Jun 23, 2010

မိုးတိမ်တမန်

မိုးတိမ်တမန်

မိုးစက်တွေကို အမြန်ထုပ်ပိုးပြီး
သင့်ခရီးကိုစပါတော့ အဆွေမိုးတိမ်
အလျင်လိုချိန်မှာရောက်မလာတတ်တဲ့ ရထားလို
ဒီနှစ်မှာ မုတ်သုန်နောက်ကျခဲ့ပြီ ...

ပက်ကြားအက်နေတဲ့လျှာတွေက
သင့်နာမည်ကိုရွတ်ဆို
သစ်ကိုင်းခြောက်လက်တွေကိုဆန့်တန်းလို့
သင်ချစ်တဲ့သူတွေကြိုနေကြတယ် ...

နေ့ဘက်မှာလိုတာထက်ပိုလင်းပြီး
ညဘက်မှာလိုတာထက်ပိုမှောင်လို့
သင့်ကိုချစ်သူတွေငိုနေကြပြီ ...

ရေ ပေးပါ ... တဲ့
ရေငန်ပေါက်နေတဲ့ ကန်ပျက်တွေကပြောတယ်
ရေ ပေးပါ ... တဲ့
ပဲခူးက ရိုးခြောက်ကွင်းတွေကပြောတယ်
ရေ ပေးပါ ... တဲ့
အညာဒေသရဲ့ တောင်ကတုံးလေးကပြောတယ်
ရေ ပေးပါ ... တဲ့
အင်းလေးလွင်ပြင်ဖြစ်မှာကြောက်နေရှာတဲ့
အင်းလေးကန်ကြီးကပြောတယ် ...

ဒီရာသီအတွက် သင်စုဆောင်းထားတဲ့
ဝန်စည်ရိက္ခာတွေ မလုံလောက်မှာစိုးလို့
သင့်မိတ်ဆွေတွေရဲ့ ချွေးစက်လေးတွေကို
စုပေါင်းပြီး ထည့်ပေးလိုက်ချင်ပါတယ် ...

အဝေးကသားသမီးတွေရဲ့ သတင်းစကားတွေကိုလည်း
သူတို့ရဲ့အမေတွေနဲ့ သူတို့အားလုံးရဲ့အမေအတွက်
သယ်ဆောင်သွားပေးပါလား အဆွေမိုးတိမ် ...

အရင်ကဆို
သင်ချစ်တဲ့ ရိုးမတောင်တန်းကြီးတွေမှာ
သစ်တောတွေ စိမ်းစိမ်းစိုနေတာတွေ့ရင်
ဝမ်းသာလွန်းလို့ သင်ငိုခဲ့ရတယ်
သင်ငိုလို့လည်း သူတို့စိမ်းစိုခဲ့တယ် ...

ခုတော့
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ပေစာထုပ်တွေလို
ခြောက်သွေ့ညိုမောင်း တောင်တန်းတွေကို
လောဘကြောင့် အကြောက်တရားကြောင့် တူးဆွထားတဲ့
ပိုးထိုးပေါက်တွေ ဗလပွနဲ့ မြင်ရရင်
သင်ငိုမိပေဦးမယ် ...

ဒါပေမဲ့ ငိုသာ ငိုပါ အဆွေမိုးတိမ်
တချိန်မှာ တောင်တန်းတွေနိုးထနိုင်ဖို့
သင်ငိုဖို့လိုပါတယ် ...

တရပ်တပါးကို သူရင်းငှားလိုက်ရတော့မှာမို့
ရေလှိုင်းသံ ခိုးခိုးခစ်ခစ်လေးတွေတိတ်ဆိတ်
ကြိတ်ငိုနေရှာတဲ့ ဧရာဝတီကိုလည်း
သင့်မိုးစက်လေးတွေနဲ့ ထွေးပွေ့ယုယလိုက်ပါဦး
အဆွေမိုးတိမ် ...

နှစ်ပေါင်းရာချီ စောင့်ထိန်းခဲ့တဲ့
ဣနြေ္ဒပျက်ယွင်းခဲ့ရသူ ပုဂံမြို့ကိုလည်း
သူ့အပြစ် တစုံတရာမရှိတဲ့အတွက်
မျက်နှာကိုမော့ထားဖို့ ပြောပေးပါ
အဆွေမိုးတိမ် ...

ခြောက်သွေ့တဲ့မြေသားကို ထွန်ရေးလှအောင်ပြင်ရင်း
သင့်အရိပ်အယောင်လေးများ မြင်ရမလားမလို့
ကောင်းကင်ကိုငေးနေသူတွေအတွက်
ပြုံးပျော်နေတဲ့ မိုးစက်တွေပေးလိုက်ပါ ...

အင်းလျားရေပြင်အောက်မှာ
သိမ်းထားတဲ့ကံကော်တွေကိုရေတွက်ရင်း
ငိုကြွေးနေတဲ့ မိုးတွေရွာလိုက်ပါ ...

အင်းလျားကန်စပ်တနေရာမှာ
တည်ငြိမ်ရဲရင့်တဲ့အိမ်အိုကြီးတလုံးကိုတွေ့ရင်
သူ့ကို ချစ်ခင်ယုံကြည်နေဆဲပဲဆိုတာကိုလည်း
ပြောပြလိုက်ပါ အဆွေမိုးတိမ် ...

ကြိုးပြတ်သွားတဲ့ ပုလဲကုံးလို
ကမ္ဘာ့ဒေါင့်တနေရာစီရောက်နေကြတဲ့
သားသမီးတွေရဲ့လက်ဆောင်
ကန္တာရရဲ့ နှင်းစက်
သမုဒ္ဒရာရဲ့ ဝဲဂယက်
တောင်ပေါ်စမ်းချောင်းလေးတစင်းနဲ့
သွေး ချွေး မျက်ရည်စက်တွေကို
မိုးစက်တွေအဖြစ် ရွာသွန်းဖြိုးပေးပါတော့
အဆွေမိုးတိမ် ...

တင်မင်းထက်
ဇွန်၊ ၂ဝ၁ဝ

15 comments:

Myue Myue June 23, 2010 at 2:18 PM  

Really love this poem bro.. Let me upload to my facebook wall.. :)

yokegazoe June 23, 2010 at 2:38 PM  

Thanks for such a good poem

Anonymous,  June 23, 2010 at 3:00 PM  

Really Good poem..

We feel it..

johnmoeeain June 23, 2010 at 6:09 PM  

မုတ်သုန်ရယ်
နရီမမှန် နောက်ကျပေမယ့်
အရောက်တော့လာဖို့
မျှော်လင့်တယ်

tin min htet June 23, 2010 at 8:04 PM  

တလောက ရန်ကုန်ဘဆွေ နဲ့ ဦးသော်ဇင် ဘာသာပြန်တဲ့ "မေဃဒူတ" ကို ဖတ်ဖြစ်တယ်။ အဲဒီလို ပုံစံမျိုး ကဗျာတပုဒ်ရေးချင် နေမိတယ်။

http://aungdin.blogspot.com/
ကိုအောင်ဒင် ရဲ့ "ကျွန်တော်ချစ်တဲ့ ကခြေသည်ကလေး" ကိုဖတ်မိတော့ ဒီကဗျာကို ရေးဖြစ်သွားတယ်။ ကျေးဇူးပါပဲ။

လင်းဒီပ June 23, 2010 at 9:11 PM  

ကောင်းတယ်အစ်ကို ...။
ကျွန်တော်လည်း ဟိုတစ်နေ့က "ကျွန်တော်ချစ်တဲ့ ကခြေသည်ကလေး" သွားဖတ်မိတယ် ။
အခု “မိုးတိမ်တမန်” ..
နှစ်ခုလုံး ရှယ်တွေ ချည့်ပဲ...။

အစ်ကို ကဗျာထဲမှာ အော်အော်ပြောလိုက်တဲ့ နာကျင်ကြေကွဲသံတွေ ကြားရတယ် ။

Aung Din June 23, 2010 at 10:00 PM  

ကိုတင်မင်းထက်၊ ရင်ကိုမှန်တဲ့ ကဗျာလေးပါဗျာ၊ ကြေကွဲရပါတယ်၊

အောင်ဒင်

Nay Lin June 23, 2010 at 10:58 PM  

အင်းလျားရေပြင်အောက်မှာ
သိမ်းထားတဲ့ကံကော်တွေကိုရေတွက်ရင်း
ငိုကြွေးနေတဲ့ မိုးတွေရွာလိုက်ပါ ...

အမှိုက်သရိုက်တွေပါတိုက်ချ..သယ်ဆောင်သွားပါမိုးရေ..

ကြိုက်တဲ့ကဗျာ..

ဂျစ်တူး ( မုံရွာ ) June 23, 2010 at 11:39 PM  

ကိုတင်မင်းထက်---ရေ
ကဗျာကလေးကိုကြိုက်လို့ မေးတွေကနေ ဖြန့် ခွင့် ပြုပါ
ဗျာ-ဘလောက်လိပ်စာပါတခါတည်းညွန်းလိုက်ပါ့ မယ်-
ရွေဦးနှောက်ဆိုတာဒါထင်ပါရဲ့ -
ဘလောက်ကလေးလာလည်ရင်းနဲ့ သတ်ပုံပြင်ပေးခဲ့ တာ
ကျေးဇူးတင်ပါတယ်အကို-ဂျစ်တူးစီမှာရေးတော့အမှန်ဘဲဗျ
သူများကွန်မြူတာရောက်တော့မှတမျိုးဖြစ်သွားတာ-ဂျစ်တူး
ကွန်မြူတာမှာတခုခုလိုနေတာလားပိုနေတာလားမသိပါဘူး
ဗျာ-

ရွှေရတုမှတ်တမ်း June 24, 2010 at 8:03 AM  

အို..အသင်မိုးတိမ်
ဤကဗျာကို အသင်ဖတ်ရှုနိုင်ပါစေ...

တင်မျိုးထက် June 26, 2010 at 8:24 PM  

သင့်အရိပ်အယောင်လေးများ မြင်ရမလားမလို့ --> သင့်အရိပ်အယောင်လေးများ မြင်ရမလားလို့

မေးလ်ထဲမှာစဖတ်ရတုန်းက မင်းကဗျာ မဟုတ်သလိုပဲ
ကောင်းတယ်။

MinT,  June 26, 2010 at 9:28 PM  

လက်တွေတက်နေပါလား။
မျိုးထက်ပြောသလို မင်းမဟုတ်တဲ့အတိုင်းဘဲ

MANORHARY June 27, 2010 at 6:49 PM  

တင်မင်းထက် စတိုင်လ်မဟုတ်ပေမယ့် တင်မင်းထက် လက်ဆိုတာတော့ ခံစားလို့ရတဲ့ ကဗျာတစ်ပုဒ်ပါ။ ခုမှ ဒီမှာလာရေးလို့ရပေမယ့် ပြောခဲ့သလို မနက်စောစော ခံစားချက်တွေ နင့်သွားအောင် ပေးနိုင်တဲ့ ကဗျာပါပဲ ..

Anonymous,  June 29, 2010 at 3:03 PM  

ကိုတင်မင်းထက်ရေ ကျွန်တော်ရောက်ခဲ့ကြောင်း။

Anonymous,  June 29, 2010 at 3:16 PM  

aungpaingsoe
ကိုတင်မင်းထက်ရေ ကျွန်တော်ရောက်ခဲ့ကြောင်း။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP