Dec 23, 2013

သည်မိုးသည်လေ

ကောင်းကင်ယံ သည်မြေကြီးနဲ့
ရင်းနှီးခဲ့ ချစ်ခဲ့တယ်။

စိတ်ကူးယာဉ်
လေနှင်ရာ လွှင့်ချင်စမ်းသာပါ့
ဆိပ်ကမ်းကို ရောက်အောင်လှမ်းခဲ့
ပန်းပွင့်တွေသယ်။

ယုံကြည်ချက် ကွဲအက်လွယ်ရင်ဖြင့်
သစ်ပင်တွေ မြေနဲ့ဝေး
ဆိုမယ့်တေးလည်း ပျောက်ရတာ။

ကြယ်ကြွေခေတ်
နစ်ခဲ့တဲ့ နှစ်တရာ
အပြစ်သာ ထပ်ခါပျိုးရင်တော့
အဆိုးတွေ မြေမှာလွှမ်းလို့
ကမ်းမမြင်သာ။

တင်မင်းထက်
၂ဝ၁၃

Read more...

ဇာတ်ညွှန်း

လူစွမ်းကောင်းက
ဓါးသိုင်းကပြနေစရာ မလို။

လူဆိုးဗိုလ်ဆိုမှတော့
လူဆိုးဗိုလ် ပီပီသသ
မြင်းကို ဒုန်းစိုင်းစီးပြ (နောက်ပြန်)
လူ ၁ဝဝ သတ်ပြ (၂ မိနစ်အတွင်း)
သွေးအေးအေးနဲ့ထိုင်နေ (သစ်ပင်ထိပ်ဖျားမှာ)
ပြီးတော့
အသံနက်ကြီးနဲ့ရယ် (နှုတ်ခမ်းတဖက်မဲ့ရင်း)။

စာပေသမားဝတ်စုံအဖြူနဲ့
ဒါဏ်ရာတခုမှ မရခဲ့သလိုမျိုး ရောက်လာ
ယပ်တောင်ကို တချက်ခတ်
(ဒါမှမဟုတ်)
အသံမဲ့တဲ့ လှုပ်ရှားမှုတခုခုမှာ
ဝတ်စုံနက် ဒူးထောက်လဲကျသွား။

ကလေး လူကြီး ကြည့်ချင်ကြတဲ့
ဇာတ်သိမ်းခန်းကတော့ ဒီအတိုင်းပါပဲ။

တင်မင်းထက်
၂ဝ၁၃

Read more...

အနှေးကောင်

မြန်လွန်းလို့  ဘယ်သူမှ
ဖမ်းလို့ မရနိုင်သလို
နှေးလွန်းတော့လည်း
ဘယ်သူကမှ မဖမ်းချင်ကြ။

အနှေးကောင်အကြောင်း
တောင်ခြစ်မြောက်ခြစ်ရင်းနဲ့ 
စိတ်ကူးတို့  နှေးနှေးလာ
ကဗျာကောင်းတာ မကောင်းတာ
လူကြိုက်များတာ မများတာ
ဘာတွေ မရိုးသားချင်တာလဲ။

လျှစ်ကနဲ လျှစ်ကနဲ
မမြန်နိုင်မှတော့
နှေးနှေးကွေးကွေး ရှင်သန်
တချိန်ချိန်မှာ သေဆုံး
ဒါပဲပေါ့
အနှေးကောင် ဆိုတာ။

တင်မင်းထက်
၂၀၁၃

Read more...

လည်ပတ်

ကျွန်တော်က ပျင်းစရာကောင်းတဲ့
သင်တန်းခန်းမထဲမှာ။

အပြင်ဘက် ရေကူးကန်က
ကလေးသံတွေ ကြားနေရ။

ခွေးသွားစိတ်တခုဟာ
ယန္တရားတခုလုံးနဲ့ 
ပြောင်းပြန်လည်ဖို့ ကတော့
မလွယ်လှဘူးပေါ့။

ဆူဆူညံညံနဲ့  ကလေးတွေကရော
အသံမထွက်တဲ့ ခွေးသွားစိတ်တွေ
ဖြစ်လာကြမှလား။

တင်မင်းထက်
၂၀၁၃

Read more...

ည

ကြယ်တွေတွက်ရေ
မိုးလိုကြွေတော့
ဆုတွေကိုလည်း မတောင်းရဲ။

တင်မင်းထက်
၂ဝ၁၃

Read more...

လှိုင်း

ကြာပင်ကြိုကြား၊ လေငြိမ်သွားလည်း
ရွှေငါးလေးတွေ အစာရှာ။

တင်မင်းထက်
၂ဝ၁၃

Read more...

လက်ဖက်ရည်ဆိုင်

နေ့စဉ်သုံးစကားတွေ
တောင်စဉ်ရေမရ ပြောကြ

မရှိမဲ့ရှိမဲ့ စိတ်ကူးစိတ်သန်းတွေကို
ပုံကြီးချဲ့ ရယ်မောနှိပ်ကွပ်ကြ

ပြောရင်းငြီးငွေ့သွားတော့
အစကနေ နောက်တခေါက်ပြန်ပြောကြ

ငယ်ငယ်ကလက်ဖက်ရည်တခွက်ကို
၂ ခါပြန်ပြီး မသောက်နိုင်ဘူးဆိုလား

တင်မင်းထက်
၂ဝ၁၃

Read more...

ပန်းတို့ပွင့်စေ

သူငယ်ချင်းရဲ့ ခြံထဲမှာ
အသီးတွေဝေနေတဲ့ လိမ္မော်ပင်ရှိတယ်။

ဆရာမရဲ့ အိမ်နားကို
လူမကြောက်တဲ့ သမင်လေးတွေလာကြ။

ကလေးလေးတွေ
ကိုယ့်အပင်က အသီးတွေပိုက်လို့
လမ်းထဲမှာလိုက်ဝေကြတဲ့ နေရာ
ငါတို့ကမ္ဘာကိုဖြစ်စေချင်ပါတယ်။

တင်မင်းထက်
၂ဝ၁၃

Read more...

မှော်ကန့်လန့်

အဘိဓာန်ထဲကို
ဓားဦး ထိုးစိုက်လိုက်တယ်
အစမရှိ အဆုံးမရှိ ကဗျာ။

တစ်ရှူးက ၂ ထုပ်
သတင်းစာက ၁ စောင်
ဘူတာမှာ အလကားရလာတဲ့ ကဗျာ။

မြောက်ကိုရီးယား ဒုံးဆန်
မှန်ရှာတဲ့ အိန်ဂျလီနာ
အသစ်စက်စက်သတင်းများ ကဗျာ။

ဘဝဆိုတာ လိင်နဲ့လိမ်တာပဲ
ဘုရားသခင်နဲ့ ကြွေအန်ကစား
ကမ္ဘာကြီးကိုကန်သွင်းလိုက်တဲ့ ကဗျာ။

တသက်တာ မိုက်လေသမျှ
ဒီနွေဦးမှာ ခဝါချလိုက်သတဲ့လား
ဒီကချစ်လိုက်ရတာ ကဗျာ။

ဘာလာလာ
ကပျာကယာ
မှော်ထပေါက်တဲ့ ကဗျာ။

တင်မင်းထက်
၂ဝ၁၃

Read more...

စစ်ပွဲ

စစ်ဖြစ်မှတော့ တိုက်ရတော့မယ်
သမားရိုးကျ စစ်ဗျူဟာတွေနဲ့တော့
ဒီခေတ်မှာ မတိုက်ချင်တော့ဘူး

ရန်သူကိုအသေသတ်ဖို့ထက်
သူရဲ့ရှုံးနိမ့်မှုကို တစိမ့်စိမ့်သောက်သုံးဖို့
မြို့သိမ်းတိုက်ပွဲအောင်နိုင်ဖို့ထက်
အမုန်းတရားတွေ အယားဖျောက်ဖို့

ဘယ်မြို့ပြနဲ့ဘယ်မြို့ပြ
စစ်ဖြစ်နေတယ် မသိတော့အောင်
အကြိတ်အနယ် ပေါ့ပျက်ပျက်တိုက်ကြ

နောက်ဆုံးအပိုင်ခုတ်ချလိုက်တော့
ရန်သူ့မျက်နှာဖုံး ကွာကျသွား

တိုက်ပွဲဝင်အားလုံးနဲ့ တူညီစွာ
သူ့မျက်နှာဖုံးအောက်မှာ မျက်နှာမရှိ

တင်မင်းထက်
၂ဝ၁၃

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP