Feb 20, 2014

သက်တံ

မိုင်တွေအဝေးကြီး
ပြေးလာခဲ့ပြီးမှ
ပတ်လမ်းမှန်း သိခဲ့ရ။

ရပ်တန့် ငေးမော
သက်တံ ၂ ထပ်ရဲ့ အဆုံးက
၂ ဆသော ပျော်ရွှင်မှု။

ခုန်တယ်
ဒီနေရာကိုပဲ ပြန်ကျတယ်။

တင်မင်းထက်
၂၀၁၄

Feb 19, 2014

ညစာမစားခင် ၅ မိနစ်

သူတပါးရဲ့အောင်မြင်မှုတွေ
မြင်ရတော့
အားကျမိတယ် မလိမ်ပါဘူး
လိုက်တော့မလုပ်ဖြစ်ဘူး
ဒါလည်း အမှန်ပါပဲ
အချိန်နည်းနည်းကြာသွားတော့
အဲဒါတွေအားလုံး မေ့သွားပြီ။

ညမီးတိုင်တွေအောက် လမ်းလျှောက်ရင်း
ကျနေတဲ့ပိုးကောင်တွေကို ရှောင်ရင်း
စိတ်ဟာ တဆတ်ဆတ်အတုတ်ခံခဲ့ရ။

ရေစစ်ကို
ရေကြည်ရေသန့်တွေ ဖြတ်စီးသွား
တင်ကျန်ရစ်ခဲ့တာတွေက
သူတပါးရဲ့ရူးသွပ်မှုကို ဟား ခဲ့မိတာတွေ
သူတပါးရဲ့ယုတ်မာမှုကို ထွီ ခဲ့မိတာတွေ
သူတပါးရဲ့ရိုးအမှုကို ဟင် ခဲ့မိတာတွေ။

မီးဖိုထဲမှာ ညနေစာပြင်ဆင်ချိန်
အရွက်တွေ တပုံကြီးကိုကြော်လိုက်တော့
လက်တဆုတ်စာလေးပဲ ကျန်တော့တယ်
အသားတွေ ကျက်သွားတော့
လက်တဆုတ်စာလေးပဲ ကျန်တော့တယ်
ဆေးစရာတွေကလည်း ပုံလို့
ပစ်စရာအမှိုက်တွေက အိတ် ၃ လုံးအပြည့်။

တင်မင်းထက်
၂၀၁၄

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP