ပထမ ကဗျာ
တနေ့က သူငယ်ချင်း တယောက်နဲ့ ကဗျာဝပ်ရှော့လေး လုပ်ကြမလား တိုင်ပင်ဖြစ်တော့ ပြန်စဉ်းစားကြည့်မိတယ်။ ကဗျာနဲ့ ပတ်သက်လို့ ငါ ဘာများ ပြောစရာ ထူးထူးခြားခြား ရှိသလဲ လို့။
အဲဒီတော့ ကိုယ့်ဖာသာ ပြန်သတိထားမိတယ်။ ကဗျာ သဘောတရား၊ နည်းစနစ် စတာတွေ ဘာမှ မသိပါလား ဆိုတာကို။ ကဗျာကိုတော့ တော်တော်လေး ဖတ်ဖူးပေမယ့် ရှေးကဗျာဆိုလည်း သင်ရိုးမကျေ၊ ခေတ်ပေါ်ကဗျာကြတော့လည်း မနှံ့စပ်။ (အဲဒါနဲ့ပဲ မလုပ်ကြတာကောင်းမယ်၊ ရိုးရိုးပဲ ဆုံကြမယ်လို့ ဖြစ်သွားတယ်။)
ရေးတာကလည်း ခပ်နည်းနည်းပဲ။ ကျောင်းတုန်းက ၁ဝ ပုဒ်လောက်ရေးပြီး၊ ၁ဝ နှစ်လောက် မရေးဖြစ်။ နောက်ပိုင်း ဖိုရမ်၊ ဘလော့ဂ်၊ အွန်လိုင်း သိုင်းလောကထဲ ရောက်မှ ပြန်ရေးဖြစ်တယ်၊ အပုဒ် ၂ဝ ဝန်းကျင်။ တချို့ကြတော့ သွားလေရာ၊ လုပ်လေရာ ကဗျာလေးနဲ့။ တချို့ကြတော့ ကော်ဖီကိုပဲ ကဗျာ ၄-၅-၆ ပုဒ် တန်းစီရေးသွားလိုက်တာ။
၂ဝဝ၉ တနှစ်ထဲမှာ အပုဒ် ၂ဝ လောက် ရေးဖြစ်တာကလည်း အသစ်လေး ရေးပြီးတင်လိုက်၊ ဖတ်တဲ့သူ အသံကို ချက်ချင်းကြားရ ဆိုတော့ အားတက်လို့လည်း ပါပါတယ်။ ကောင်းတယ်ပြောကြလို့ အတင်းရေးပြန်တော့လည်း ဟို ပုံပြင်လို ဖြစ်မှာကြောက်ရသေးတယ်။
ရှေးရှေးတုန်းက ရွာတရွာမှာ ကဗျာ ဝါသနာပါတဲ့ ဘုန်းကြီးတပါး ရှိသတဲ့။ တနေ့ကြတော့ စာဖတ်ရင်း ယပ်တောင်ခပ်ရင်း ကနေ၊ ထန်းလက်ယပ်တောင် အကြောင်း ကဗျာရေးဦးမှပဲလို့ အကြံရတယ်။ အဲဒါနဲ့ "ရိုးရင့်ရွက်ရှည်" လို့ တကြောင်းရေးလိုက် သတဲ့။ ပြီးတော့ ခဏထသွားတုန်း ဦးသူတော် ရောက်လာပြီး။ ငါ့ ကိုယ်တော် ကဗျာစပ်နေတာပဲ ဆိုပြီး "တိုးဆင့်ကျက်သရေ" လို့ ဆက်ရေးသွားသတဲ့။
ကိုယ်တော်လည်း စားပွဲပြန်ရောက်ရော ဒါ ဘယ်သူရေးသွားတာလဲ၊ တယ်ကောင်းပါလား ဆိုတော့ ဦးသူတော်လည်း ခပ်ကြွားကြွားနဲ့ "တပည့်တော်ပါ ဘုရား" လို့ လျှောက်တာပေါ့။ ဒါဆိုရင် ဆက်စပ်စမ်း ဆိုတော့ ဦးသူတော် ဒုက္ခရောက်တော့တာပဲ။ သူမှ ကဗျာ မစပ်တတ်တာ။ နောက်ဆုံး ကြံရာမရတာနဲ့ "ဂိုးဂွင့်ဂွက်ဂွေ" လို့ စပ်လိုက်သတဲ့။
ကိုယ်တော်လည်း ဒေါပွပွနဲ့ ထကန်လိုက်တာ၊ ဦးသူတော် ခမျာ ကျောင်းလှေကားကနေ လိမ့်ပြီး လှေကားရင်းက စဥ့်အိုးကြီးနား ကျသွားသတဲ့။ အဲဒီတော့မှ ကဗျာဉာဏ် ကွန့်မြူးပြီး "အိုးဖြင့်ဖက်သလေ" ဆိုပြီး အိုးကို ဖက်နေသတဲ့။ ကိုယ်တော်လည်း ဒေါသ ထွက်သထက် ထွက်လာပြီး ဦးသူတော် ဆုံးမမယ်ဆိုပြီး ကြေးစည်လက်ခတ်နဲ့ ဆင်းလာသတဲ့။ ဒီတော့မှ ဦးသူတော်လည်း ကြောက်ကြောက်နဲ့ "ကျိုးရင့်ခက်မလေ" လို့ ထပ်စပ်ပြန်သတဲ့။ ကိုယ်တော်လည်း သတိဝင်လာပြီး ဦးသူတော်ကို ချမ်းသာခွင့်ပေးလိုက်သတဲ့ကွယ်။
အဲဒီလိုပဲ ကျွန်တော်လည်း "တိုးဆင့်ကျက်သရေ" တုန်းက မြှောက်ပေးကြတာနဲ့ ရေးလာလိုက်တာ "ဂိုးဂွင့်ဂွက်ဂွေ" လောက်တော့ ဖြစ်နေပြီထင်တယ်။
ကျောင်းတုန်းကရေးတဲ့ ၁ဝ ပုဒ်လောက်မှာမှ မကြိုက်တော့တာနဲ့ ပြန်မတင်တော့တာ ၂-၃ ပုဒ်ရှိပါတယ်။ ဒီနေ့ စာအုပ်ရှင်းရင်း အဲဒီ ချန်ခဲ့တဲ့ထဲက တပုဒ်ထွက်လာတော့ အဲဒါ ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာဆိုတာ သတိရမိတယ်။
လွတ်မြောက်ရာ
ဦးတည်ရာမဲ့ ... မီးရထား
မြင်နေကျ ရှုခင်း
တဝက်စိမ်းလယ်ကွင်းများနဲ့
စဉ်ဆက်မပြတ် တောင်တန်းတွေ ...။
နရီကိုက် ... ရွေ့လျားမှုက
လွတ်မြောက်ချင်လှပြီ ...။
နေကြာရိုင်းတွေက
စနက်တံထင်တယ်
ဆံဖျားထိလောင်ကျွမ်းနေပေါ့ ...။
နောက်ဆုံးတော့
သည်းခံခြင်း အငွေ့ပျံ
ကောင်းကင်အောက်ကရုန်းထွက်
စည်းရိုးကိုချိုးဖျက်
ငါ့မြင်းကို
မင်းဆီစိုင်းခဲ့ပြီ ...။
တင်မင်းထက်
(ဝိညာဉ်ပြာတို့ မိုးကောင်းကင်၊ ၁၉၉၂)
ဖတ်ရင်းနဲ့ အဲဒီကဗျာကို ရေးဖြစ်ပုံကို သတိရလာတယ်။ ဘာရယ် မဟုတ်၊ မန္တလေးကို ရထားနဲ့ သွားရင်း ပျင်းကလည်းပျင်း၊ ရထားလမ်းဘေးမှာ တွေ့သမျှ လယ်ကွင်း၊ တောင်တန်း၊ နေကြာခင်း စတာတွေ အကုန်ထည့်ရေးထားတာပဲ။ နောက်ဆုံး တပိုဒ်ကတော့ ဆရာအောင်ဝေးတို့ ခရမ်းပြာမြင်းရိုင်းနဲ့ ဒုန်းဆိုင်းနေတဲ့ ကာလဆိုတော့ မြင်းစီးကြည့်မိတာပါ။
ကိုယ့် ပထမ ကဗျာကို ပြန်ဖတ်ဖြစ်တော့ ကျွန်တော့် ဆရာ၊ ဆရာမများရဲ့ ပထမ ကဗျာတွေကိုလည်း သိချင်မိပါတယ်။ (ဤကား အလစ်အငိုက် တက်ဂ်လိုက်ခြင်း ဖြစ်သည်။)
ကိုအောင်သာငယ်၊ ကိုညိမ်းညို၊ တီချယ်မေငြိမ်း၊ မနော်၊ မအိန္ဒြာ၊ မကေသွယ်၊ မသီတာ၊ မမသီရိ တို့ အဆင်ပြေရင် ရေးပေးစေချင်ပါတယ်။ မအားရင်၊ အာရုံမရရင်လည်း နေပါစေ။ ပထမဆုံးရေးတဲ့ ကဗျာမှ မဟုတ်ပါဘူး။ ပထမဆုံး ပုံနှိပ်တဲ့ ကဗျာ၊ ပထမဆုံး ရည်းစားကို ပထမဆုံး ပေးဖြစ်တဲ့ ကဗျာ၊ ပထမဆုံး အမျိုးသားစာပေဆုရတဲ့ ကဗျာ စသည်ဖြင့် ပထမ တခုခုပေါ့။
9 comments:
ဘုန်းကြီးကဗျာကို ဖိုးသူတော်ဝင်စပ်သွားတာ မိုက်သဗျို...
ကိုတင်မင်းထက်ရဲ့ ပထမဆုံးကဗျာလေးကို ခံစားသွားပါတယ်
လူချောလူလှ ၂၂ နှစ်သားလေး မဟုတ်တဲ့ ...
သူလိုငါလို ၂၁ နှစ်သား ဆိုတော့ ဒီလောက်ပဲ စပ်နိုင်တာပေါ့၊ သည်းခံဖတ်ကြပေတော့ :P
တင်မင်းထက် တက်ဂ် တဲ့ပို့စ်ကိုရေးဖို့ ရန်ကုန်ပြန်လိုက်ပါဦးမယ်း))
စာအုပ်ရှာရဦးမှာမို့ ... မျှော်..............
ဟား...
ဖတ်ကောင်းကောင်းနဲ့ဖတ်လာလိုက်တာ
သည်တခါတော့ ခြုံခိုတိုက်ခံလိုက်ရပြီ...
ဆရာတင်မင်းထက်ကတော့
ပြောက်ကျားစစ်ကွက်မှူး လုပ်သင့်နေပြီ...
ဒါနဲ့
ပထမဆုံး ဖန်မျှင်အလင်းတန်းထဲမှာ ရေးတဲ့ ကဗျာဆိုရင်ကော
ရတယ် မဟုတ်လား...
အဲ..ကဗျာ ဆိုတာ.. ကိုယ့် အတွက် ဟုတ်ဘူး ထင်တယ်။ စပ်တော့ စပ်ဖူးတယ်။ ပထမဆုံး ဆိုရင်တော့..ရှက်ရှက် နဲ့ပဲ.. တင်ရမယ် ထင်တယ်။ မနော် ပြန်မရှာခင်..ကျမ အရင်..ရှာလိုက်အုံးမယ်..။ မနော် ခဏ နေအုံး..မပြန်ခင်.. တပုဒ်။
ကျွန်တော်လည်း "ဂိုးဂွင့်ဂွက်ဂွေ" ဖြစ်ဖြစ်သွားလို့ ရပ်ရပ် ထားရတယ် ခဏခဏ..:P
အစ်ကို ပထမကဗျာလေးက ကောင်းတယ်ဗျ..သဘာဝအကြောင်းလေး ရေးထားတာ..။
နင့် ဂိုးဂွင့်ဂွက်ဂွေကလဲ အမိုက်စားပဲဟ.. ;)
သတိတရ နဲ့ အမည်လေးရေးပေးတာ ကျေးဇူးပါ ကိုတင်မင်းထက်ရေ
ရှက်ရှက် နဲ့ ကြိုးစားရေး နေပါတယ်
အလုပ်နဲနဲပါးတဲ့ဟိုနေ့က comment ၀င်နေတာ ၀င်မရဘူး
မမသီရိဆီလည်ရင်းနဲ့မှ တဂ်ကြောင်းသိပြီး တပတ်လောက်ကြာအောင်ရေးလိုက်ရပါတယ်။
နောက်ကျသွားလို့ ခွင့်လွှတ်ပါ
...
စသဖြင့် ဘာဘာညာညာ မရေးတော့ပါဘူး
ရေးရတာ ပျော်ပါတယ်လို့ပဲ ရေးခဲ့ပါရစေ
Post a Comment