Jul 25, 2009

အမျိုးသမီးများနဲ့ စကားပြောခြင်း

Pablo Picasso

"စကားလေး တခွန်းလောက်ပြောဖို့တောင် မနည်း စဉ်းစားရတယ်၊ အမျိုးသမီးများနဲ့ စကားပြောဖို့ တော်တော်ပဲ ခက်တယ်" လို့ ခင်ဝမ်းက ဆိုခဲ့ဖူးပါတယ်။

အမျိုးသမီးများနဲ့ စကားပြောဖို့ တကယ် ခက်ပါသလား။

ကျွန်တော့်မှာ အမျိုးသမီး အပေါင်းအသင်း တော်တော်များပါတယ်။ ကျောင်းတုန်းက ခင်တဲ့သူတွေ၊ အလုပ်ထဲမှာ ခင်တဲ့သူတွေ၊ ခုနောက်ဆုံး ဖိုရမ်မှာ ဘလော့ဂ်မှာ ခင်တဲ့ အွန်လိုင်း သူငယ်ချင်းတွေ မနည်းပါဘူး။ ပြောလို့ ဆိုလို့လည်း အဆင်ပြေပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေဆို ယောကျာ်းလေး မိန်းကလေး မခွဲပဲ သင်ရတဲ့ ဘာသာလည်းဖြစ်၊ ရင်းကလည်း ရင်းနှီးတော့ သူတို့ မိန်းကလေး ဆိုတာတောင် မေ့နေတတ်တယ်။

ဒါပေမဲ့ အမျိုးသမီးတွေနဲ့ စကားပြောရင် ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ပြောတာ ဆိုတာထက်တော့ သတိထား ရပါတယ်။ တခြားသူ မပြောနဲ့ ကျွန်တော့် သမီးနဲ့ ပြောရင်တောင် တခါတခါ ကိုယ်က ဘာပြောမိလို့ သူက ဘာကောက်သွားတယ် မသိဘူး။

အဲဒါနဲ့
အမျိုးသမီးများနဲ့ စကားပြောရင် လိုက်နာရမယ့် "3 Golden Rules" ကို ကိုယ့်ဖာသာ ချမှတ် ထားရတယ်။

၁။ အလှအပနဲ့ ပတ်သက်လို့ မနောက်ရ။
၂။ အသက်အရွယ်နဲ့ ပတ်သက်လို့ မနောက်ရ။
၃။ အပျိုကြီးတွေကို အပျိုကြီး၊ အပျိုကြီး ဆိုပြီး ခဏခဏ မခေါ်ရ။

တခုချင်းရှင်းပါမယ် ..

အလှအပနဲ့ ပတ်သက်လို့ ဆိုတာက ဆယ်တန်းတုန်းက ကျွန်တော့် ဓာတုဆရာ ဆုံးမခဲ့တာပါ။ သူ ငယ်ငယ်က အတန်းဖော် ကောင်မလေး တယောက်ကို အလှအပနဲ့ ပတ်သက်ပြီးနောက်မိတာ ကမ္ဘာမကျေ ဖြစ်သွားတယ်တဲ့။

အရပ် ရှည်ရှည်သူငယ်ချင်း တယောက် ဂျာကင်ပွပွကြီးနဲ့ ဘောင်းဘီတို ကျပ်ကျပ် ဝတ်လာတော့ ခွက်ထိုးခွက်လန် ရီခဲ့ဖူးပါတယ်။ အမျိုးသမီး တယောက်ကို အဲဒီလို ရီမိရင် ဘာဖြစ်သွားမယ် ထင်ပါသလဲ .. ။

အလှအပ ဆိုရာမှာ ဝ တာနဲ့ ပတ်သက်လို့လည်း ပါပါတယ်။ ရင်းနှီးတဲ့သူမို့ တခါတလေ
နောက်တာ ဘာမှ မဖြစ်ပေမယ့်၊ ခဏခဏ မနောက်သင့်ပါ။ "အင်္ကျီတွေ ဒစ်စကောင့်ချနေတာ၊ မတရုပ်မကြီးနဲ့ တော်တာတော့ အင်္ကျီထည့်တဲ့ ဆာလာအိတ်ကြီးပဲ ရှိတယ်" ဆိုရင် စိတ်နာကောင်း နာသွားနိုင်ပါတယ်။

အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ နောက်ဖို့ မပြောနဲ့ မေးတောင် မမေးသင့်ပါ။ ငယ်တဲ့သူတွေကို အသက်မေးတာ ပြဿနာမရှိပေမယ့် ကြီးတဲ့သူတွေကို မေးမိရင် ကိစ္စ ရှိသွားနိုင်ပါတယ်။ တခါတုန်းက ရုံးက အမကြီး တယောက်ကို အမ ဘယ်နှစ်က ကျောင်းပြီးတာလည်း မေးမိလို့ မကြားချင်ယောင် ဆောင်နေတာ ကြုံရဖူးပါတယ်။ ကျောင်းပြီးနှစ်မေးတာ အသက်ကို သွယ်ဝှိက် မေးသလို ဖြစ်သွားတာကိုး။

အပျိုကြီးတွေကို မနောက်သင့် ဆိုတာကတော့ သိပ်မရှင်းလှပါ။ တချို့က စန်းစန်းတင့် မဖြစ်ပေမယ့် တချို့က စန်းစန်းတင့် ဖြစ်ပါတယ် (စန်းစန်းတင့် = Sensitive)။ သူငယ်ချင်း တယောက်ကို အပိုကြီး လို့ ခေါ်ခဲ့ဖူးတာတော့ အေးအေးဆေးဆေးပါပဲ။

အမျိုးသမီးများ နှင့် အမျိုးသားများ စဉ်းစားပုံခြင်းကလည်း မတူဘူးလေ။ ဘာမတူ သလဲတော့ သေချာ မပြောပြတတ်။

တလောက ရုံးကန်တင်းမှာ ဆိုင်အသစ် ပြောင်းပါတယ်။ ရုံးက မိန်းကလေး တယောက်နဲ့ စကားစပ်မိတော့ ဆိုင်အသစ်က ဟင်းချက်ပိုကောင်းတယ် လို့ ပြောမိပါတယ်။ သူက နည်းနည်း စဉ်းစားပြီး "ပြောဖို့စောသေးတယ်။ ၁ ပတ် ၂ ပတ်လောက် စောင့်ကြည့်ဦးမယ်။ အခုက စကာစမို့ သေချာချက်တာ ဖြစ်နေဦးမယ်" .. တဲ့။ ကျွန်တော် နည်းနည်း အံ့ဩသွားတယ်။ ကျွန်တော်က အလွယ်တကူ ကောက်ချက်ချပေမယ့်၊ သူကတော့ တော်တော်လေးကို စဉ်းစားတာပဲ။ (သူက အပျိုကြီး ဆိုတာကိုတော့ မပြောပြတော့ပါဘူး။ :P )

ကိုယ့်ဖာသာ ကောက်ချက်ချရရင် အမျိုးသမီးများနဲ့ စကားမပြောတတ်သေးပါ။


(အမျိုးသမီးများနဲ့ စကားပြောခြင်း ဆိုတာ ခင်ဝမ်းသီချင်း နာမည်ပါ။)
(အစက မိန်းကလေးများနဲ့ လို့ ရေးထားတာ ပြန်နားထောင်ကြည့်မှ အမျိုးသမီးများနဲ့ ဖြစ်နေတယ်။) 

9 comments:

Anonymous,  July 25, 2009 at 12:34 PM  

မှန်တာတွေ ပြောနေပါလား.....၊
(မိန်းမကြီးတစ်ယောက်ဖတ်သွားသည်။)


SDL

Anonymous,  July 25, 2009 at 2:42 PM  

အင်း အမှန်တရားတွေပါလား။ တော်တယ်။
တစိမ်းမိန်းကလေးတွေနဲ့အသာထားပါ။ အိမ်ကမိန်းမနဲ့တောင် စကားပြောတတ်ဖို့ လိုသေးတယ်ထင်တာပဲ။ ဥပမာ..ထမင်းအတူစားရင်း ကိုယ့်အမေက ဘယ်လိုချက်တာ၊ အစ်မချက်တဲ့ ဟင်းလေးဆို ဘယ်သူမှလိုက်မမီဘူးတို့၊၊ အသိတစ်ယောက်ချက်တဲ့ ငါးဟင်းလေးကတော့ ဘယ်လိုဘယ်ချမ်းသာ ပြောတယ်ဆိုပါစို့
ကိုယ်ကတော့ လွယ်လွယ်လေး အမှတ်ရတာတွေ ပြောလိုက်တာ။ မိန်းမစိတ်ထဲမှာတော့ ငါချက်တဲ့ဟင်းမကောင်းဘူးလို့ ပြောချင်တာနေမယ်လို့ စိတ်ကောက်သွားပါသည်။
ကိုယ်တွေ့ ဥပမာတစ်ခုတည်း။
အပေါ်က ဆင်ဆင်မရယ်။ အမျိုးသမီးလေးလို့ ပြောပါလားကွယ်။
ယူနဲ့တို့က အသက်မကွာတော့ တို့ကိုပါ မိန်းမကြီးလို့ပြောမှာစိုးလို့ပါ။

MANORHARY July 25, 2009 at 3:10 PM  

မိန်းမဆန်လွန်းတဲ့မိန်းမတွေဖြစ်တတ်တာပါ။
အားလုံးတော့မဟုတ်ပါဘူးနော်း)
(တချို့ယောကျာ်းလေးတွေလည်း ထိုကဲ့သို့ရှိတတ်ကြောင်း
လက်တွေ့မြင်တွေ့ခဲ့ရဖူးပါသည်။)

pandora July 25, 2009 at 4:30 PM  

အတော်များများတော့ ဟုတ်တယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ စဉ်းစားပုံ မတူတာလည်း သေချာတယ်။ အမည်မသိ မှတ်ချက်ရေးသွားတဲ့ သူများဟင်းချက်တာကို ချီးကျုးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိမ်မှာ ဖေဖေ့ကို မေမေက မကျေမနပ် တခါတခါ ပြောဖူးတာကို သတိရတယ်။ ကွက်တိပါပဲ။

ပုံ
နောက်ထပ် မိန်းမကြီး တစ်ယောက် :)

Eaindra July 25, 2009 at 10:10 PM  

ဟုတ်တယ်..

မှန်တယ်...

ထောက်ခံတယ်..
းP

ATN July 26, 2009 at 4:31 AM  

အဲ.. အဲ... ဘာမှမပြောတော့ဘူး...း)

Anonymous,  July 26, 2009 at 5:23 PM  

What's the point to write...

Everybody can happen in any topic to sensitive..at any time..

you are so short sighted...

i think...

Moe Cho Thinn July 27, 2009 at 12:52 PM  

နင်တော်တော်သိပါလားဟယ်။

Anonymous,  July 28, 2009 at 6:02 PM  

who is ရုံးက အမကြီး ? But she think the way is right? i will let her know u mention her " ရုံးက မိန်းကလေး "
ပုံ
ရုံးက မိန်းကလေး

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP