတဲ့ ပြိုင်ပွဲတွေလို
ညည်းငွေ့ဖွယ်ရာ မရှိ
လမ်းကြမ်းမောင်း ပြိုင်ပွဲတွေလို
အတိုက်အခိုက်တွေလည်း မရှိ
အပြိုင်အဆိုင် အစွမ်းပြဖို့
ပြိုင်ဖက်တောင်မှ မရှိ။

ဒါနဲ့တောင်မှ
ကိုယ့်ဖာသာကိုယ်ဂျွမ်းထိုးပြနေရတာနဲ့ပဲ
ရှုခင်းတွေလှပခဲ့မှန်းမှ မသိတော့။

တင်မင်းထက်
ဝ၅ဝ၂၁၃

Read more...

ဂေါ်လီခုံ (Pinball)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

မီးရောင်စုံတွေ လင်းလို့လက်လို့
ကံကောင်းတဲ့ ထိချက်တိုင်းမှာ
အမှတ်တွေက သံစုံမြည်လို့။

တကယ်တော့
အချိန်ဖြုန်းခြင်းသက်သက်မျှသာ။

တင်မင်းထက်
ဝ၄ဝ၂၁၃

Read more...

ဘောလုံးမန်နေဂျာ (Football Manager)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကိုယ်အားပေးတဲ့ အသင်းကို
မန်နေဂျာလုပ်ခွင့်ရတာကိုက
ကြီးမားတဲ့ ဆွဲဆောင်မှုတခုပါပဲ။

ရှေ့တန်း ၁၁ ယောက်နဲ့ အသင်းဖွဲ့လို့မရသလို
ကံကြမ္မာဆိုတာက ကွင်းတွင်းကွင်းပြင်နေရာတကာ
ဒိုင်ဆိုတာကလည်း မကြာခဏမှားတတ်သေးတယ်။

ဆုဖလားများ
အနိုင်အရှုံးများ
လက်ခုပ်သံများ
တန်းဆင်းတန်းတက်များ။

အဆိုးဆုံးအပိုင်းကတော့
ကိုယ်ကြိုက်တဲ့ ကစားသမားတွေကို
ရောင်းရောင်းစားရတာပဲ။

တင်မင်းထက်
ဝ၃ဝ၂၁၃

Read more...

မျိုးနွယ်စုစစ်ပွဲများ (Tribal Wars)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကမ္ဘာသစ်စတယ်ဆိုတာနဲ့
ရွာသေးသေးလေးကနေ အင်အားစု
ပြီးရင် နယ်မြေချဲ့ရတော့တာပဲ။

ပျင်းရိဖွယ် စောင့်စားခြင်း
စက္ကန့်ပိုင်းအထိတိကျတဲ့ ဆုံးဖြတ်မှု
နယ်မြေအနေအထား အကွာအဝေး
အားလုံးဟာ သူ့နေရာနဲ့သူ။

မျိုးနွယ်စုတွေ ဖွဲ့လိုက်ပျက်လိုက်
ရန်သူနဲ့မိတ်ဆွေ ပြောင်းလွယ်ပျက်လွယ်
ပရိယာယ်နဲ့သစ္စာ ရေလိုက်ငါးလိုက်။

အရိုးရှင်းဆုံး စာလေးတစောင်က
စစ်ပွဲကြီးတခုကိုရှောင်လွှဲနိုင်ကြောင်းလည်း
အသေအချာသိခဲ့ရပါတယ်။

တင်မင်းထက်
ဝ၂ဝ၂၁၃

Read more...

May 29, 2013

မဖွဲ့နွဲ့ကြကြေး

ရီဖို့မောဖို့
ဒီလောက်ပြင်းထန်တဲ့စကားလုံးတွေ လိုလို့လား။

ငိုဖို့ကြွေးဖို့
ဒီလောက်သိုင်းဝိုင်းတဲ့ဇာတ်ကွက်တွေ လိုအပ်လား။

အရယ်ရဆုံးပြက်လုံးတွေဟာ
ငါတို့ရဲ့ ဘဝတွေကို
အမှန်အတိုင်းပြန်ပြောပြတာပါ။

အငိုရဆုံးဇာတ်ဆိုတာကလည်း
ငါတို့ရဲ့ အဖြစ်အပျက်တွေကို
အရင်းအတိုင်းဖောက်သည်ချတာပါပဲ။

မီးပေါင်လေး နည်းနည်းလျော့လိုက်
အရောင်လေး နည်းနည်းချလိုက်
ငယ်ငယ်တုန်းကလက်ဖက်ရည်ဆိုင်ကိုပဲ
သတိရမိတော့တယ်။

တင်မင်းထက်
(၂ဝ၁၃)

Read more...

အာလူးကောက်သူများ

မသိနားမလည်ခြင်းဟာ
တခါတခါ အရသာရှိပါတယ်။

ကော်ဖီစစ်စစ် မစစ်စစ်
ကော်ဖီမစ်ပဲ စွဲနေလေတော့
ဘဝကို လွယ်လွယ်ကောက်မော့လိုက်။

အပျော်ဖတ်တွေဆိုတာက
တကယ်ပျော်ဖို့ကောင်းပြီး
ရောင်းတန်းဝင်ပန်းချီကားတွေကလည်း
ရောင်းပန်းဝယ်ပန်းလှတယ်။

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း
ဘာတခုမှ မမြည်းစမ်းခဲ့ရတော့
ပြန်ပြန်နွှေးပြီးကျွေးတဲ့ ကတိတွေက
ဝါးရင်း ဝါးရင်း ချိုမြလာသလိုလို။

ခပ်နက်နက်တူးကြည့်လိုက်ရင်
ရွှေထွက်မှာလား မြွေထွက်မှာလား
မစဉ်းစားချင်တော့တဲ့အခါ
အာလူးသီးတွေသာ ပိုက်ပြန်လာခဲ့ရ။

တင်မင်းထက်
၂ဝ၁၃


 (Idea, June 2013)

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP