ပန်းချီဆရာ
ပန်းချီဆရာ
"ဒီလူသေရင်
တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ... တဲ့။
ဒုတိယကမ္ဘာစစ်မီးက
မဖျက်ဆီးနိုင်ခဲ့တဲ့
ကျောင်းရဲ့အလှကို
ပြည် နဲ့ တကောင်းကြားက
တဲတန်းလျားစာသင်ခန်းမှာ
စပြီးငြိခဲ့တယ် ဆိုပါစို့။
တက္ကသိုလ်မြေ တနေရာရာမှာ
ပန်းချီဆွဲနေတဲ့ သူဟာ
ကျောင်းရဲ့ အနုပညာသင်္ကေတ
သူမြင်သမျှ သူခံစားသမျှဟာလည်း
ကျောင်းရဲ့အရိပ်
ကျောင်းရဲ့နမိတ်တွေသာဖြစ်တယ်။
၁၉၆၂
သမဂ္ဂ အဖြိုခံရတော့
တက္ကသိုလ်လည်းနေညို
သူ့ပန်းချီခန်းလည်းပြိုခဲ့တယ်။
ကျောင်းကိုချစ်တဲ့စိတ်ကတော့
မိုးမတိတ်ခဲ့ပါဘူး
အဓိပတိလမ်းတနေရာရာ
ကံ့ကော်ပင်တန်းတနေရာရာ
ပန်းချီဒေါက်တိုင် ထောင်ထားဆဲပါ။
၁၉၇ဝ
တက္ကသိုလ်ရွှေရတုသဘင်
ပန်းချီပြပွဲတင်တော့
သစ်ပုတ်ပင် နဲ့ ပုဂံလမ်း
ဆေး ၁ နဲ့ စိန်ပန်းတွေ
ချစ်ခြင်းတို့ဝေခဲ့တယ်။
၁၉၇၄
ဦးသန့်အရေးအခင်း
သွေးချင်းချင်းတက္ကသိုလ်
သူ ... ငိုခဲ့လေသလား။
တက္ကသိုလ်နေဝင်တော့
သူ့ရင်မှာ ပန်းချီသုဉ်း
ဖုန်းဆိုးမြစ် ဖြစ်ခဲ့တယ်။
သူချစ်တဲ့စုတ်တံတွေကို
အင်းလျားမှာ ရေချခဲ့လေသလား
စကားပင်ခြေမှာ မြုတ်နှံခဲ့လေသလား
နှစ်များစွာလွန်ခဲ့ပြီ။
၁၉၈၈ ...
၁၉၉၁ ...
၁၉၉၆ ...
တက္ကသိုလ်ညနက်နက်တွေကို
သူဘယ်လို ခံစားရလေမလဲ
ဒီမြေမှာ ပန်းချီမရှိတော့။
မျှော်လင့်နေဆဲ ယုံကြည်ဆဲလေ ...
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
တက္ကသိုလ်ရဲ့ တနေရာရာမှာ
ပန်းချီဆရာ ဦးနန်းဝေကို
ပြန်တွေ့ရ ပေလိမ့်မည်။ ။
တင်မင်းထက်
၂၃.ဝ၂.၁ဝ
(အောင်မြင့် နဲ့ အောင်မင်း ရဲ့ "မြန်မာ ခေတ်ပြိုင်အနုပညာ ၁" စာအုပ်ကို ကိုးကားပါသည်။
"ဒီလူသေရင် တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ဆိုတာ ဆရာဇော်ဂျီ ပြောခဲ့တာပါ။)
7 comments:
ကျောင်းကိုချစ်တဲ့စိတ်ကတော့ မိုးမတိတ် ပါဘူး ကိုတင်မင်းထက်ရယ်..
I feel very sorry for our education system. I miss my YIT, I miss my school day.
And I love your poem although I do not write poem.
Many Thanks..
ပန်းကလေးတွေ လွတ်လပ်စွာဖူးပွင့်ခွင့်ရတဲ့နေ့
လေပြေတွေကို လွတ်လပ်စွာ ရှူရှိက်ခွင့်ရတဲ့နေ့
မိုးကောင်းကင်ပေါ် တိမ်ညိုတွေ ကင်းတဲ့နေ့
အဲဒိနေ့ မှာပေါ့.
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
..
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
..
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
ဟုတ်တယ်..ဦးနန်းဝေ လောက် တက္ကသိုလ်ကြီးကို ချစ်တဲ့သူ ရှိမယ်တောင်မထင်.. ဆွဲသမျှ ပန်းချီအားလုံး.. ဒီ ကျောင်းကြီး နဲ့ ပတ်သတ်သမျှ .. သူနေထိုင်ခဲ့တာလည်း.. ဒီကျောင်းကြီး...
သမဂ္ဂကြီး နဲ့ အတူ သူ့ပန်းချီကားတွေ လည်း ပါသွားခဲ့ဘူး..
ဒီကျောင်းကြီး ကို ချစ်တဲ့သူ တွေ ရဲ့ ဆန္ဒ တချည်မျှင် စီ နဲ့ တင်..ကျောင်းတော်ကြီး တမိုးသောက် ပါစေသော်ဝ်
မြန်မာခေတ်ပြိုင် အနုပညာ စာအုပ်ကို ဖတ်တော့ ဦးနန်းဝေနဲ့ ပတ်သက်ပြီး အရင်က မသိခဲ့တဲ့ အချက်တခု သိရတယ်။ ဆရာကြီးဟာ ၇၅ ခုနှစ် ကစပြီး ပန်းချီ မဆွဲတော့ဘူးတဲ့။ ဒါနဲ့ပဲ ဒီကဗျာကို ရေးဖြစ်သွားတာ။
လက်ကချမရေးဖြစ်ပေမယ့်
အာရုံထဲ ကြပ်ခဲလေးလံနေမယ့် အရောင်တွေ
အရိပ်တွေ .. ကောက်ကြောင်းတွေနဲ့
ပန်းချီဆရာ ..
သူ........
........
သမိုင်းထဲက ဖောက်ထွက်လာတဲ့ အလင်းတန်းတွေပဲ...
Post a Comment