အခုတလော
ငါတို့ခေတ်ရဲ့
အချစ်ကဗျာတွေဟာ
ကျည်ဆံရာတွေနဲ့။
နွေနေ့ခင်းရဲ့
ကန်သင်းပျက်တွေပေါ်ကို
မိုးရေစက်လေးကတစက်က
တဟုန်ထိုးခုန်ချလိုက်တယ်။
ငါတို့မှာတော့
ကိုယ့်အနာလေးကိုယ် တသသ
လူမြင်တိုင်း လိုက်လိုက်ပြရတာနဲ့
မောလို့။
ငွေ့ရည်ဖွဲ့ကြ
ငွေ့ရည်ဖွဲ့ကြ
ငါတို့
ငွေ့ရည်ဖွဲ့ကြစို့။
တင်မင်းထက်
၂ဝ၁၃
တရုံလုံး
အုန်းအုန်းကျွက်ကျွက် ရီမောနေကြတော့
အပေါစားဟာသတွေပါဆိုပြီး
ငါရယ်သွမ်းသွေးမိ။
ငါတို့ ဘဝတွေ
လေးလံလာတဲ့အခါကြတော့
နည်းနည်းပါးပါး ပေါ့ပါးမလားလို့
စကားတွေ
ပေါ့ပေါ့ပါးပါးပြောကြ။
ငါကိုယ်တိုင်လည်း
အပေါစားဟာသတွေပြောမိ
မိတ်ဆွေများ သူငယ်ချင်းများ
ပျော်ရွှင်ပေါ့ပါးကြပါစေ။
တင်မင်းထက်
၂ဝ၁၃
ဂိမ်းထဲမှာ လယ်ဗယ် ၁၈၁
ချောင်ပိတ်မိနေ။
ရုံးမှာ လယ်ဗယ် ၆
ချောင်ပိတ်မိနေ။
ဘာသာရေး လယ်ဗယ်သုည
ချောင်ပိတ်မိနေ။
တင်မင်းထက်
၂၀၁၃
ကမ္ဘာကြီးကို မပြောင်းလဲနိုင်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲလိုက်ကြ
ပင်ဂွင်းတွေ ရေထဲမှာပျံတယ်။
တင်မင်းထက်
၂ဝ၁၃
ပန်းတွေ အစစ်နဲ့အတုရောလို့
ဥဩငှက်ရဲ့အသံဟာ
မိုးရေတွေနဲ့ ခိုက်ခိုက်တုန်။
တင်မင်းထက်
၂ဝ၁၃
ကိုယ့်ဖာသာပြန်တည်ဆောက်ရင်း ပျောက်ဆုံး
ရန်သူနဲ့ မိတ်ဆွေမသဲကွဲတော့တဲ့အခါ
ကျောချင်းကပ်ထားရမှလား ကျောခိုင်းသွားရမှာလား
ပဲ့တင်သံကြားသမျှ လိုက်ပဲ့တင်နေမိတော့
ဆိုစရာသီချင်းသစ်လည်း မရှိတော့
ပျောက်ဆုံးရင်းနောက်တခါ ပြန်တည်ဆောက်
တခြားသူတွေလိုပါပဲ
တင်မင်းထက်
၂၃၀၁၁၃
ကွဲလွယ်ရှလွယ်
သူလိုငါလို အပြောက်အမွန်းမျှသာ
လူးကာလိမ့်ကာ
ရေတဝက်နဲ့  ပဲ့တင်ထပ်ပြ
နာနာကျင်ကျင်
တင်မင်းထက်
၀၈.၀၁.၁၃
© Blogger templates Psi by Ourblogtemplates.com 2008
Back to TOP