Dec 31, 2009

အကောင်းမြင်သမား

အကောင်းမြင်သမား

တရားမျှတပါတယ် ..
ပါးစပ်နဲ့ကလောင်နဲ့ တိုက်ခိုက်ခံရမှတော့
သေနတ်နဲ့ထောင်နဲ့ ခုခံရတော့မှာပေါ့

မုဒိတာပွားကြပါ ..
ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင်သွားတဲ့
စွန့်ဦးတီထွင် တောင်တန်းကြီးတွေအတွက်
(သူတို့ကိုဖို့ဘို့ အလိုမတူဘဲ တူးဆွခံလိုက်ရတဲ့
ကျင်းတွေ ချိုင့်တွေအကြောင်းတော့ မပြောကြကြေး)

ခွင့်လွှတ်ခဲ့ကြပါ ..
မနေ့က မိတ်ကပ်အဖွေးသားနဲ့ သတင်းမင်းသား
ဒီကနေ့ မုတ်ဆိတ်အဖွေးသားနဲ့ ဘိုးတော်နင်းပြား

သည်းခံစောင့်စားပါ ..
မနက်ဖြန်၊ သဘက်ခါ၊ ဖိန်းနွဲခါ
ခရစ်သက္ကရာဇ် ၂
ဆက်ဆက်ရောက်လာပါတော့မယ်
မြန်မာသက္ကရာဇ် ၂
ကတော့ နည်းနည်းလိုပါသေးတယ်

တင်မင်းထက်
၃၁ ဒီဇင်ဘာ ၂
ဝ၉

(ဝန်ခံချက်- မြန်မာကျူးပစ်မှ ကိုရင်အုန်း၊ ကိုဘောင်း၊ ကိုမော်ကင်း၊ ကိုအေဇော်ကြီး တို့ရဲ့ စကားလုံးများကို ဖြတ်ညှပ်ကပ် လုပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ ဆိုလိုရင်းကို ပြောင်းပြန်လှန် ပစ်မိတာ နဲ့ အချိန်မရလို့ ကြိုတင်ခွင့်မတောင်းနိုင်တာကို ခွင့်လွှတ်ပါ။)

Read more...

Dec 30, 2009

မျိုးဆက်



Photo: Wiki

မျိုးဆက်

ဒီအမှောင် မျက်လုံးတွေက၊ အမှောင်ညရဲ့လက်ဆောင်
ငါ ရအောင်ရှာမှာက
တောက်ပအလင်းရောင်

ဂူကျန်း

တင်မင်းထက် မြန်မာပြန်သည်။

..............................................................  

A Generation

Even with these dark eyes, a gift of the dark night
I go to seek the shining light


Translated by Joseph Allen

..............................................................  

黑夜給了我黑色的眼睛
我卻用它尋找光明

顾城

..............................................................

Gu Cheng (1956-1993) ရဲ့ ကဗျာဖြစ်ပါတယ်။ ဂူကျန်းဟာ တရုပ်ခေတ်ပေါ် စာပေမှာ အရေးပါတဲ့ ကဗျာဆရာ၊ စာရေးဆရာ တဦးဖြစ်ပါတယ်။ နိုင်ငံတကာမှာ ထင်ရှားသူဖြစ်ပြီး၊ သူနဲ့ ခေတ်ပြိုင် ကဗျာဆရာ အများစုလိုပဲ အနောက်နိုင်ငံတွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ပိုင်း နှစ်တွေမှာ နယူးဇီလန်မှာ အခြေချခဲ့ပါတယ်။ စိတ်မကောင်းစရာ ကောင်းတာက ငယ်ငယ်ရွယ်ရွယ် ၃၇ နှစ်မှာပဲ သူ့ ဇနီးသည်ကို ပုဆိန်နဲ့ တိုက်ခိုက်ပြီး (နောက်ပိုင်း ဆေးရုံမှာ ကွယ်လွန်) သူကိုယ်တိုင်လည်း သတ်သေသွားပါတယ်။

သူ့ရဲ့ ဒီကဗျာကို ဖတ်ရတော့ အမှောင်ခေတ်ကြောင့် မျက်စိတွေ အမှောင်ဖုံးရနေပေမယ့် အလင်းရောင်ကို ကြိုးစားရှာရမှာ မျိုးဆက်တွေရဲ့ တာဝန်လို့ ခံစားရတာနဲ့ ဘာသာပြန်ဖြစ်ပါတယ်။ အဲဒီ အမှောင်ခေတ်ဆိုတာက ကျွန်တော်တို့ ခေတ်မှာလည်း ခေတ်စားနေဆဲ စကားလုံး တခုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း "အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်" .. လို့ ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် ကဗျာက အချစ်ကဗျာပါ။

၁၉၇၉ မှာ ရေးခဲ့တဲ့ "A Generation" ဆိုတဲ့ ဒီကဗျာဟာ သူတို့ ခေတ်ရဲ့ Slogan တခု ဖြစ်ခဲ့ပါတယ်။

Read more...

Dec 26, 2009

သိုက်


Photo: organizationquest.com

သိုက်

သိုက်ကလာတဲ့ ကလေးတွေဟာ
ရုပ်ရည်လှပ၊ လာဘ်ကလည်းရွှင်
လူချစ်ခင်ကြသတဲ့ ...။

တာမွေမှာမွေးပြီး
လျှာလေးနည်းနည်းရှည်တဲ့ သမီးက
ငှက်သိုက်ကလာတာဖြစ်မယ်
တချိန်လုံး ပိကျိပိကျိနဲ့ပါပဲ။

ကျောက်ကုန်းမှာဖွားလို့
မျောက်ရှုံးအောင်ကစားတဲ့ သားက
ကြွက်သိုက်ကလာတာထင်တယ်
တအိမ်လုံး ရှုပ်ပွနေတော့တာပဲ။

အပျော်လွန်လို့ ငိုလိုက်ကြ
အငိုလွန်လို့ ရီလိုက်ရနဲ့
မိသားစု အသိုက်လေးမှာ
ရွှေမန်ကျီးသီးတောင့်တွေ မလိုပါ။

တင်မင်းထက်
ဒီဇင်ဘာ ၂ဝဝ၉

Read more...

Dec 18, 2009

Green Memory (10)

အင်းလျားအကြော်ဆိုင်

နေ့ဖို့ညစာ ချန်စရာမလို
ဘဝကို ပူပူနွေးနွေး
အချဉ်ရည်လေးနဲ့ မြည်းခဲ့တယ်


တင်မင်းထက်
၂ဝဝ၉

Read more...

Dec 16, 2009

မရီရတဲ့ ကဗျာ



မရီရတဲ့ ကဗျာ

အမြစ်ကိုထိလို့မှ မနာတတ်ရင်
အသီးအကြောင်း မပြောကြကြေး။

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။

တင်မင်းထက်
၁၆.၁၂.ဝ၉

Read more...

Dec 15, 2009

ပထမ ကဗျာ

တနေ့က သူငယ်ချင်း တယောက်နဲ့ ကဗျာဝပ်ရှော့လေး လုပ်ကြမလား တိုင်ပင်ဖြစ်တော့ ပြန်စဉ်းစားကြည့်မိတယ်။ ကဗျာနဲ့ ပတ်သက်လို့ ငါ ဘာများ ပြောစရာ ထူးထူးခြားခြား ရှိသလဲ လို့။

အဲဒီတော့ ကိုယ့်ဖာသာ ပြန်သတိထားမိတယ်။ ကဗျာ သဘောတရား၊ နည်းစနစ် စတာတွေ ဘာမှ မသိပါလား ဆိုတာကို။ ကဗျာကိုတော့ တော်တော်လေး ဖတ်ဖူးပေမယ့် ရှေးကဗျာဆိုလည်း သင်ရိုးမကျေ၊ ခေတ်ပေါ်ကဗျာကြတော့လည်း မနှံ့စပ်။ (အဲဒါနဲ့ပဲ မလုပ်ကြတာကောင်းမယ်၊ ရိုးရိုးပဲ ဆုံကြမယ်လို့ ဖြစ်သွားတယ်။)

ရေးတာကလည်း ခပ်နည်းနည်းပဲ။ ကျောင်းတုန်းက ၁ဝ ပုဒ်လောက်ရေးပြီး၊ ၁ဝ နှစ်လောက် မရေးဖြစ်။ နောက်ပိုင်း ဖိုရမ်၊ ဘလော့ဂ်၊ အွန်လိုင်း သိုင်းလောကထဲ ရောက်မှ ပြန်ရေးဖြစ်တယ်၊ အပုဒ် ၂ဝ ဝန်းကျင်။ တချို့ကြတော့ သွားလေရာ၊ လုပ်လေရာ ကဗျာလေးနဲ့။ တချို့ကြတော့ ကော်ဖီကိုပဲ ကဗျာ ၄-၅-၆ ပုဒ် တန်းစီရေးသွားလိုက်တာ။

၂ဝဝ၉ တနှစ်ထဲမှာ အပုဒ် ၂ဝ လောက် ရေးဖြစ်တာကလည်း အသစ်လေး ရေးပြီးတင်လိုက်၊ ဖတ်တဲ့သူ အသံကို ချက်ချင်းကြားရ ဆိုတော့ အားတက်လို့လည်း ပါပါတယ်။ ကောင်းတယ်ပြောကြလို့ အတင်းရေးပြန်တော့လည်း ဟို ပုံပြင်လို ဖြစ်မှာကြောက်ရသေးတယ်။

ရှေးရှေးတုန်းက ရွာတရွာမှာ ကဗျာ ဝါသနာပါတဲ့ ဘုန်းကြီးတပါး ရှိသတဲ့။ တနေ့ကြတော့ စာဖတ်ရင်း ယပ်တောင်ခပ်ရင်း ကနေ၊ ထန်းလက်ယပ်တောင် အကြောင်း ကဗျာရေးဦးမှပဲလို့ အကြံရတယ်။ အဲဒါနဲ့ "ရိုးရင့်ရွက်ရှည်" လို့ တကြောင်းရေးလိုက် သတဲ့။ ပြီးတော့ ခဏထသွားတုန်း ဦးသူတော် ရောက်လာပြီး။ ငါ့ ကိုယ်တော် ကဗျာစပ်နေတာပဲ ဆိုပြီး "တိုးဆင့်ကျက်သရေ" လို့ ဆက်ရေးသွားသတဲ့။

ကိုယ်တော်လည်း စားပွဲပြန်ရောက်ရော ဒါ ဘယ်သူရေးသွားတာလဲ၊ တယ်ကောင်းပါလား ဆိုတော့ ဦးသူတော်လည်း ခပ်ကြွားကြွားနဲ့ "တပည့်တော်ပါ ဘုရား" လို့ လျှောက်တာပေါ့။ ဒါဆိုရင် ဆက်စပ်စမ်း ဆိုတော့ ဦးသူတော် ဒုက္ခရောက်တော့တာပဲ။ သူမှ ကဗျာ မစပ်တတ်တာ။ နောက်ဆုံး ကြံရာမရတာနဲ့ "ဂိုးဂွင့်ဂွက်ဂွေ" လို့ စပ်လိုက်သတဲ့။

ကိုယ်တော်လည်း ဒေါပွပွနဲ့ ထကန်လိုက်တာ၊ ဦးသူတော် ခမျာ ကျောင်းလှေကားကနေ လိမ့်ပြီး လှေကားရင်းက စဥ့်အိုးကြီးနား ကျသွားသတဲ့။ အဲဒီတော့မှ ကဗျာဉာဏ် ကွန့်မြူးပြီး "အိုးဖြင့်ဖက်သလေ" ဆိုပြီး အိုးကို ဖက်နေသတဲ့။ ကိုယ်တော်လည်း ဒေါသ ထွက်သထက် ထွက်လာပြီး ဦးသူတော် ဆုံးမမယ်ဆိုပြီး ကြေးစည်လက်ခတ်နဲ့ ဆင်းလာသတဲ့။ ဒီတော့မှ ဦးသူတော်လည်း ကြောက်ကြောက်နဲ့ "ကျိုးင့်ခက်မလေ" လို့ ထပ်စပ်ပြန်သတဲ့။ ကိုယ်တော်လည်း သတိဝင်လာပြီး ဦးသူတော်ကို ချမ်းသာခွင့်ပေးလိုက်သတဲ့ကွယ်။

အဲဒီလိုပဲ ကျွန်တော်လည်း "တိုးဆင့်ကျက်သရေ" တုန်းက မြှောက်ပေးကြတာနဲ့ ရေးလာလိုက်တာ "ဂိုးဂွင့်ဂွက်ဂွေ" လောက်တော့ ဖြစ်နေပြီထင်တယ်။

ကျောင်းတုန်းကရေးတဲ့ ၁ဝ ပုဒ်လောက်မှာမှ မကြိုက်တော့တာနဲ့ ပြန်မတင်တော့တာ ၂-၃ ပုဒ်ရှိပါတယ်။ ဒီနေ့ စာအုပ်ရှင်းရင်း အဲဒီ ချန်ခဲ့တဲ့ထဲက တပုဒ်ထွက်လာတော့ အဲဒါ ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာဆိုတာ သတိရမိတယ်။

လွတ်မြောက်ရာ

ဦးတည်ရာမဲ့ ... မီးရထား
မြင်နေကျ ရှုခင်း
တဝက်စိမ်းလယ်ကွင်းများနဲ့
စဉ်ဆက်မပြတ် တောင်တန်းတွေ ...။

နရီကိုက် ... ရွေ့လျားမှုက
လွတ်မြောက်ချင်လှပြီ ...။

နေကြာရိုင်းတွေက
စနက်တံထင်တယ်
ဆံဖျားထိလောင်ကျွမ်းနေပေါ့ ...။

နောက်ဆုံးတော့
သည်းခံခြင်း အငွေ့ပျံ
ကောင်းကင်အောက်ကရုန်းထွက်
စည်းရိုးကိုချိုးဖျက်
ငါ့မြင်းကို
မင်းဆီစိုင်းခဲ့ပြီ ...။

တင်မင်းထက်
(ဝိညာဉ်ပြာတို့ မိုးကောင်းကင်၊ ၁၉၉၂)

ဖတ်ရင်းနဲ့ အဲဒီကဗျာကို ရေးဖြစ်ပုံကို သတိရလာတယ်။ ဘာရယ် မဟုတ်၊ မန္တလေးကို ရထားနဲ့ သွားရင်း ပျင်းကလည်းပျင်း၊ ရထားလမ်းဘေးမှာ တွေ့သမျှ လယ်ကွင်း၊ တောင်တန်း၊ နေကြာခင်း စတာတွေ အကုန်ထည့်ရေးထားတာပဲ။ နောက်ဆုံး တပိုဒ်ကတော့ ဆရာအောင်ဝေးတို့ ခရမ်းပြာမြင်းရိုင်းနဲ့ ဒုန်းဆိုင်းနေတဲ့ ကာလဆိုတော့ မြင်းစီးကြည့်မိတာပါ။

ကိုယ့် ပထမ ကဗျာကို ပြန်ဖတ်ဖြစ်တော့ ကျွန်တော့် ဆရာ၊ ဆရာမများရဲ့ ပထမ ကဗျာတွေကိုလည်း သိချင်မိပါတယ်။ (ဤကား အလစ်အငိုက် တက်ဂ်လိုက်ခြင်း ဖြစ်သည်။)

ကိုအောင်သာငယ်ကိုညိမ်းညိုတီချယ်မေငြိမ်း၊ မနော်၊ မအိန္ဒြာ၊ မကေသွယ်၊ မသီတာ၊ မမသီရိ တို့ အဆင်ပြေရင် ရေးပေးစေချင်ပါတယ်။ မအားရင်၊ အာရုံမရရင်လည်း နေပါစေ။ ပထမဆုံးရေးတဲ့ ကဗျာမှ မဟုတ်ပါဘူး။ ပထမဆုံး ပုံနှိပ်တဲ့ ကဗျာ၊ ပထမဆုံး ရည်းစားကို ပထမဆုံး ပေးဖြစ်တဲ့ ကဗျာ၊ ပထမဆုံး အမျိုးသားစာပေဆုရတဲ့ ကဗျာ စသည်ဖြင့် ပထမ တခုခုပေါ့။

Read more...

Dec 2, 2009

ဖော်ဝဒ်မေးလ်




ဖော်ဝဒ်မေးလ်တွေ ရတတ်ကြပါသလား။ အီးမေးလ် သုံးသူတွေရဲ့ ၁ဝဝ% က ရပါတယ်လို့ ဖြေကြမှာပါ။

အီးလ်မေးလ်ဟာ အနေဝေးနေကြတဲ့၊ တွေ့ဆုံဖို့ မလွယ်တဲ့ ဆွေမျိုး အပေါင်းအသင်းတွေ အလွယ်တကူ ထိတွေ့ ဆက်သွယ်လို့ရတဲ့ အသုံးဝင်လှတဲ့ ခေတ်ပေါ် နည်းပညာတခုပါပဲ။ ဟိုးအရင်တုန်းကတော့ စာရေးပြီး စာတိုက်ကနေ ပို့ကြတယ်။ ကိုယ်ရေးကိုယ်တာနဲ့ အတူ နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာစုံ ပါဝင်တဲ့ ပေးစာတွေကို စုပြီး ဘယ်သူဘယ်ဝါ့ ပေးစာများ ဆိုပြီး စာအုပ်တောင် စုထုတ် တတ်ကြသေးတယ်။

ဘယ်သူ့ အီးမေးလ်များ ဆိုပြီး စာအုပ် ထုတ်ဖို့တော့ မလွယ်ပေဘူး။ ကျွန်တော်တို့ပို့တဲ့ မေးလ်အများစုက အလွယ်တကူ ပို့လို့ရတဲ့ ဖော်ဝဒ်မေးလ်တွေ ဖြစ်နေတာကိုး။ မူရင်းက ဝဘ်ဆိုဒ်တခု၊ ဘလော့ဂ်တခု ဖြစ်နေတာလည်း များတာကိုး။ ဒါပေမဲ့ ဖော်ဝဒ်မေးလ်လည်း မဆိုးပါဘူး အနည်းဆုံး "သူ ငါ့ကို သတိရသားပဲ" လို့ သိရတာပေါ့။

ဖော်ဝဒ်မေးလ်တွေရဲ့ အကြောင်းအရာကလည်း စုံပါတယ်။ ဟာသတိုထွာ အစ၊ နှလုံးရောဂါ ကာကွယ်နည်း အလယ်၊ မော်ဒယ်မလေး အိပ်ခန်းထဲမှာ ဖုံးပြောနေပုံ အဆုံး အားလုံးပါပါတယ်။ အများစုက စိတ်ဝင်စားစရာပါ။ တချို့ သူငယ်ချင်းတွေ ပို့တဲ့ မေးလ်တွေကိုတော့ ရုံးမှာဖွင့်ရင် ကမန်းကတန်း ပိတ်ပြစ်ရလွန်းလို့၊ ဘယ်သူတွေ ပို့တာဆို ရုံးမှာ ဖွင့်လို့ မဖြစ်ဆိုတာမျိုး မှတ်ထားရတယ်။

မကြိုက်တဲ့ ဖော်ဝဒ်မေးလ်တွေလည်း ရှိပါတယ်။ ပထမတမျိုးက ရွှေပေလွှာ။ ငယ်ငယ်ကတော့ ဒီလို စာမျိုးတွေက စာတိုက်က လာပါတယ်။ ဆရာတော်ဘုရားကြီး အိပ်မက်ဆိုတာမျိုး။ ခုတော့ အကြောင်းအရာ ပြောင်းသွားပါပြီ။ ငွေနတ်သမီးတို့၊ ဦးဘီဂိတ် မေတ္တာဝေတယ်တို့ ဖြစ်သွားပါပြီ။ ပို့တဲ့သူရော ရတဲ့သူပါ အချိန်ကုန်ပါတယ်။ နောက်တမျိုးက Internet Hoaxes ခေါ်တဲ့ အလိမ်အညာ သတင်းတွေပါပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ထန်းပင်လောက်မြင့်တဲ့ လူတွေရဲ့ အရိုးစုတွေ့တာတို့၊ လျှာထဲက ပိုးဟပ်တို့ စသည်ဖြင့်ပေါ့။

အကောင်းအဆိုး ရောနေတဲ့ ဖော်ဝဒ်မေးလ်ကတော့ မြန်မာ ဘလော့ဂ်တွေက၊ ဝဒ်ဆိုဒ်တွေက ကောင်းနိုးရာရာလေးတွေ ကူးပြီးပို့ပေးတာပါ။ ကိုယ် လက်လှမ်းမမှီတဲ့၊ သတိမထားမိလိုက်တဲ့ သတင်း၊ ဗဟုသုတ၊ ရသစာစု စတာတွေ ပါတတ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ဆိုးတာက ရေးတဲ့သူနဲ့၊ မူလဆိုဒ် မပါတာ များပါတယ်။ စာတပုဒ်လုံးကို ဓာတ်ပုံတွေပါကူးပြီးမှ ဘာလို့ရေးသူ နာမည် ချန်ထားခဲ့ကြသလဲ စဉ်းစားမရပါ။

ဒီနေ့ မနက်ပဲ ဖော်ဝဒ်မေးလ်တစောင် ရပါတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဟောင်း နိုင်ငံခြားသူ ရေးတဲ့ စာအုပ်အကြောင်းပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထုံးစံအတိုင်း ရေးသူ နာမည်တော့ မပါပါ။ ပို့ပေးသူ သူငယ်ချင်းကတော့ ဖော်ဝဒ်မေးလ် ဖြစ်ကြောင်း၊ မူရင်းရေးသူကို ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။ ဒါနဲ့ပဲ စာပိုဒ်ထဲက ထူးခြားတဲ့ စာသားတခု ဖြစ်တဲ့ "ကိန္ဒရီ နဲ့ မာယာရီ" ဆိုတာကို ကူးပြီး Google မှာ ရှာကြည့်လိုက်တော့ မကေသွယ် ဘလော့ဂ်ကဆိုတာ သိရပါတယ်။ ဒီမှာပါ ..


Twilight over Burma

ကျွန်တော် ပြောချင်တဲ့ သတင်းစကားက ကိုယ်ကြိုက်တဲ့ (နာမည်မပါတဲ့) ဖော်ဝဒ်မေးလ်တခုကို ထပ်ပြီး ဖော်ဝဒ် မလုပ်ခင်မှာ၊ စာသားထဲက တခု နှစ်ခုကို ကူးပြီး Google မှာ ရှာကြည့်လိုက်ပါ။ မေးလ်ထဲမှာလည်း ဇော်ဂျီဖောင့်၊ မြန်မာဆိုဒ် အများစုကလည်း ဇော်ဂျီဖောင့် ဆိုတော့ မူလ စာကို တွေ့ပါလိမ့်မယ်။ ဒါဆို ခုနက ကိုယ်ကြိုက်တဲ့ မေးလ်မှာ ရေးသူနာမည်လေး ထည့်ပေးပြီး ဖော်ဝဒ်လုပ်လိုက်ရင် ပြည့်စုံတဲ့ ဖော်ဝဒ်မေးလ် တစောင် ဖြစ်သွားပါလိမ့်မယ်။

Read more...

Nov 14, 2009

မေးခွန်းနံပါတ် ၁ဝ


The Rose : Salvador Dali

မေးခွန်းနံပါတ် ၁ဝ

သူသည် ...
(က) ကျွန်တော်၏ ပျောက်ဆုံးနေသော ခန္ဓာကိုယ်တခြမ်း။
(ခ)   ကျွန်တော်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှ နံရိုးတချောင်း။
(ဂ)   ကျွန်တော့်နှဖူးတွင် နတ်တို့ရေးထားသော အမည်နာမ၏ပိုင်ရှင်။
(ဃ) ကျွန်တော့်ကို စူးဝင်နေသည့် ရွှေစင်မြား၏ လေးညှို့ရှင်။
(င)   အထက်ပါ အချက်များ တခုမှ မမှန်ပါ။

မည်သည့်အဖြေကို ရွေးချယ်သည်ဖြစ်စေ -
သူသည် ...
သူဖြစ်နေခြင်းကပင်
ကျွန်တော့်အတွက် ပြည့်စုံလှပနေပါသည်။

တင်မင်းထက်
(၁၄.၁၁.၂ဝဝ၉ ဆယ်နှစ်ပြည့် မင်္ဂလာ)

Read more...

Nov 13, 2009

Green Memory (9)

တံတားဖြူ

ကြည်နူးခြေရာတွေ တွက်ရေရင်း
နာကြည်းဒဏ်ရာတွေ ဆူညံလာခဲ့
မျက်ရည်နဲ့ဆေးလည်း မဖြူ

တင်မင်းထက်
၂ဝဝ၉

Read more...

Nov 11, 2009

Green Memory (8)

ဘွဲ့နှင်းသဘင်ခန်းမ

သူ့ဆီရောက်အောင်လာခဲ့ပြီးမှ
သူနဲ့ခွဲခွာဖို့ကြိုးစားကြရပြန်တယ်
သံသားတွေ ဓားဖြစ်ဖို့

တင်မင်းထက်
၂ဝဝ၉

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP