Jan 11, 2010

တနင်္ဂနွေ

ပြီးခဲ့တဲ့ တနင်္ဂနွေကတော့ ခါတိုင်း တနင်္ဂနွေတွေနဲ့ ထပ်တူ မတူတဲ့ တနင်္ဂနွေ တရက်ပါပဲ။

ပုံမှန်အားဖြင့် စနေ၊ တနင်္ဂနွေ မှာ တပတ်စာ ဈေးဝယ်၊ မြို့ထဲဖက်ထွက်၊ အပြင်မှာ စားတဲ့အခါစား၊ စာကြည့်တိုက် သွားတဲ့အခါသွား၊ ထူးထူးခြားခြား မရှိလှပါ။

လျော့ဈေးနဲ့ ဝိတ်ချခြင်း

မနေ့ကတော့ တနင်္ဂနွေပီပီ အိပ်ရာ နောက်ကျမှ ထ၊ အိမ်ရှင်မ ဈေးဝယ်တာကို အဖော်လိုက်ခဲ့ပါတယ်။ ကုန်တိုက်ထဲကို အဖြတ်မှာတော့ လျော့ဈေးတဲ့၊ ပြေးကြည့်ကြတာပေါ့။ ရုံးဝတ်တဲ့ ပုံစံ ဘောင်းဘီ၊ အင်္ကျီတွေ ဆိုတော့ အမြဲလိုနေတာ မဟုတ်လား။ ယောကျာ်းလေး အင်္ကျီဆိုတာကလည်း ဘယ်မှာ ပုံရိုးသွားတယ် ရှိမလဲ ဈေးတန်ရင် ဝယ်ပြီးသိမ်းထား၊ ဝတ်လက်စတွေ ဟောင်းသွားရင် ထုတ်ဝတ်၊ အဆင်ပြေပါတယ်။ ရွေးနေရင်း စဉ်းစားမိသေး ဒီရောက်မှ ဘယ်နှစ်ခါများ ပုံမှန်ဈေးနဲ့ ဝယ်ဝတ်ဖူးလဲလို့၊ မှတ်မိသလောက် တခါမှ မရှိသေးပါ။

မိချောင်းတံဆိပ် ရှပ်လက်တိုတွေ ၁ဝ နဲ့ ရတာနဲ့ နည်းနည်းဝယ်။ အဲဒီနောက် စလုံးမှာ ရုံးဝတ်လေ့ရှိကြတဲ့ ရွှေခြင်္သေ့ ဆိုတဲ့ တံဆိပ်နဲ့ ဘောင်းဘီရှည်တွေကို ၂ ထည် ၁၅ ကျပ်နဲ့ တွေ့ပါလေရော။ တကယ်ကို တန်တဲ့ ဈေးပါပဲ။ ဒါပေမယ့် ခါးဆိုဇ် ၂၉-၃ဝ ပဲ ရှိတယ်။ ကျွန်တော်က လက်ရှိ ၃၁ ကို ကျပ်ကျပ်တည်းတည်း ဝတ်နေတာ။ စလုံး ရောက်စကတော့ ၂၉ ပါပဲ၊ ခုတော့ သားငယ်က "ဗိုက်ထဲမှာ ခေးခေးရှိတယ်" လို့ အပြောခံရလောက်အောင် ဗိုက်ကလေး တလုံးနဲ့ ဖြစ်နေပါပြီ။ဘောင်းဘီကလည်း ဈေးကတန်နေ၊ တော်ကလည်း မတော်နဲ့ ဒွိဟဖြစ်နေရာက၊ နောက်ဆုံး ဝိတ်လျော့မယ်လို့ ရဲရဲကြီး ဆုံးဖြတ်ပြီး ခါး ၃ဝ ကို ၄ ထည် ဝယ်လိုက်ပါတယ်။ ဒီတော့ ဝတ်လက်စ ဘောင်းဘီ တသုတ် မဟောင်းခင် ဝိတ်ချရင်ချ၊ မချနိုင်ရင် ဝတ်စရာ မရှိတော့ပါ။ (ဒီ ဝိတ်လျော့နည်း အောင်မြင်နိုင်တယ်၊ စမ်းကြည့်ကြပါလား။)

ကလေးများအတွက် မြန်မာစာ

ဈေးကပြန်တော့ နေမြင့်နေပါပြီ။ ထမင်းစား၊ ခဏနားပြီးတာနဲ့ သမီးကို ဘုန်းကြီးကျောင်း လိုက်ပို့ချိန် ရောက်လာပါတယ်။ သူ့ကို မြန်မာစာသင်ဖို့ ဘုန်းကြီးကျောင်းကို ပို့ပေးနေတာ အရင် ၂ ပတ် ၃ ပတ် အကြောင်း အမျိုးမျိုးနဲ့ ကျောင်းပျက်နေတာ ဒီတပတ်တော့ ပြန်ပို့ ဖြစ်ပါတယ်။ စေတနာနဲ့ သင်ပေးတဲ့သူတွေကတော့ မသီတာ အပါအဝင် လုပ်အားပေး ဆရာမတွေပါ။ အဲဒီအကြောင်း သူရေးထားတာ ဒီမှာ ဖတ်ကြည့် နိုင်ပါတယ်။ LINK

သူတို့ မြန်မာစာသင်တန်းမှ သူငယ်တန်းကနေ ၄ တန်းထိ သင်ပေးပါတယ်။ ဆရာမတွေက သင်ပေးရုံတင် မကပါဘူး၊ ကျောင်းရောက်တာနဲ့ ဖတ်စာစာအုပ်၊ လက်ရေးလှစာအုပ် အဆင်သင့်။ မုန့်လည်း ကျွေးသေး၊ သင်တန်းပြီးချိန် ဘုန်းဘုန်းက ဆုံးမစကားပြောသေး၊ တရားထိုင်ခိုင်းသေး။ ကလေးတွေအတွက် သိပ်ကောင်းပါတယ်။ လူကြီးတွေလည်း တပတ်တခါ ဘုန်းကြီးကျောင်း ရောက်ဖြစ်တာပေါ့။

ပန်းချီပြပွဲ

မနေ့ကတော့ ဘုန်းကြီးကျောင်းက အပြန် ပန်းချီပြပွဲကို ဆက်သွားဖြစ်ပါတယ်။ ပန်းချီပြပွဲ ဆိုပေမယ့် Installation ဖြစ်ပြီး၊ ဒူးရင်းသီး (Esplanade) မှာ ဇန်နဝါရီ ၇ - ၂၄ အထိပါ။ ပန်းချီထိန်လင်း ရဲ့ လက်ရာဖြစ်ပြီး The M1 Singapore Fringe Festival 2010 အစီအစဉ်နဲ့ပါ။


Photo: www.fridae.com

THE SCALE OF JUSTICE
HTEIN LIN (BURMA)

7 – 24 January 2010
Esplanade - Jendela (Visual Arts Space)
11am – 8.30pm (Mon – Fri)
10am – 8.30pm (Sat & Sun)

နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ဖြစ်တဲ့ ပန်းချီထိန်လင်းဟာ နိုင်ငံပေါင်း များစွာမှာ ပြပွဲပေါင်း များစွာ ပြုလုပ်ခဲ့ဖူးပါတယ်။

သူ့ပြပွဲ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
www.fridae.com
www.singaporefringe.com

ကျွန်တော့် သမီးကလည်း ပန်းချီ ဝါသနာပါတော့၊ ဒီမှာ မြန်မာ ပန်းချီဆရာ ပြပွဲရှိတုန်း ပြချင်တာနဲ့ ရောက်အောင်သွားခဲ့တာပါ။ ဒီပွဲမှာ သူပြထားတာကတော့ Installation တခုထဲပါ။

အုတ်ခဲတွေ စီပြီးကာထားတဲ့ လေးထောင့်ပုံ ဧရိယာတခု။ အလယ်မှာက တိုင်လေးတိုင်၊ အမိုးနဲ့ အဆောင်လေး။ အဆောင်လေးကို ဦးတည်နေတဲ့ လမ်းလေးတခုရှိပြီး၊ လမ်းကလေးက အဆောင်ကိုလည်း ပတ်ထားတယ်။ လမ်းရဲ့ ဘေးမှာက အုတ်ခဲနဲ့ စီပြီးကာထားတယ်။ အုတ်ခဲစီထားပုံက ထောင်နံရံပေါ်မှာ အုတ်ခဲစီထားတဲ့ ပုံစံမျိုး။ အုတ်စီပြီး ကာထားတဲ့ အထဲမှာက အပေါ်က ပုံမှာပြထားသလို လေမှုတ်ထားတဲ့ လက်အိတ် အဖြူလေးတွေ၊ ရေနစ်နေတဲ့ သူတွေ လက်ကလေးတွေ ရေထဲက ထိုးထွက်နေတာနဲ့ တူသလိုလို။ အလည်က အဆောင်လေးရဲ့ အောက်ခြေမှာလည်း လက်အိတ်အဖြူတွေ၊ မျက်နှာကျက်မှာက ချိန်ခွင်အကြီးကြီး တခု ချိတ်ထားတယ် (သူ ဘယ်ကနေ ဒီလောက်ကြီးတဲ့ ချိန်ခွင် ရှာထားသလဲတောင် တွေးမိသေး၊ ဈေးထဲက သမာဓိ ချိန်ခွင်ထက်တောင် ကြီးသေးတယ်)။ ချိန်ခွင် အထက် မျက်နှာကျက်မှာလည်း လေမှုတ်ထားတဲ့ လက်အိတ်တွေ ရှိပါတယ်။ တခုပါပဲ ..။ အဲဒီ တခုကလည်း ကြေကွဲ ခံပြင်းစရာ။ ချိန်ခွင် အထက်ကိုရောက်နေတဲ့ လက်အိတ်တွေက အမဲရောင် ..။

5 comments:

Unknown January 11, 2010 at 1:36 PM  

thanks to let us know which shopping mall it is :)

ချစ်ကြည်အေး January 11, 2010 at 7:41 PM  

ကိုတင်မင်းထက်ရေ...ကျမ အဲဒီနည်းသုံးဖူးတယ်...ဈေးချနေတာ တန်လို့ ခပ်တည်တည်နဲ့ ဝိတ်လေးနဲနဲချလိုက်ရင် ရပြီဆိုပြီး...နောက်တော့ အငယ်မတွေ ပေးလိုက်ရပါရောလား..:)

Sonata Cantata January 11, 2010 at 11:18 PM  

ဒီနှစ်တော့ မသီတာ လုပ်အားပေး မရောက်နိုင်တော့ဘူး။
နောင်နှစ်များမှ ပြန်လာနိုင်မည်ဟု မျှော်လင့်ပါသည်။
ဆရာကိုတင်မင်းထက်တို့ သင်တန်းကို ဆက်လက် အသက်သွင်းကြမည် ဟု ယုံကြည်မျှော်လင့်လျက်~

မြစ်ကျိုးအင်း January 12, 2010 at 6:48 AM  

ဝိတ်ချနည်းတော့ သဘောကျတယ်
ကျနော်နဲ့တော့ပြောင်းပြန်ဖြစ်နေတာပဲ
ကျနော်က ဆိုဒ်ကြီးတာတွေဝယ်ပြီး ဝိတ်တတ် အောင် လုပ်တာလေ ။
ဒီအတိုင်းက ဒီအတိုင်းပါပဲဗျာ :)

ရွှေရတုမှတ်တမ်း January 12, 2010 at 9:25 AM  

နိမ့်တုံမြင့်တုံတဲ့...ကျပြီးရင်ပြန်တက်တတ်တယ်

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP