Jul 15, 2009

သမီးရဲ့ ပန်းချီ

ပန်းချီကို ချစ်ပါတယ်။ ဆွဲတော့ မဆွဲတတ်ပါ။ ပန်းချီဆွဲတာကို ငယ်ငယ်ကတည်းက လူပုံမှာ နှာခေါင်း မဆွဲတတ်တာနဲ့ လက်လျှော့ လိုက်ရပါတယ်။

ကြည့်ရုံသက်သက်တောင်မှ အလင်းအမှောင်၊ လိုင်း၊ ထုထည် စတာတွေနဲ့ ပညာရှင်ကြည့် မကြည့်တတ်ပါ။ ကြည့်လို့ အဆင်ပြေရင် ကြိုက်တာပါပဲ။ အင်ပရက်ရှင်း၊ ဆာရီရယ်၊ ကျူးပစ်ဇင် စတဲ့ ဝါဒတွေလည်း သိတယ်ဆိုရုံပဲ။ ကျောင်းတက်တုန်းကတော့ ရန်ကုန်က ပန်းချီပြခန်းတွေ ကိုတော့ တော်တော် လိုက်ကြည့်ဖူးပါတယ်။ လောကနတ်၊ အင်းလျားအတ်၊ ယုဒသန်၊ ဗိုလ်ချုပ်ဈေး၊ နယူးထရက်ရှာ စသည်ဖြင့်။ ကြိုက်တဲ့ ပန်းချီဆရာတွေလည်း မနည်းပါဘူး။

ဆရာကြီးမြင့်စော ရဲ့ မီးခိုးရောင်များများနဲ့ ဆွဲထားတဲ့ ကောင်မလေးပုံနဲ့ ဆရာဖေညွှန့်ဝေ ရဲ့ အနီနဲ့ အစိမ်း တွဲသုံးထားတဲ့ ဓမ္မရံကြီး ကို ခုထိ မျက်စိထဲမှာ မြင်နေပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက တကားကို ၂ ထောင် ဝန်းကျင်၊ မုန့်ဖိုးက တပါတ် ၅၀။ "ဝေးခဲ့ပြီပန်းခရမ်းပြာ" ကိုသာ ဆိုခဲ့ရပါတယ်။

မဝယ်နိုင်မှန်း သိသာပေမယ့် ပန်းချီပြခန်းတွေကတော့ ဖော်ဖော်ရွေရွေ ပါပဲ။ ဗိုလ်ချုပ်ဈေးတို့၊ ယုဒသန်တို့က ပြပွဲမျိုးမှာတော့ လာကြည့်တဲ့သူ အသင့်အတင့်ရှိလို့ လူအုပ်ထဲမှာ ရောနေပါတယ်။ အင်းလျားအတ်လို နေရာမျိုးမှာတော့ များသောအားဖြင့် ကိုယ်တယောက်တည်း၊ ကောင်တာ စားပွဲမှာတောင် လူမရှိတတ်။ တခါတလေတော့ ကိုအောင်မြင့် (နောက်ပိုင်းမှာ အမေပန်းချီနဲ့ အာဆီယံဆုရသူ) နဲ့ စကားစမြည် ပြောခွင့်ရပါတယ်။ ဒါပေမဲ့ ဘယ်ပန်းချီက ဘာအဓိပ္ပာယ်လဲလို့တော့ မမေးဖူးပါဘူး။ ပန်းချီမှာ အဓိပ္ပာယ် ရှိရမယ်လို့လဲ မယုံကြည်ပါ။

ရှားရှားပါးပါး ပန်းချီဆွဲဖူးတယ် ပြောလို့ရရုံ ၂ ကား ၃ ကားတော့ ဆွဲဘူးပါတယ်။ (လက်ထဲမှာ အလွယ်တကူ မရှိတာ သက်သာသွားတယ် မှတ်ကြပါ။)

သမီးကတော့ ကျွန်တော့်ထက်စာရင် ပန်းချီပါရမီ ပါပါတယ်။ ၄-၅ နှစ် သမီးကတည်းက စိတ်ဝင်စားတာနဲ့ ယဉ်ကျေးမှုက ပန်းချီဆရာမနဲ့ သင်ပေးပါတယ်။ ဆရာမလေးကလည်း ကလေးတွေကို တော်တော်စိတ်ရှည်တော့ အဆင်ပြေတယ်။ ခုတော့ ၉ နှစ်ပြည့်ခါနီး၊ သပ်သပ်တော့ မသင်ဖြစ်ဘူး။ ကျောင်းမှာ တပါတ်တရက် အပိုဘာသာ သင်ရတာမှာတော့ ပန်းချီ ယူထားပါတယ်။

သမီးက ဘယ်ဘဝက ဘာကောင်ဝင်စားတယ် မသိ အကောင်ပုံတွေပဲ အဆွဲများပါတယ်။ ဒါက သူဆွဲထားတဲ့ "ဆင်" ပုံပါ။ နားရွက်တော့ နည်းနည်းကြီးတယ်။

 Wild Elephant (Crayon on Paper)

သူ့ ကို ဘလော့ဂ်လေး တခုလည်း လုပ်ပေးထားပါတယ်။ ပုံတော့ များများ မရှိသေးပါဘူး ..

5 comments:

MANORHARY July 15, 2009 at 9:45 PM  

သမီးလေးက တော်လိုက်တာ
တင်မင်းထက်နဲ့များ........တူပ လို့ပြောမလို့ပါး)
ကျေးဇူးတင်တယ် လက်တစ်ကမ်းမှာမနေတဲ့ပန်းချီကားတွေကိုး)း)
ကဗျာတွေရေးပါ ဆင်ခြေတွေလျှောက်လျှောက်ပေးမနေပါနဲ့
အဟောင်းတွေပြန်ရေးတာလည်းမလိုချင်ပါဘူး
အသစ်ရေးပါ ... တောင်းဆိုတာပါး)

littlebrook July 16, 2009 at 4:52 PM  

အကို့ရဲ့ ပန်းချီဆွဲသောသမီးလေးဟာ လောကကိုအပြုစိတ်နဲ့ ဖြတ်သန်းပါလိမ့်မယ် ပန်းချီတွေဆွဲ၊ သီချင်းတွေဆို ၊ ကဗျာတွေရွတ်နေသော ကလေးများ ... အဲ့ကမ္ဘာကြီးကပျော်ဖို့ကောင်းမှာ အမှန်ပဲ

Anonymous,  July 18, 2009 at 3:28 PM  

ဆင်ပုံလေးဆွဲထားတာ သဘောကျတယ်။
ကံကောင်းလိုက်တဲ့သမီးလေး။ ၀ါသနာကိုအားပေးတဲ့အဖေရထားတယ်။
ငယ်ငယ်တုန်းက ပန်းချီဝါသနာပါတယ်။
ငါးနှစ်လောက်တုန်းက ရသမျှ ရောင်စုံခဲတံလေးတွေသုံးပြီး
ဆွဲဖြစ်တယ်။ အဖေက ဆွဲသမျှပုံတွေကို ကြည့်ပြီး ဘယ်တော့မှ ဖြစ်ထွန်းမှာမဟုတ်ဘူး
စာပဲကျက်လို့ ပြောကတည်းက စိတ်ထဲမှာ ဆွဲဖို့မရဲတော့တာ။
ကိုယ်ဆွဲထားတာကလဲ မလှပါဘူးလေ။

Moe Cho Thinn July 27, 2009 at 1:01 PM  

သမီးလေးကလဲ အနုပညာပါတာပဲနော်။
ကလေးလေးတွေကို သူတို့စိတ်ဝင်စားရာလေးကို မြေတောင်မြှောက်ပေးနိုင်တဲ့ အခြေအနေ ဖန်တီးပေးနိုင်တာ ၀မ်းသာတယ်။ ကလေးဆိုတာ ဒီလိုပဲ ကြီးပြင်းသင့်တာပါဟာ။

tinnyup2000, chaw ei thein July 31, 2009 at 11:17 AM  

သမီးလေးကသိပ် တော်တယ်။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP