Feb 22, 2010

အလွမ်းမပြေ

ဒီနေ့ မနက် မျက်နှာစာအုပ် (Facebook)  ကြည့်ရင်း Rangoon Institute of Technology Alumni ကို ရောက်သွားပါတယ်။ အဲဒီမှာ Titus Hlaing တင်ပေးထားတဲ့ ပုံတွေတွေ့။ ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ မောင်ညွန့်ဌေး ရဲ့ "လွမ်းပြေအောင်" ဆိုတဲ့ ကဗျာ တပုဒ်ကို ပြန်ရှာဖတ်ကြည့်တော့ အလွမ်းမပြေ ဖြစ်ရပါတော့တယ် ...


လွမ်းပြေအောင်

စွယ်တော်ရိပ်........၏
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ...

ကံ့ကော်စိန်ပန်း၊ စွယ်တော်တန်းနှင့်
ခရေလမ်းမှာ၊ ပန်းကောက်သူတွေ
တပြေတရွာ၊ အနေကြာလည်း
နာရီလက်တံ၊ နောက်ပြန်လှည့်ကြည့်
သတိရစရာ...


အေဆောင် ဘီဆောင်
နောက်ပြောင်အော်ဟစ်၊ အပြစ်မမြင်
ချစ်ကြခင်ကြ၊ ကျီစယ်ကြနှင့်
ဥတ္တရရှေ့၊ ပျော်မွေ့သံစဉ်
လက်တွင်ဂီတာ၊ ဘာဂျာတယော
ပန်းစုံတောမှာ၊ ဂျီဟောသူကို
ဖျော်ဖြေသူ...


ဘီလ်ဒင်ဝမ်းတူး
ကူးသွားဖြတ်သန်း၊ စာသင်ခန်းဝင်
လွင်လွင်ဘဲ(လ)သံ၊ စီစီညံကို
ပြန်လည်ကြားယောင်၊ သန်းခေါင်ညဉ့်နက်
ဂဏန်းတွက်သူ၊ စာကျက်သူတွေ...

အာအိုင်တီ
အီကိုရာဇူး၊ မြူးတူးယှဉ်ပြိုင်
အနိုင်မခံ၊ အရှုံးမပေး
အားပေးသန်သူတို့ စုဝေးရာ...


အဆန်ဗလီဟော၊ စာပေဟောပြောပွဲတဲ့
သောသောညံညံ၊ လက်ခုပ်သံနှင့်
ဆိုင်းသံဗုံသံ၊ တရံမပြတ်
ပြဇာတ်အငြိမ့်၊ ခြိမ့်ခြိမ့်သဲသဲ
နားထဲကြားယောင်...

ကာတွန်းဘောက် တဲ့
အပြောက်အမွှန်း၊ အရွှန်းအသော
ဟာသနှောလျက်၊ ပြောင်မြောက်လက်ရာ
ကောက်ကြောင်းမှာလျှင်
သစ္စာရှာသူ...


ဩဘာလမ်း တဲ့
ဖြတ်သန်းလျှောက်သွား၊ ဟားဟားဟီးဟီး
လက်ခုပ်တီးကြ၊ နောက်ပြောင်ကြနှင့်
ဘဝဂ်ထိညံ ကျီစယ်သံ တို့
ပြန်လည်ကြားယောင်...

နွေးအေး၊ အောင်သိပ္ပံ
ကန်သာယာ၊ ဦးချစ်၊ ခြောက်နှစ်ခြောက်မိုး
သည့်ထက်တိုးလို့၊ နေသူပေသူ
ပျော်တတ်သူတွေ...

စာမေးပွဲနီး၊ ပျာယီးပျာယာ
စာကြည့်စားပွဲ၊ ပြန့်ကြဲမှတ်စု
အဖုအထစ်၊ မပြေပြစ်လည်း
ခေတ်နဲ့စနစ်၊ အနှစ်အကာ
ဘယ်အရာမှန်၊ ဝေဖန်တတ်သူ...


 စွယ်တော်ရိပ်....... တဲ့
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ...

မောင်ညွန့်ဌေး (အထက်မင်းလှ)
(အာအိုင်တီ ဒင်နာမှာ ဝေတဲ့ စွယ်တော်ရိပ်စာစောင်ထဲက ကဗျာလေးပါ)

Credit to မောင်ညွန့်ဌေး & Titus Hlaing.

12 comments:

ရွှေရတုမှတ်တမ်း February 22, 2010 at 11:45 AM  

အေးဗျာ...လွမ်းစရာလေးတွေ..
နွေးအေး အပြင် ကျနော်တို့က ကျင်မီကျင်သီလို့နာမည်ပေးထားတဲ့ဆိုင်ရှိသေးတယ်

သက်ဝေ February 22, 2010 at 11:54 AM  

ဟုတ်ပါရဲ့...
ဓါတ်ပုံတွေရော... ကဗျာလေးရောက ကျောင်းသားဘဝကို ထင်ဟပ်... တကယ်လွမ်းစရာကောင်းပါတယ်...

စွယ်တော်...
ကာတွန်းဘောက်စ်၊ သြဘာလမ်း၊ နွေးအေး၊ ကန်သာယာ၊ အောင်သိပ္ပံ...

မေငြိမ်း February 22, 2010 at 4:43 PM  

ငထက်ရယ်.. နင်မပြောနဲ့ ငါတောင် ခုထိ လွမ်းမပြေ..

ကိုအောင် February 22, 2010 at 10:27 PM  

ဓါတ်ပုံရော၊ ကဗျာရော အရမ်းကောင်းပါတယ်၊ ကျေးဇူးဗျာ။

Anonymous,  February 22, 2010 at 11:31 PM  

ပုံတွေလည်းကြည့် ကဗျာလည်းဖတ်သွား။
စွယ်တော်ရွက်ကို သိပ်ကြိုက်တယ်။

ဂျစ်တူး ( မုံရွာ ) February 23, 2010 at 7:28 AM  

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ကျနော်ကအာအိုင်တီကမဟုတ်ပေမဲ့
ကဗျာကလေးကိုဖတ်
ပြီးအတိတ်သမိုင်းကိုတူးဆွသွားမိတယ်-ကျောင်းထဲမှာ(ရန်ကုန်တက္ကသိုလ်)ဓါတ်ပုံရိုက်တဲ့သူဆို
တော့အာအိုင်တီကဘွဲ့ တွေပေးတဲ့နေဆိုရင်လည်း
အာအိုင်တီဘက်ကိုမနက်စောစောလာရိုက်ဋ္ဌကရတယ်။
တခါဘွဲတွေယူပြီးတော့လည်းအာအိုင်တီကျောင်းကြီးကို
တခါပြန်ကြပြီးဓါတ်ပုံရိုက်ကြပြန်တယ်-
ဘွဲ့ တွေယူတဲ့နေ့ဆိုဂျစ်တူးကအာအိုင်တီကျောင်းထဲ
ကိုတနေ့ထဲနှစ်ခေါက်ရောက်တယ်ဗျ-စာတွေအရမ်းတော်တဲ့ကိုကို-မမ-ညီလေး-ညီမကလေး
တွေကိုအပေါ်မော့ပြီးကြည့်ခဲ့ရသူပါ။ စွယ်တော်ပန်းကလေးတွေဟာလည်းဘယ်တော့မှအပင်ခြေရင်းမှာမပွင့်တတ်ကြပါဘူး-(ဆိုင်မယ်လို့ထင်တယ်)

ဂျစ်တူး ( မုံရွာ ) February 23, 2010 at 7:34 AM  

စွယ်တော်ပန်းကလေးတွေဟာလည်းဘယ်တော့မှ
အပင်ခြေရင်းမှာမပွင့်တတ်ကြပါဘူး။
(ဆိုင်မယ်လို့ထင်တယ်)
တကယ့်ကိုအလွမ်းမပြေပါခင်ဗျာ-ကဗျာတွေရောဓါတ်ပုံတွေရောလွမ်းမောစွာ-တမ်းတစွာနဲ့
ဖတ်ဋ္ဌကည့်သွားပါတယ်။နောက်ကိုလည်းလာခဲ့ပါရစေလို့
ဋ္ဌကိုတင်ပြီးခွင့်ပန်ခဲ့ပါရစေဗျာ-

Anonymous,  February 23, 2010 at 5:10 PM  

ပြန်မရတော့တဲ့
ငါတို့ ရဲ့ နေ့ စွဲတွေ..
တဆစ်ဆစ် တရစ်ရစ်
ဒါပေမယ့် တမြည့်မြည့် တနင့်နင့်
နောက်ဆုံးမိနစ်အထိ စီးဆင်းမယ့် မြစ်တွေ
သူ့ လက်တက် တွေ နဲ့ သိမ်းပိုက်ခံရတာကို က
အလွမ်းပြေဖို့ သက်သက် မဟုတ်
အလွမ်းတွေ..ဝေသထက် ဝေဖို့ လေ..

မောင်ချမ်း
23 Feb 2010

Rita March 8, 2010 at 10:43 PM  

မတော်လိုက်ရတဲ့ကျောင်း

အသေးလေး(ခ)ငုံးဥ,  March 17, 2010 at 2:54 PM  

ကဗျာလေးကကောင်းလိုက်တာ...အားလုံးကိုလွမ်းသွားတယ်..

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP