Dec 20, 2010

ကားမှတ်တိုင်

ကားမှတ်တိုင်

နောက်ထပ် ကားတစီးရောက်လာတယ်
မရင်းနှီးတဲ့လူတွေကို ထားခဲ့ပြီး
ပြန်ထွက်သွားတယ်
ဓာတ်တိုင်ရဲ့ အရိပ်မှာခိုကပ်ပြီး
ရပ်နေခဲ့တာ
ဘယ်လောက်ကြာပြီလဲလို့ မမှတ်မိတော့ဘူး
အနက်ရောင်ထီးတွေ
ခါတိုင်းထက်ပူတဲ့ နေရောင်မှာ
ကူးခတ်နေကြ
ဒီအချိန်ဆို အိမ်ကထွက်လာပြီ
ဒီအချိန်ဆို ကားပေါ်ရောက်နေပြီ
အဲဒီလို အတွေးတွေတောင်မှ
ညောင်းညာနေကြပြီ
အကြည့်ကို ခါချလိုက်တယ်
ငှက်တကောင်မှ မရှိတဲ့ကောင်းကင်
တိမ်တစတောင် မပျံတဲ့ကောင်းကင်
စကားသံတွေ သိပ်ဆူတယ်
မျက်နှာတွေက ငြီးငွေ့စေတယ်
ဘတ်(စ်)ကားမှတ်တိုင်ဆိုတာကလည်း
သက်တောင့်သက်သာ မရှိဘူး
နာရီကို ချွတ်လိုက်ပြီး
အင်္ကျီအိတ်ထဲထည့်လိုက်တယ်
ဒီနေ့ကို လွှင့်ပြစ်လိုက်ပြီးမှ
နောက်ထပ်ကားတစီး ရောက်လာတယ်
ဟိုဟိုဒီဒီ ရှာနေတဲ့
မျက်လုံးလေးတစုံကို ကောက်ရတယ်
ကြည်လင်နူးညံ့တဲ့အကြည့်
အနားကိုလှမ်းလာတဲ့
ခြေလှမ်းလေးတွေမှာ
ပန်းလေးလို တဖြည်းဖြည်းပွင့်လာတဲ့
ဂီတသံကိုကြားရတယ်။

တင်မင်းထက်
၁ဝ.၃.၉၅

(ပျောက်နေပြီထင်တဲ့ ကဗျာလေး တပုဒ်ပြန်တွေ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဘတ်(စ်)ကားမှတ်တိုင်မှာ ရေးထားတာပါ။)

Read more...

Nov 3, 2010

အိပ်မက်တိတ္ထုံ (ပန်းပွင့်များ)


Photo: Pierre Jahan

အိပ်မက် - ၈

ပန်းပွင့်များ

ပန်းတွေဝေတဲ့ အိပ်မက်ဟာ
မျှော်လင့်ချက်၊ ချစ်ခြင်း၊ ကြင်နာမှုတွေနဲ့ ဝေနေတာပါပဲ။
ငုံရာကနေ တဖြည်းဖြည်းပွင့်လာသည်ဖြစ်စေ
ညှိုးလုလု အချိန်လေးကိုမှီလိုက်သည်ဖြစ်စေ
ပန်းတွေဝေနေတဲ့ အိပ်မက်ဆိုတာ
အလှတရားရဲ့ ရာသီနဲ့ကြုံတွေ့ရမယ့်
သင့်ကိုမွှေးမြစေမယ့် နမိတ်ပင်ဖြစ်သည်။

Read more...

Sep 28, 2010

အိပ်မက်တိတ္ထုံ (အမှောင်)

Photo : Pierre Jahan

အိပ်မက် - ၇

အမှောင်

ကိုယ့်ကိုယ်ကိုနားမလည်နိုင်တဲ့အခါ
(ဒါမှမဟုတ်)
ဥပေက္ခာတစုံတရာကိုရရှိလိုက်တဲ့အခါ
အမှောင်ထဲမှာ ပိတ်မိနေတတ်တယ်။
မမေးချင်တဲ့အမေးနဲ့ မဖြေချင်တဲ့အဖြေတွေကို
တိမ်းရှောင်ချင်တဲ့အခါမျိုးမှာတော့
အမှောင်ဟာ နေသားတကျပါပဲ။

Read more...

Sep 26, 2010

သန်းတိုးအောင် နှင့် တွေ့ဆုံခြင်း


လွန်ခဲ့တဲ့ ၁ လလောက်က တင်ထားတဲ့ မတန်ခူး ရဲ့ လေနုအေးဘလော့ဂ်က
"အချစ်ရိုင်းတို့အချစ်ဦး" ပို့စ်ကို ပြန်ဖတ်မိရင်း ကျောင်းကို သတိရတာနဲ့ ..
ကျောင်းအမှတ်တရ တခုခု တင်ချင်စိတ်ပေါ်လာမိပါတယ်။
အသစ်ရေးထားတာကလည်း မရှိဆိုတော့၊
အရင် ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၉၆) မှာ ရေးဖူးတဲ့ ..

မြန်မာ့လက်ရွေးစဉ် ဘောလုံးသမား "သန်းတိုးအောင်" နှင့် တွေ့ဆုံခြင်း

ဆိုတာလေး ပြန်သတိရတာနဲ့ တင်ပေးလိုက်ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံကလည်း မရှိနဲ့ အင်တာဗျူးလုပ်မယ် ဆိုပြီး သွားလိုက်တာ အသံဖမ်းဖို့ ကက်ဆက်တောင် မပါဘူး။ လက်ရေးနဲ့ ရေးမှတ်နေတာကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးခဲ့တဲ့ ကိုသန်းတိုးအောင်၊ ကူညီပေးခဲ့တဲ့ လက်ရွေးစဉ်ဘောလုံးသမား ကိုကျော်မင်းတို့ကို ကျေးဇူးအထူးတင်ပါတယ်။

.........................................................................................................................
မြန်မာ့လက်ရွေးစဉ် ဘောလုံးသမား "သန်းတိုးအောင်" နှင့် တွေ့ဆုံခြင်း

မေး - ရန်ကုန် စက်မှုတက္ကသိုလ် စတင်ဝင်ရောက်တဲ့ နှစ်ရယ်၊ ကျောင်းပြီးတဲ့ နှစ်ရယ်၊ ဘယ်အဓိက ဘာသာရပ်နဲ့ အင်ဂျင်နီယာဘွဲ့ ရခဲ့တယ် ဆိုတာ သိပါရစေ။

ဖြေ - ရန်ကုန် စက်မှုတက္ကသိုလ်ကို ၁၉၈၄ ခုနှစ်မှာ စတင်တက်ရောက်ခဲ့ပြီး ၁၉၉၄ မတ်လမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပါတယ်။

မေး - ဘယ်အချိန်ကစပြီး ဘောလုံးကန်ခဲ့ ပါသလဲ။ ပြိုင်ပွဲဝင်တဲ့ အနေနဲ့ပေါ့။

ဖြေ - ၁၉၈၅၊ ပထမနှစ်မှာ ရန်ကင်းမြို့နယ် လက်ရွေးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၊ ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံပြိုင်ပွဲ ကစားခဲ့ပါတယ်။ မြို့နယ်အနေနဲ့ ဒုတိယ ရခဲ့ပြီး၊ ကျွန်တော့်အနေနဲ့ "အကောင်းဆုံး ဘောလုံးသမားဆု" ရခဲ့ပါတယ်။ ဒုတိယနှစ် တက်နေချိန် ၁၉၈၆ မှာ ပြည်နယ်နှင့်တိုင်း ၁၉-နှစ်အောက် ပြိုင်ပွဲမှာ ရန်ကုန်တိုင်းအသင်းက ပါဝင်ခဲ့ပါတယ်။ အဲဒီ ပွဲမှာလည်း "အကောင်းဆုံး ဘောလုံးသမားဆု" ရခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် စဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ပွဲအနေနဲ့ကတော့ ၁၉၈၄-၈၅ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဘောလုံးပွဲမှာ ဒဂုံဇုံ-၂ ကနေ ပါဝင်ခဲ့ပါတယ်။ မန္တလေးမှာ ကန်ခဲ့ရပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် အဖြစ် ၁၉၉၁ မှာ စတင်တာဝန်ယူခဲ့ပါတယ်။ 

၁၉၉၄ ခုနှစ်မှာ "တစ်နှစ်တာ အကောင်းဆုံး အမျိုးသား အားကစားသမား" ဆုကို ရခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် ပြန်လည်ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ ၁၉၉၆ မှာ အမျိုးသား၊ အမျိုးသမီး မခွဲဘဲ "အကောင်းဆုံး အားကစားသမား" ဆု အဖြစ် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမား (ဦး)ဗဟာဒူးက ရရှိခဲ့ပါတယ်။ (၉၄ နဲ့ ၉၆ နှစ်တွေလွဲနေသလိုပဲ။)

မေး - ကျောင်းမှာ သင်ခဲ့ရတဲ့ ပညာတွေဟာ အားကစားကွင်းထဲမှာ ဘယ်လို အသုံးဝင်ပါသလဲ။

ဖြေ - ရန်ကုန် စက်မှုတက္ကသိုလ်ဟာ ကျွန်တော်တို့ကို အင်ဂျင်နီယာကောင်းများ ဖြစ်စေရန် လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ အင်ဂျင်နီယာကောင်း တစ်ယောက်ဟာ ပြတ်သားရမယ်၊ တိကျရမယ်၊ ခေါင်းဆောင်နိုင်ရမယ်၊ ဘောလုံးကန်တဲ့အခါ စက္ကန့်ပိုင်းအတွင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါတယ်။ ပြီးတော့ ကျွန်တော်ဟာ အသင်းခေါင်းဆောင် ဖြစ်တဲ့အတွက် ကျောင်းက လေ့ကျင့်ပေးခဲ့တဲ့ ဦးဆောင်နိုင်မှု၊ တိကျမှု စတဲ့ အရည်အသွေးတွေဟာ အဓိက ကျပါတယ်။

မေး - များပြား ခက်ခဲလှတဲ့ စက်မှုတက္ကသိုလ် သင်ခန်းစာတွေကြားက ထူးချွန်တဲ့ အားကစားသမား တစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ပါသလဲ။

ဖြေ - အားကစားသမား တစ်ယောက်အနေနဲ့ ခက်ခဲတဲ့ သင်ခန်းစာတွေကို အတန်းစဉ် ကျော်ဖြတ်နိုင်အောင် ကြိုးစားရတာ မလွယ်ကူလှပါဘူး။ မိမိကိုယ်တိုင် ကြိုးစားမှု၊ သူငယ်ချင်းတွေ ဆရာတွေရဲ့ ပံ့ပိုးမှုနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။

မေး - စက်မှုတက္ကသိုလ် စာသင်နှစ်တွေကို ဖြတ်သန်းရင်း ဘယ်လို အမြတ်အစွန်းတွေ ရခဲ့ပါသလဲ။ (ဥပမာ - ချိန်ဆနိုင်မှု၊ အပေါင်းအသင်း၊ ခံနိုင်ရည် စသည်ဖြင့်)

ဖြေ - ဆက်ဆံရေး ကောင်းမွန်မှု၊ စည်းကမ်းသေဝပ်မှု၊ ခေါင်းဆောင်နိုင်မှု စတဲ့ အမြတ်အစွန်းတွေ ရခဲ့ပါတယ်။ ၁၉၉၁ ဂျာမန်နည်းပြဆရာ မစ္စတာဝါနာ ရောက်လာတဲ့အခါ အဲဒီအချက်ကြောင့် ကျွန်တော့်ကို အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အပေါင်းအသင်း အနေနဲ့ကတော့ နေရာဒေသ အမျိုးမျိုးက ဝါသနာ အမျိုးမျိုးနဲ့ သူတွေနဲ့ ဆုံတွေ့ခဲ့ရပြီး တစ်သက်တာ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ်။

မေး - အင်ဂျင်နီယာကောင်း အဖြစ်ရော ရပ်တည်ဦးမှာလား။

ဖြေ - အားကစားသမား ဘဝက အနားယူတဲ့အခါ အင်ဂျင်နီယာ တစ်ယောက်အဖြစ် ရပ်တည်ဖြစ်မှာပါ။ လက်ရှိလည်း ဆောက်လုပ်ရေးမှာ လက်ထောက် အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။

မေး - ဆောက်လုပ်ရေး ဝန်ကြီးဌာန ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦး အနေနဲ့ရော ဘယ်လို ရပိုင်ခွင့်တွေ ရရှိပါသလဲ။

ဖြေ - အခြားနိုင်ငံ ကိုယ်စားပြု အားကစားသမားတွေနဲ့ တန်းတူ အခွင့်အရေး ရပါတယ်။

မေး - စက်မှုတက္ကသိုလ်ရဲ့ အားကစား လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပေးချင် ပါသလဲ။

ဖြေ - စက်မှုတက္ကသိုလ် အနေနဲ့ အားကစား လှုပ်ရှားမှုတွေကို အရင်ကရော၊ အခုရော အားပေးခဲ့ပါတယ်။ လူငယ်ဘဝမှာ အားကစားရဲ့ လွှမ်းမိုးမှုဟာ အရေးပါလှပါတယ်။ အပန်းဖြေမှု အနေနဲ့ရော၊ ကိုယ်စိတ် ကြံ့ခိုင်မှု အတွက်ပါ အကျိုးရှိပါတယ်။ တက်ကြွတဲ့ အရွယ်မှာ ကျောင်းစာပြင်ပ အချိန်တွေကို အားကစားမှာ စိတ်နှစ်ထားမယ် ဆိုရင် မူးယစ်ဆေးဝါး စတဲ့ ပြဿနာတွေ လျော့နည်းသွားမှာပါ။

အကြံပေးဖို့ကတော့ ဘောလုံးနဲ့ ပတ်သက်ပြီးပဲ ပြောပါ့မယ်။ ကျွန်တော်တို့တုန်းက လုပ်ပေးခဲ့သလို 1st year, 2nd year section လိုက်ပွဲတွေ၊ major ပွဲတွေ၊ အဆောင်ပွဲတွေ လုပ်ပေးသင့်ပါတယ်။ ကျွန်တော်လည်း အဲဒီပွဲတွေမှာ ကစားခဲ့ဖူးပါတယ်။ အခု လုပ်ပေးထားတဲ့ ဘောလုံးကွင်းသစ်ကြီးဟာ သိပ်ကောင်းပါတယ်။ ကွင်းဖွင့်ပွဲတုန်းက ကျွန်တော် လာကစား ခဲ့ပါသေးတယ်။ အဆင့်မှီတဲ့ လေ့ကျင့်ရေးကွင်း တစ်ကွင်းပါ။ တကယ်လို့ ပွဲတွေ မကစားဘူးဆိုရင် အလကား ဖြစ်သွားပါလိမ့်မယ်။ အားကစား လောကမှာ တက္ကသိုလ် အားကစားသမားတွေ ထိပ်တန်းက ရပ်တည် နေကြပါတယ်။ အားပေးမှု မရှိရင် မျိုးဆက်ပြတ် သွားပါလိမ့်မယ်။

မေး - စက်မှုတက္ကသိုလ် တက်ခဲ့စဉ်က အမှတ်တရ ခံစားမိတဲ့ အဖြစ်အပျက်လေး တစ်ခုလောက် ပြောပြပါ။

ဖြေ - အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဟာသအနေနဲ့ ပထမနှစ်မှာ ဩဘာလမ်းကို လောင်းကြေးစားကြေးနဲ့ ဖြတ်လျှောက်တာပါပဲ။ အချို့ကလည်း အတန်းပြောင်းချိန် ဘာပြောကောင်းမလဲ ဝိုင်းအားပေး ကြတာပေါ့။ တစ်ဝက်လောက် ရောက်တော့ ဆက်မလျှောက်ရဲတော့ဘူး။ ဒါပေမဲ့ လှည့်ပြန်ရင်လည်း ဒီခရီး ဆိုတော့ ဆုံးအောင် လျှောက်ခဲ့တယ်။ ကျွန်တော် နိုင်တဲ့အတွက် လောင်းကြေး တစ်ဆယ်ရတယ်။ ပြီးတော့မှ နွေမိုးဆောင်းမှာ ကြံရည်တစ်ခွက်နဲ့ အရှက်ဖြေရတယ်။

နောက်တတိယနှစ်မှာ မြန်မာ့လက်ရွေးစဉ် အနေနဲ့ လေ့ကျင့်ရေး လွယ်ကူအောင် ကျောင်းက အစီအစဉ်နဲ့ ထဲမှာ နေခွင့် ရခဲ့တာလည်း အမှတ်တရပါပဲ။ A-52 မှာ။ အဲဒီနှစ် စာမေးပွဲချိန်မှာ အင်ဒိုနီးရှား အရှေ့တောင်အာရှပွဲ သွားကစား နေရလို့ ပြန်လာမှ တစ်ယောက်ထဲ ဖြေခဲ့ ရပါတယ်။ စာမေးပွဲ ပြီးတော့ အိမ်ကို ကြွေးကျန်စာရွက် ရောက်လာတယ်။ သူငယ်ချင်း တစ်ယောက်အတွက်ရယ်၊ ကျွန်တော့် အတွက်ရယ် ကျောင်းလခ ကြွေးကျန် သွားသွင်းခဲ့တယ်။ အောင်စာရင်းလည်း ထွက်ရော ကျွန်တော့် သူငယ်ချင်းက ပါပြီး ကျွန်တော့်နာမည် ပါမလာဘူး။ ကိုယ့်ဖာသာလည်း အောင်မယ်လို့ ယုံကြည်ထားတော့ အံ့ဩသွားတယ်။ ဟိုလျှောက်မေး၊ ဒီလျှောက်မေးနဲ့ နောက်ဆုံးမှ က ပို့တဲ့ စာရင်းကျန်တာ ဖြစ်နေပြီး အောင်စာရင်းကို နေ့လည် (၂) နာရီမှ သိခဲ့ရတယ်။

ကျောင်းနဲ့ ဘောလုံးကတော့ ဘွဲ့ယူတဲ့နေ့မှာတောင် ရောနေတာပါပဲ။ တရုပ်အိုလံပစ် အသင်းနဲ့ ဒုတိယပွဲ ကန်တဲ့နေ့မှာ ဘွဲ့ယူရပါတယ်။ ဘွဲ့ယူပြီးတာနဲ့ ဘောလုံးပွဲကို ပြေးရတာပဲ။ ၁၅ မိနစ် နောက်ကျပြီးမှ ဝင်ကစားရတဲ့ အဲဒီပွဲဟာလည်း အမှတ်တရပါပဲ။

မေး - စက်မှုတက္ကသိုလ်ရဲ့ အသစ် အသစ်သော ညီငယ်/ ညီမငယ်များကို ဘာများ ပြောချင်ပါသလဲ။

ဖြေ - ကျောင်းပြီးလို့ အင်ဂျင်နီယာ အလုပ်ကို လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ စက်မှုတက္ကသိုလ် ကျောင်းထွက် ပီသအောင် ...

ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၉၆)

Read more...

Sep 17, 2010

အိပ်မက်တိတ္ထုံ (ကမ်းခြေ)

Photo: Jerry N. Uelsmann

အိပ်မက် - ၆

ကမ်းခြေ

ကျိုးကြောင်းဆင်ခြင်မှုနဲ့ စိတ်ကူးယဉ်ရူးသွပ်မှုတို့
ဆုံတွေ့ရာ၊ စည်းခြားရာ။
ကမ်းခြေကိုဦးလှည့်နေသည် မြင်မက်ပါက
ရင်းနှီးကျွမ်းဝင်ရာ အိမ်အပြန်။
ပင်လယ်ကိုမျှော်ငေးနေသည် မြင်မက်ပါက
သူစိမ်းတရံဆံသည့် အနာဂတ်တနေရာ။

Read more...

Sep 14, 2010

အိပ်မက်တိတ္ထုံ (စာမေးပွဲ)

Photo: Jerry N. Uelsmann

အိပ်မက် - ၅

စာမေးပွဲ

သင့်ရဲ့ပြင်ဆင်လေ့လာမှုတခုခုကို အားမရတဲ့အခါ
သင့်ကိုလူတွေက တန်ဖိုးလျော့ဖြတ်မှာစိုးတဲ့အခါ
အိပ်မက်ထဲမှာ စာမေးပွဲဖြေရတတ်တယ်။
စာမေးပွဲခန်းပျောက်နေလို့ နောက်ကျပြီးမှရောက်တယ်
မဖတ်တတ်တဲ့ဘာသာနဲ့ရေးထားတဲ့ မေးခွန်းတွေရတယ်
ဖြေနေရင်းနဲ့ ခဲတံကလည်း ခဏခဏကျိုးသေးတယ်
အိပ်မက်ထဲမှာတော့ ဘယ်သူမှမအောင်ကြဘူး။

Read more...

Sep 13, 2010

အိပ်မက်တိတ္ထုံ (လမ်း)

Photo: Jerry N. Uelsmann

အိပ်မက် - ၎

လမ်း

လမ်းမကြီးတခုတည်းလည်း ဖြစ်ချင်ဖြစ်မယ်။
ပညာရေး၊ အချစ်၊ အလုပ်အကိုင် အရာအားလုံးမှာ
လမ်းခွဲလေးတွေလည်း ရှိချင်ရှိမယ်။
ချောမွေ့မယ်၊ ကြမ်းတမ်းမယ်၊ သာယာမယ်၊ မှောင်မိုက်မယ်
အားလုံးမှာတော့ ဦးတည်ချက်တစုံတရာရှိကြပါတယ်။
ဘယ်လမ်းကို ရွေးမယ်ဆိုတာကတော့ သင့်ဆုံးဖြတ်သာဖြစ်တယ်။

Read more...

Sep 9, 2010

အိပ်မက်တိတ္ထုံ (အစည်းအဝေး)


Photo: Jerry N. Uelsmann

အိပ်မက် - ၃

အစည်းအဝေး

ဆုံးဖြတ်ချက် ဦးတည်ချက်တွေဟာ
သင့်တယောက်တည်းစိတ်ကြိုက် မဖြစ်နိုင်တော့ပါ။
ဒါပေမဲ့ ...
မတူညီတဲ့အမြင်အတွေးတွေကို ညှိနှိုင်းဆုံးဖြတ်ကြမယ့်
အစည်းအဝေးတက်ရောက်သူ အားလုံးဟာ
သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။

Read more...

Sep 8, 2010

အိပ်မက်တိတ္ထုံ (သစ်ပင်)

Photo: Jerry N. Uelsmann

အိပ်မက် - ၂

သစ်ပင်

အမြစ်တွေက ရိုးရာနဲ့မိသားစုမှာ ဘယ်လောက်ငြိတွယ်တယ်
ပင်စည်ကတော့ သင့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းသန်မာမှုနဲ့ ယုံကြည်ချက်
အကိုင်းအခက်တွေက အခွင့်အလမ်း၊ စိတ်ကူးစိတ်သန်းနဲ့
သားသမီးတွေအကြောင်းကို ပြောပြကြလိမ့်မယ်။
ကိုယ်တိုင်ရင်းနှီးသီးပွင့်ခဲ့သမျှကတော့
ကမ္ဘာမြေအတွက် သင့်ရဲ့လက်ဆောင်တွေပါပဲ။

Read more...

Sep 7, 2010

အိပ်မက်တိတ္ထုံ (လှေ)

အကြောင်းတစုံတရာ တိုက်ဆိုင်တာနဲ့
အိပ်မက်ဘာသာပြန်တချို့နဲ့ အိပ်မက်ဆန်တဲ့ဓာတ်ပုံတချို့ကို ပေါင်းစပ်မိပါတယ်။
သင့်အိပ်မက်တွေရဲ့ အဓိပ္ပာယ်ကို ဒီထဲမှာ ရှာတွေ့လိမ့်မယ် မျှော်လင့်ပါတယ် ..
တကယ်လို့ မတွေ့ဘူး ဆိုရင်လည်း ဖတ်ပြီးကြိုက်တဲ့ အိပ်မက်တခုခုကို ဒီနေ့ည မက်လိုက်ပါ ..

Credit to:
"The Hidden Agenda of Dreams" by Giorgio Davanzo
dreamhawk.com by Tony Crisp
dreammoods.com
uelsmann.com
pierrejahan.free.fr


Photo: Jerry N. Uelsmann

အိပ်မက် - ၁

လှေ

လှိုင်း၊ လေ၊ ရာသီတွေဟာ သင့်ရဲ့ လက်ရှိအခြေအနေကို ပြောပြပါလိမ့်မယ်။
ကြမ်းတမ်းနေသလား၊ သာယာနေသလား သတိထားပြီးကြည့်လိုက်ပါ။
အဲဒါထက် အရေးကြီးတာက ...
သင်ဘယ်လို လှော်ခတ်သလဲ၊ ဘယ်ကို ဦးတည်သလဲ ဆိုတာနဲ့
သင့်လှေပေါ်မှာ ဘာကုန်စည်တွေတင်ဆောင်လာသလဲ ဆိုတာပါပဲ။
သင်ချစ်တဲ့သူတွေရော လှေပေါ်မှာအတူပါလာကြလား
ကမ်းပေါ်များ တယောက်ယောက်ကျန်နေခဲ့လား။

Read more...

Jul 7, 2010

သင်္ဘောကျင်း


သင်္ဘောကျင်း

ပင်လယ်ကူးသင်္ဘောကြီးတွေကို
ငါးနှစ်တကြိမ် လွန်းတင်စစ်ဆေးသလိုမျိုး
ငါ့စိတ်ကို ပြန်ကြည့် ကြည့်ချင်တယ်
လှိုင်းဒဏ်ခံနိုင်အောင် အားဖြည့်ပြုပြင်ရင်း
ဆေးရောင်လှလှလေးလည်း ပြန်သုတ်ရင်းပေါ့ ...

တင်မင်းထက်
ဝ၇.ဝ၇.၁ဝ

Read more...

Jun 23, 2010

မိုးတိမ်တမန်

မိုးတိမ်တမန်

မိုးစက်တွေကို အမြန်ထုပ်ပိုးပြီး
သင့်ခရီးကိုစပါတော့ အဆွေမိုးတိမ်
အလျင်လိုချိန်မှာရောက်မလာတတ်တဲ့ ရထားလို
ဒီနှစ်မှာ မုတ်သုန်နောက်ကျခဲ့ပြီ ...

ပက်ကြားအက်နေတဲ့လျှာတွေက
သင့်နာမည်ကိုရွတ်ဆို
သစ်ကိုင်းခြောက်လက်တွေကိုဆန့်တန်းလို့
သင်ချစ်တဲ့သူတွေကြိုနေကြတယ် ...

နေ့ဘက်မှာလိုတာထက်ပိုလင်းပြီး
ညဘက်မှာလိုတာထက်ပိုမှောင်လို့
သင့်ကိုချစ်သူတွေငိုနေကြပြီ ...

ရေ ပေးပါ ... တဲ့
ရေငန်ပေါက်နေတဲ့ ကန်ပျက်တွေကပြောတယ်
ရေ ပေးပါ ... တဲ့
ပဲခူးက ရိုးခြောက်ကွင်းတွေကပြောတယ်
ရေ ပေးပါ ... တဲ့
အညာဒေသရဲ့ တောင်ကတုံးလေးကပြောတယ်
ရေ ပေးပါ ... တဲ့
အင်းလေးလွင်ပြင်ဖြစ်မှာကြောက်နေရှာတဲ့
အင်းလေးကန်ကြီးကပြောတယ် ...

ဒီရာသီအတွက် သင်စုဆောင်းထားတဲ့
ဝန်စည်ရိက္ခာတွေ မလုံလောက်မှာစိုးလို့
သင့်မိတ်ဆွေတွေရဲ့ ချွေးစက်လေးတွေကို
စုပေါင်းပြီး ထည့်ပေးလိုက်ချင်ပါတယ် ...

အဝေးကသားသမီးတွေရဲ့ သတင်းစကားတွေကိုလည်း
သူတို့ရဲ့အမေတွေနဲ့ သူတို့အားလုံးရဲ့အမေအတွက်
သယ်ဆောင်သွားပေးပါလား အဆွေမိုးတိမ် ...

အရင်ကဆို
သင်ချစ်တဲ့ ရိုးမတောင်တန်းကြီးတွေမှာ
သစ်တောတွေ စိမ်းစိမ်းစိုနေတာတွေ့ရင်
ဝမ်းသာလွန်းလို့ သင်ငိုခဲ့ရတယ်
သင်ငိုလို့လည်း သူတို့စိမ်းစိုခဲ့တယ် ...

ခုတော့
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ပေစာထုပ်တွေလို
ခြောက်သွေ့ညိုမောင်း တောင်တန်းတွေကို
လောဘကြောင့် အကြောက်တရားကြောင့် တူးဆွထားတဲ့
ပိုးထိုးပေါက်တွေ ဗလပွနဲ့ မြင်ရရင်
သင်ငိုမိပေဦးမယ် ...

ဒါပေမဲ့ ငိုသာ ငိုပါ အဆွေမိုးတိမ်
တချိန်မှာ တောင်တန်းတွေနိုးထနိုင်ဖို့
သင်ငိုဖို့လိုပါတယ် ...

တရပ်တပါးကို သူရင်းငှားလိုက်ရတော့မှာမို့
ရေလှိုင်းသံ ခိုးခိုးခစ်ခစ်လေးတွေတိတ်ဆိတ်
ကြိတ်ငိုနေရှာတဲ့ ဧရာဝတီကိုလည်း
သင့်မိုးစက်လေးတွေနဲ့ ထွေးပွေ့ယုယလိုက်ပါဦး
အဆွေမိုးတိမ် ...

နှစ်ပေါင်းရာချီ စောင့်ထိန်းခဲ့တဲ့
ဣနြေ္ဒပျက်ယွင်းခဲ့ရသူ ပုဂံမြို့ကိုလည်း
သူ့အပြစ် တစုံတရာမရှိတဲ့အတွက်
မျက်နှာကိုမော့ထားဖို့ ပြောပေးပါ
အဆွေမိုးတိမ် ...

ခြောက်သွေ့တဲ့မြေသားကို ထွန်ရေးလှအောင်ပြင်ရင်း
သင့်အရိပ်အယောင်လေးများ မြင်ရမလားမလို့
ကောင်းကင်ကိုငေးနေသူတွေအတွက်
ပြုံးပျော်နေတဲ့ မိုးစက်တွေပေးလိုက်ပါ ...

အင်းလျားရေပြင်အောက်မှာ
သိမ်းထားတဲ့ကံကော်တွေကိုရေတွက်ရင်း
ငိုကြွေးနေတဲ့ မိုးတွေရွာလိုက်ပါ ...

အင်းလျားကန်စပ်တနေရာမှာ
တည်ငြိမ်ရဲရင့်တဲ့အိမ်အိုကြီးတလုံးကိုတွေ့ရင်
သူ့ကို ချစ်ခင်ယုံကြည်နေဆဲပဲဆိုတာကိုလည်း
ပြောပြလိုက်ပါ အဆွေမိုးတိမ် ...

ကြိုးပြတ်သွားတဲ့ ပုလဲကုံးလို
ကမ္ဘာ့ဒေါင့်တနေရာစီရောက်နေကြတဲ့
သားသမီးတွေရဲ့လက်ဆောင်
ကန္တာရရဲ့ နှင်းစက်
သမုဒ္ဒရာရဲ့ ဝဲဂယက်
တောင်ပေါ်စမ်းချောင်းလေးတစင်းနဲ့
သွေး ချွေး မျက်ရည်စက်တွေကို
မိုးစက်တွေအဖြစ် ရွာသွန်းဖြိုးပေးပါတော့
အဆွေမိုးတိမ် ...

တင်မင်းထက်
ဇွန်၊ ၂ဝ၁ဝ

Read more...

Jun 4, 2010

အသစ်


အသစ်

အိပ်ယာဟောင်း တခုကနေ နိုးထပြီး
ဒီနေ့ထုတ် သတင်းစာဟောင်းတစောင်ကိုဖွင့်
သတင်းဟောင်းတွေ ဖတ်နေမိတယ်။

ငါတို့ ဆန်းသစ်ရမယ်ဆိုတဲ့
စိတ်ကူးဟောင်းဟောင်းကို ရွတ်ဆိုရင်း
သွားနေကျလမ်းကိုလျှောက်
ကျင့်သားကျအလုပ်တွေလုပ်တယ်။

"သိပ်ဟောင်းတဲ့ကောင်းကင်ပဲ
မင့်အောက်မှာ ပန်းသစ်တို့မပွင့်နိုင်" ဆိုတဲ့
ခေါက်ရိုးကျိုး စကားတွေနဲ့
ကျိန်ဆဲလိုက်သေးတယ်။

အင်တာနက်ဆိုတာကတော့
မဆုံးနိုင်တဲ့ တီထွင်မှုတခုပဲ
ရင်းနှီးပြီးသားနေရာတွေကို
ရောက်ရောက်နေတာကလွဲရင်ပေါ့။

မော်ဒယ်ဟောင်းရဲ့ စာမျက်နှာကိုပိတ်ပစ်ပြီး
မော်ဒယ်သစ်လေးကို ငေးနေမိတယ်
ငါ သစ်နိုင်တာက ဒါပဲရှိတာကိုး။

တင်မင်းထက်
ဝ၃ဝ၆၁ဝ

Photo: www.smh.com.au

Read more...

May 31, 2010

MV Doulos

ကုန်သည်၊ စစ်သမီး၊ ခရီးသည် ...
နောက်တော့ စာကြည့်တိုက်မှူး ...
ခုတော့ ဟော်တယ်ဝန်ထမ်း ...



ကျွန်တော်တို့ သင်္ဘောကျင်းတခုမှာ ကမ္ဘာ့ သက်တန်းအရင့်ဆုံး သင်္ဘောရောက်လာမယ် ကြားတော့ စိတ်ဝင်စား မိပါတယ်။ ၉၆ နှစ် သက်တန်းရှိပြီမို့ ဂင်းနစ်မှတ်တမ်းအရ လက်ရှိ ပြေးဆွဲနေဆဲ ပင်လယ်ကူး သင်္ဘောထဲမှာ အကြီးဆုံးပါ။ သင်္ဘောကိုယ်ထည်ကတောင် ဂဟေနဲ့ မဟုတ်သေးပါဘူး၊ တိုင်တန်းနစ်လိုမျိုး ရက်ပစ်ရိုက်ထားတာပါ။

အရင်က ရေပေါ် စာအုပ်ဆိုင် လုပ်ထားတာ ဆိုလို့ ပိုစိတ်ဝင်စားသွားပါတယ်။ စာအုပ် သင်္ဘောဆိုရင် မြန်မာပြည်ကို လာဖူးတယ်လို့ မှတ်မိနေတာနဲ့ ရှာကြည့်တော့ မှတ်တမ်းတွေ တွေ့ပါတယ်။


သူ့ကို ၁၉၁၄ ခုနှစ်က အမေရိကန်ပြည်မှာ တည်ဆောက်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ရေချပွဲနဲ့ တရားဝင်နာမည်ပေး အခန်းအနား ကျင်းပခဲ့ပါတယ်။ ကုန်သင်္ဘောအနေနဲ့ ဖြစ်ပြီး SS Medina လို့ ခေါ်ပါတယ်။ ရေနွေးငွေ့ သင်္ဘော ဖြစ်ပြီး ၄၂၁ ပေ ရှည်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ကုန်သင်္ဘောအဖြစ် အမေရိကန် ဆိပ်ကမ်းတွေကို ကူးသန်းခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကို အထိအခိုက်မရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ အမေရိကန် ကမ်းခြေစောင့်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြား ကူးသန်းပြီး စစ်လက်နက်နဲ့ စက်သုံးယာဉ်များကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူ့ကိုလည်း အမြှောက်လက်နက် တချို့ တပ်ဆင်ပေးခဲ့ပါတယ်။ ဂျာမန် ယူဘုတ်တွေ ကြီးစိုးတဲ့ ရေပြင်ကို ဖြတ်သန်းခဲ့ ရပေမယ့် အထိအခိုက်မရှိခဲ့ပါဘူး။ ကမ္ဘာစစ် ၂ ခု လုံးကို ကျော်လွှားနိုင်ခဲ့သူ ဖြစ်ပါတယ်။


၁၉၄၈ မှာတော့ သူ့ကို အီတလီ ကုမ္ပဏီတခုက ဝယ်ယူပြီး SS Roma ဆိုတဲ့ နာမည်နဲ့ လူစီးသင်္ဘော အဖြစ် ပြုပြင်ခဲ့ပါတယ်။ ခရီးသည် ၉၈၁ ဦး သယ်ဆောင်နိုင်ပြီး၊ အီတလီ နဲ့ အမေရိက အကြား ပြေးဆွဲခဲ့ပါတယ်။


၁၉၅၂ မှာတော့ နောက်ပိုင်းမှာ နောက်ထပ် အီတလီ ကုမ္ပဏီ တခုက ဝယ်ယူပြီး အင်ဂျင်သင်္ဘော အဖြစ်ပြုပြင်လိုက်ပါတယ်။ နာမည်ကိုလည်း MV Franca C လို့ပြောင်းခဲ့ပါတယ်။ အီတလီနဲ့ အာဂျင်တီးနား ကို ဖယ်ရီဆွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဇိမ်ခံ သင်္ဘောအဖြစ် ပြုပြင်ပြီး Mediterranean Sea မှာ ပြေးဆွဲခဲ့ပါတယ်။


သူ့ရဲ့ အတောက်ပဆုံး အချိန်တွေကတော့ ၁၉၇၇ ကနေ ၂ဝဝ၉ အတွင်းမှာပါ။ သူ့ကို GBA (Gute Bücher für Alle ) ဆိုတဲ့ ဂျာမန် အဖွဲ့က ဝယ်ယူခဲ့ပါတယ် (အင်္ဂလိပ်လိုဆိုရင် Good Books for All လို့ အဓိပ္ပာယ်ရပါတယ်) ။ MV Doulos ဆိုတဲ့ လက်ရှိ နာမည်ကို ပြောင်းလဲခဲ့ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးတဲ့ စာအုပ်သင်္ဘောအဖြစ် (စာကြည့်တိုက် + စာအုပ်ဆိုင်) အဖြစ် ကမ္ဘာ့ ဆိပ်ကမ်း အသီးသီးကို လှည့်လည်ခဲ့ပါတယ်။ သူ့ပေါ်မှာ သင်္ဘောသားနဲ့ အခြားဝန်ထမ်း ၃၂ဝ ကနေ ၃၅ဝ လောက်ထိ ပါတတ်ပြီး။ နိုင်ငံပေါင်း ၃ဝ ကျော်က ဗော်လန်တီယာများ ဖြစ်ကြပါတယ်။


မြန်မာနိုင်ငံကို ရေပေါ်စာအုပ်ဆိုင် အဖြစ်နဲ့ ၁၉၉၈ ဒီဇင်ဘာ ၁၁ ရက်နေ့က ပထမ အကြိမ်၊ ၂ဝဝ၂ ဇန်နဝါရီမှာ ဒုတိယ အကြိမ် ရောက်ခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်စင်တွေမှာ စာအုပ် ထောင်သောင်းချီရှိပြီး၊ ဝမ်းထဲမှာ စာအုပ် သန်းတဝက်လောက် ပါတယ် ဆိုပါတယ်။


သူ့သက်တန်းမှာ ပျော်စရာချည်းပဲတော့ မဟုတ်ပါဘူး။ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင် ဆိပ်ကမ်းတခုမှာ ခရစ်ယန်ပွဲတခု ကျင်းပနေစဉ် လက်ပစ်ဗုံးနဲ့ အပစ်ခဲ့ရလို့၊ သင်္ဘောသား (ဗော်လန်တီယာ) ၂ ဦး၊ ဒေသခံ ၄ ဦး သေဆုံးခဲ့ရပြီး၊ ၃၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

နောက်ပိုင်းတော့ စာအုပ်လှည့်လည်ရောင်းချရင်း ၂ဝဝ၉ မှာတော့ သူ့ရဲ့ သင်္ဘောသက်တန်း အဆုံးသတ်ဖို့ ဖြစ်လာပါတယ်။ သူ့ကို 2010 SOLAS Rules တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ ယူရို၁၀ သန်းလောက် ကုန်ကျမယ် ဆိုပါတယ်။ ၂ဝဝ၉ နှစ်မကုန်မှီ ပြင်ရမှာပါ။ အဲဒါနဲ့ နောက်ဆုံးတော့ GBA အဖွဲ့က သူ့ကို ပြန်ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။


စင်္ကာပူက BizNaz Resources International Pte Ltd က ၂ဝ၁ဝ မတ် ၁၈ မှာ ဝယ်ယူခဲ့ပြီး ဇိမ်ခံ ဟော်တယ် အဖြစ် အသွင်ပြောင်းပါမယ်တဲ့။ နာမည်ကိုလည်း ဂရိလို Doulos = Servant ကနေ Doulos Phos = Servant Light လို့ ပြောင်းလည်း မှည့်ခေါ်ခဲ့ပါတယ်။ အဖျက်ခံရပြီး သံတိုသံစ ဖြစ်မယ့်ဘေးကလွတ်သွားတဲ့ သူ့ကို ပြတိုက် အဖြစ်အသွင်ပြောင်းမယ်လို့ သိရပါတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်လည်း တွဲဖက်ပါမှာ ဖြစ်ပါတယ်။ ခရစ်ရှန်ကျမ်း စာသင်ကျောင်းလဲ ပါဝင်ပါမယ်တဲ့။ မကေပြောမှ တခုကျန်သွားတာ သတိရတယ်။ အချက်အလက်တချို့ ထပ်ဖြည့်ထားပါတယ်။ ..)

နာမည် ၄ မျိုးနဲ့ မတူညီတဲ့ တာဝန် ၄ ခုထမ်းဆောင်ခဲ့တဲ့၊ ၅ ခု မြောက် နာမည်နဲ့ ၅ မျိုးမြောက် တာဝန်ကို ထမ်းဆောင်တော့မယ့် သူ့ကို ဂုဏ်ပြုလိုက်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ နာမည်သစ် အလင်းရောင် ဆိုတာနဲ့ လိုက်ဖက်လှတဲ့ စာကြည့်တိုက်မှူး အလုပ်အတွက်ပါ။

(ဝန်ခံချက် - မြန်မာမျှားနတ်မောင် ဖိုရမ်တွင် ဖော်ပြပြီး။)

Reference:
http://en.wikipedia.org/wiki/MV_Doulos
http://www.gbaships.org/index.php?option=com_content&task=view&id=59&Itemi d=127
http://www.ssmaritime.net/
http://harvandbrenda.blogspot.com/
http://www.myanmars.net/myanmar-news-2002/myanmar-news-n020108.htm

Read more...

May 29, 2010

ညများ

ညများ

ငါတို့ စောင့်ခဲ့ကြတယ်
မြစ်တွေခမ်းခြောက်ချိန်ထိ ..
ငါတို့ စောင့်ခဲ့ကြတယ်
ကြယ်တွေကျဆုံးချိန်ထိ ..။

သစ်တောတွေရော နှင်းဆီပန်းတွေပါ
မီးလောင်နေခဲ့ပြီ
ငါတို့ ငိုကြွေးဖို့မေ့လျော့
ငါတို့ စိုက်ပျိုးဖို့မေ့လျော့
ငါတို့ဘာကိုစောင့်ခဲ့ကြတယ် ..
ဆိုတာကိုလည်း .. သတိမရကြတော့။

အမှောင်ထဲကနေ အလင်းကို
အလင်းထဲကနေ အမှောင်ကို
တယောက်မျက်လုံးကို တယောက်
ငါတို့ စိုက်ကြည့်နေကြရင်း
ငါတို့ စောင့်ခဲ့ကြတယ်။

တင်မင်းထက်
၂၉ဝ၅၁ဝ

Read more...

Apr 7, 2010

မီးခိုးရောင်

 Clyfford Still (Gray Painting 1952)
မီးခိုးရောင်

၅ နာရီ ၂ဝ အိပ်ရာထ
တလောကလုံး မီးခိုးရောင် ...

မီးခိုးရောင် မိုးရေထဲ ဖြတ်ပြေးသွား
မီးခိုးရောင် ဘူတာလေးဆီ ...

တကယ့်တကယ်ဆို
အနီရောင် ကောင်းကင်ကို
အပြာရောင် ပြန်သုတ်ပေးချင်သူပါ ...

တကယ့်တကယ်ဆို
အစိမ်းရောင် စစ်စစ်တွေသာ
စိုက်ပျိုးပေးခဲ့ချင်ပါတယ် ...

တကယ့်တကယ်ဆို
ကလေးလေးတွေအတွက်
အဖြူရောင် ခံတပ်တွေဆောက်ချင်တယ် ...

တကယ့်တကယ်ဆို
အဝါရောင် သစ္စာပန်းတွေက
ထွန်းလင်းတောက်ပဆဲပါ ...

ရောင်စုံအိပ်မက် နည်းနည်းကို
အံဆွဲထဲ ထည့်သိမ်းထားရင်း
မီးခိုးရောင် စားပွဲမှာတနေ့တာ
မီးခိုးရောင် ညနေတခုကို စောင့်စားရင်းလေ ...

တင်မင်းထက်
၁၇.ဝ၂.၁ဝ

Idea Magazine 2010 Apr

Read more...

Mar 12, 2010

၂ဝဝ၉ ကဗျာများ


၁၉ ဇွန် ၂ဝဝ၉ မွေးနေ့မှာ ဘလော့ဂ် စရေးဖြစ်ပါတယ်။

ဝ၉ ခုနှစ်မှာ ရေးဖြစ်တဲ့ ကဗျာ ၁၃ ပုဒ် ကို စုထားတာပါ။

Green Memory  ကဗျာတွေကတော့
ပြီးမသတ်သေးလို့

ဒီထဲမှာ မထည့်ထားသေးပါဘူး။



Scribd          FileBox           MediaFire

Read more...

Mar 9, 2010

စင်္ကာပူမှာလုပ်သည်

စင်္ကာပူမှာလုပ်သည်

အလကားဝေတဲ့ သတင်းစာကို
ရထားအလွတ်ခံပြီး တန်းစီလိုက်တယ်။

ကြော်ငြာများတယ် သတင်းရှားတယ်
အားလုံးကို လျှော့ဈေးနဲ့ရောင်းမယ် ... တဲ့။

ဒီနှစ်မှာ အမြတ်စံချိန်တင်မယ်ဆိုတဲ့ ရထားတွေကျပ်တာ
နိုင်ငံခြားသားအလုပ်သမားတွေကြောင့် ... တဲ့။

တရုတ်လုပ် ဘရန်းဒတ်အတုတွေကို ဖမ်းလိုက်တာ
တရုတ်ထုတ် ဘရန်းဒတ်အစစ်တွေကို ကာကွယ်ဖို့ ... တဲ့။

အရင်တပတ်ကနိုင်လို့ ချန်ပီယံဖြစ်မယ်ဆိုတဲ့အသင်း
မနေ့ကရှုံးတော့ ရာသီကုန်အတန်းဆင်းရမယ် ... တဲ့။

ကာဆီနိုအသစ်ကြီးမှာ ဒါလီရဲ့အနုပညာရှိတယ်
ခြေတန်ရှည်ဆင်ရုပ်ဟာ ခွန်အားနဲ့နည်းပညာ ... တဲ့။

ဒီကဗျာခေါင်းစဉ်ကို မြင်ဖူးသလိုများဖြစ်နေသလား
စင်္ကာပူမှာ ဒါမျိုးတွေရိုးနေပြီ ... တဲ့။

တင်မင်းထက်
ဝ၉.ဝ၃.၁ဝ

Read more...

Feb 28, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၆)

တည အိမ်နားမှာ လက်ဖက်ရည်ဆိုင်မှာ သားမွှန်းနဲ့ ထိုင်ကြရင်း သူတို့ Civil မှာ ကဗျာဆရာ တယောက်ရှိတယ်။ မိတ်ဆက်ပေးမယ် ဆိုပြီးပြောပါတယ်။ နောက်နေ့ ကျောင်းကန်တင်းက ကျွန်တော်ထိုင်နေကျ "ဝင်း" မှာ ဆုံတော့ ဘေးဝိုင်းက တယောက်ကို "ဒါ - အံ့ဆွေ၊ ဒါ - တင်မင်းထက်" ဆိုပြီး မိတ်ဆက်ပေးပါတယ်။ တကယ်က မြင်ဖူးနေကျ သူတွေ ပါပဲ။ ဒီဆိုင်မှာ ထိုင်နေကြသူတွေပါပဲ။ ယောက်ျားလေးချင်းက ခပ်ပါးပါးမို့သာ နာမည် မသိကြတာ။

"ဝင်း" က ကန်တင်းကို ကျောင်းဖက်က ဆင်းလာရင် ဘယ်ဖက်ခြမ်း အလယ်နား ကျော်ကျော်မှာပါ။ ကန်တင်းက မျက်နှာချင်းဆိုင် သွပ်မိုး ဆိုင်တန်းရှည်ကြီး ၂ ခု။ အလယ်ကွက်လပ်က တော်တော်ကျယ်ပါတယ်။ ကျွန်တော်က ဘယ်ဖက်ခြမ်းမှာ ထိုင်တာများပါတယ်။ ဆင်းလာလိုက်ရင် စစခြင်းက ရှမ်းခေါက်ဆွဲဆိုင်၊ အအေးဆိုင်လေးတွေ၊ ပြီးတော့ ဆရာဦးစိုးလွင် ရဲ့  "ကန်သာယာ" (တရုတ်ထမင်းဟင်း တကယ်ကောင်းပြီး သမိုင်းဝင်း အဆောင်ကန်တင်းက ကန်သာယာနဲ့ အတူတူပါပဲ)၊ ပြီးတော့ လမ်းကျဉ်းလေး ခြားပြီး နောက်ထပ် တရုတ်ဆိုင် တခု ဖြစ်တဲ့ "အောင်သိပ္ပံ"။ ပြီးတော့ ဝင်း၊  အခြား ဗမာ ထမင်းဆိုင် တဆိုင်၊ ကြံရည်ဆိုင် စတာတွေ ခြားပြီး "နွေးအေး"။ ပြီးတော့ အပျိုကြီး ညီအမတွေရဲ့ "ကျားပျံမောင်ကောင်း" ထမင်းဆိုင်။

ညာဖက်ခြမ်း အစွန်ဆုံးက "မေတ္တာပေါင်းကူး" က အတန်းကြီးတွေ ထိုင်တဲ့ဆိုင်ပါ။ ခင်မောင်တိုးခွေတွေ ဖွင့်တတ်ပြီး၊ ကိုနေဝင်းတို့ ကိုရဲလွင်တို့ ကျောင်းထဲလာရင်လည်း ပေါင်းကူး မှာ ထိုင်ကြပါတယ်။ ကျွန်တော်တို့ကျောင်းက မင်းသား မင်းသမီး ရုပ်ရှင်လာရိုက်တာထက်၊ ကိုနေဝင်းတို့ကို လူပိုဝိုင်းပါတယ်။ ကျွန်တော်ကတော့ အတန်းကြီးရောက်တဲ့ အထိ "ဝင်း" မှာပဲ ထိုင်ပါတယ်။ ထိုင်သာ ထိုင်တယ် "ဝင်း" က လက်ဖက်ရည်ကို အရမ်းပြင်းလွန်းလို့ ကျွန်တော် မသောက်နိုင်ပါဘူး။ နောက်ဆုံး လက်ဖက်ရည်ပါ ပြတ်သွားတဲ့ အထိပါပဲ။

ကျောင်းကန်တင်းက ဆိုင်တွေနဲ့ ဖောက်သည်ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ဝင်း နဲ့ ကျွန်တော်တို့နဲ့က ဆွေမျိုးလို ဖြစ်နေပါတယ်။ ရောင်းဖို့ ချက်တဲ့ဟင်း မစားချင်ရင် သူတို့စားဖို့ ချက်တဲ့ဟင်း တောင်းစားတာပါပဲ။

ကျောင်းက ဆိုင်နာမည်တွေက ကဗျာဆန်ပါတယ်။ နောက်တဆိုင်က "ဆုံစည်းရာ" တဲ့၊ ဘယ်ဖက်ခြမ်းလား၊ ညာဖက်ခြမ်းလား မမှတ်မိတော့ပါ။ ကျောင်းနဲ့ မျက်နှာခြင်းဆိုင် ဘတ်စ်ကားဂိတ်နားက လက်ဖက်ရည်ဆိုင်လေး ကလည်း ကျောင်းသားတွေ ထိုင်လေ့ရှိတဲ့ ဆိုင်လေးပါ။

Credit to : Titus Hlaing

***

ကန်တင်းရဲ့ အပြင်ဖက် အစွန်ဆုံး ဆိုင်တွေကနေ ကြည့်ရင် ထမင်းစားဆောင်၊ အားကစားရုံ စတာတွေကို တွေ့နိုင်ပါတယ်။ ကျောင်းသားကြီးတွေ အတွက်ကတော့ ဒါတွေထက် ပိုအရေးကြီးတာ ရှိပါသေးတယ်။ ဂျီဟောပါ။

ဂျီဟောဆောင်နဲ့ သူ့ရှေ့က လမ်းကလေးကို မြင်နေရပါတယ်။ အဲဒီလမ်းလေးကနေ ဆက်လျှောက်သွားရင် ဆရာအိမ်တွေကို ရောက်ပါတယ်။ တီချယ်မေငြိမ်းက သူ့ ယောက္ခမဖြစ်တဲ့ ပါမောက္ခကြီး တယောက် အိမ်မှာနေပါတယ်။ သူ့ အိမ်ကို ရောက်ဖြစ်ကြသလို၊ သူ အာစီတူးကိုသွားဖို့ ထွက်လာရင်လည်း ကန်တင်းမှာ ဝင်ထိုင်တတ်ပါတယ်။ သူ့ သားကြီး ကိုထူးမြတ် ငယ်ငယ်ပေါ့။
***

အံ့ဆွေ ရဲ့ ကလောင်နာမည်က မောင်နန္ဒ၊ ပန်းချီဆွဲတော့ ကိုအံ့။ သူ့ ကလောင်နာမည်က တော်တော်ကို ရိုးပေမယ့် ကျွန်တော့်ထက် အများကြီးပိုပြီး ခေတ်ပြိုင်ဆန်တဲ့ ကဗျာဆရာပါ။ သူက ပိတောက်ပွင့်သစ်မှာ အဖွင့်ကဗျာ ပါနေပါပြီ။

သူကနေ တဆင့်သိရတာက ကျွန်တော့်ထက် တတန်းကြီးတဲ့ သတ္ထုဗေဒက ညလယ်မိုး ပါ။ ဇေယျာကျော်၊ ဇေယျာကွေး၊ ကွေးကြီး၊ ညလယ်မူး စသည်ဖြင့် ဝရမ်းပြေးတမျှ နာမည်များသူပါ။ နောက်ပိုင်း ကျောင်းမဂ္ဂဇင်း လုပ်ကြတော့ သူက အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။

ကဗျာရေးတဲ့သူတွေ စုမိတော့ ထုံးစံအတိုင်း ကဗျာ စာအုပ်လုပ်ဖို့ ကြံကြတာပေါ့။ အဲဒီတုန်းက ကျွန်တော်က လေးတန်း။ သုံးတန်း တုန်းက စာအုပ် မလုပ်ဖြစ်ပါ။ ကျောင်းမှာ အကျများတာက သုံးတန်း နဲ့ ငါးတန်း ဆိုတော့ စာနည်းနည်း လုပ်ခဲ့မိတယ် ထင်တာပဲ။ ဒီတခါ စီစဉ်သူတွေကတော့ သားမွှန်း နဲ့ ကျွန်တော်။ မောင်အံ့၊ ကွေးကြီး၊ ကျွန်တော့် သူငယ်ချင်း (မိုးသွေးနဲ့လည်း သူငယ်ချင်း) ကောင်းထက် နဲ့ အောင်ထိုက် တို့ စုမိပါတယ်။ ခိုင်မြဲ ကတော့ ဘယ်သူကနေ တဆင့် ဆက်မိမှန်း မမှတ်မိတော့ပါ။

***

မောင်အံ့က ပန်းချီလည်း ဆွဲတော့ စာအုပ် ဒီဇိုင်းကို သူပဲ ဆွဲပါတယ်။ ဒီတခါတော့ ဝိညာဉ်ပြာ မှာလို ကဗျာတပုဒ်ကို ပန်းချီတပုံ မဆွဲတော့ပါဘူး။ ကဗျာဆရာ တယောက်ကို ပန်းချီတပုံ တမျက်နှာ အပြည့်ဆွဲပါတယ်။ တယောက်ကိုလည်း တပုဒ်၊ နှစ်ပုဒ် ပဲပါတာပါ။

ဝိညာဉ်ပြာမှာ လက်ရေး ရေးတဲ့ နေဝင်းအောင်က ပန်းချီလက်ရေး အစစ်လို့ ပြောလို့ပါမယ်။ မောင်အံ လက်ရေးကလည်း ကဗျာလက်ရေးမို့ ကဗျာစာအုပ်ရေးရင် အဆင်ပြေပါတယ်။ စိုးစိုး (နေဆူးသစ်) လက်ရေးကလည်း ကဗျာလက်ရေးပါပဲ။ လူမနားလည်တဲ့ ကဗျာတွေ ဖြစ်ချင်ရင်တော့ ကျွန်တော့် လက်ရေးနဲ့ စာအုပ်ထုတ်ရုံပါပဲ။ သူငယ်ချင်းတယောက် ပြောဖူးသလို ပုရွက်ဆိတ်ကလေးတွေ အရက်မူးပြီး လမ်းလျှောက်နေတဲ့ လက်ရေးမို့ ဘယ်သူမှ ဖတ်တတ်မှာ မဟုတ်ပါ။

ဒီတအုပ်မှာတော့ လက်ရေးနဲ့ မရေးဘဲ အဲဒီတုန်းက ခေတ်စားခါစ ကွန်ပြူတာ စာစီမယ် ကြံပါတယ်။ ကျွန်တော်တို့က တနှစ်မှ ကွန်ပျူတာ လက်တွေ့ခန်း ၃-၄ ခါ ဝင်ရတာမို့ ဘယ်သူမှ ကွန်ပျူတာနဲ့ မနီးစပ်ပါ။ သားမွှန်းက ကျွန်တော်တို့ သူငယ်ချင်း တယောက်က A&T မှာ လုပ်တယ် ပြောလို့ အကူအညီ သွားတောင်းကြပါတယ်။ အဆင်ပြေချင်တော့ သူနဲ့ အတူလုပ်နေတဲ့ တယောက်က ကျွန်တော့် ငယ်သူငယ်ချင်း ဖြစ်နေပါတယ်။ ပန်းချီလည်းဆွဲ၊ ကဗျာလည်း ရေးသူမို့ သူ့ဆီက ကဗျာတပုဒ်ပါ ပန်းချီနဲ့တကွ ရလာပါတယ်။ သူကတော့ IC ဂုဏ်ထူးတန်းက မောင်ချမ်း ပါ။


ရစ်သမ်မဲ့ကျိန်စာ

ကြင်နာသူရေ ...
သက္ကရာဇ်ဆွေးတွေထဲက
သွေးအေးရင်ခုန်သံစည်းချက်
ပဉ္စလက်အတတ်နဲ့ရိုက်ချိုးလိုက်နိုင်တာတော့
မှတ်တမ်းတင်လိုက်ပါတယ် ...
ကိုယ့်ဆန္ဒတွေ လေဟုန်စီးမျော
အမောဖောက်ရင်းနဲ့ ပန်းတိုင်မဲ့
ခရမ်းလွန်တံခါးအိုတွေရဲ့ကြား
ကိုးစားချက်မှ ရှာမရခဲ့ရင်
ထွက်ပေါက်မဲ့ကျဆုံးသွားနိုင်တယ်
(ကျေးဇူးပြု၍ ...)
အဆိပ်သင့်လှေခါးထစ်တွေမထွင်းခဲ့နဲ့ချစ်သူ ...

ကဲ !
COME ON ချစ်သူ
ပြိုကွဲမှုကောင်းကင်လွှာအောက်မှာ
အစာမကြေ ညီမျှခြင်းတွေ
အကြေအလည်ရှင်းချက်ထုတ်ရအောင် ...
သတိထားဖို့က
ရင်ကြားစေ့ပွဲမှာ
(စစ်တုရင် ကစားကွက်တွေ
မင်းဦးနှောက်က ခဏမေ့ထားဖို့ပါပဲ)
မရေရာကောက်ချက်နဲ့
ဒွိဟတွေဦးတည်ရာမဲ့ခဲ့ရင်တော့
ရသသစ်သီးတွေပုပ်သိုး
မျိုသိပ်ခြင်းတံခါးကျိုးတွေခြစားကုန်မယ် ...

မြားတစ်စင်းနဲ့ပန်းသီးနှစ်လုံး
(တစ်က .. နှစ်လုံးသား, နှစ်က .. ဘဝ)
ခြွေလိုတဲ့မိုက်မဲမှုနောက်မှာတော့
ဝမ်းနည်းစရာပေါ့ချစ်သူ
ကြင်နာမှုတွေ တကယ့်ကိုကျိန်စာသင့်သွားပြီ ...

မောင်ချမ်း

***
မောင်ချမ်းတို့ စာစီပေးတာနဲ့ စာအုပ်လေးက တော်တော် သပ်သပ်ရပ်ရပ် ထွက်လာပါတယ်။ ဒီတခါတော့ ဂတ်စတာနာ လှည့်ဖို့ ခက်ခက်ခဲခဲ မရှာရတော့ပါဘူး။ စမ်းချောင်းထဲက ကျွန်တော် မိတ္တူဆွဲနေကြ ဆိုင်မှာပဲ မိတ္တူဆွဲလိုက်ပါတယ်။ စာရွက်ကို ကျောကပ်ဆွဲရမှာ ဆိုတော့ သူတို့ စာရွက်နဲ့ ဆွဲတာထက် ကိုယ်က စာရွက်ပေးပြီး ဆွဲခ သပ်သပ်ပေးလိုက်တော့ ပိုသက်သာ သွားပါတယ်။ စာအုပ်ချုပ်ကတော့ ထုံးစံအတိုင်း သူငယ်ချင်းတွေကို ချွေးတပ် ဆွဲလိုက်ပါတယ်။

၁၉၉၃ ဒီဇင်ဘာမှာ "လှိုင်းရဲ့ပြတင်း" ထွက်ပါတယ်။ စာအုပ်ဖုံးနဲ့ အတွင်းပန်းချီအားလုံး (မောင်ချမ်း တပုံက လွဲရင်) မောင်အံ့ လက်ရာတွေပါ။

                                                လှိုင်းရဲ့ ပြတင်းကိုဖွင့် ... ...
                                                လှိုင်းရဲ့ ပဲ့တင်သံများ
                                                သင့် နှလုံးသားဖြင့်
                                                ဖမ်းယူနားဆင်ကြည့်လိုက်ပါ ... ...

လှိုင်းရဲ့ပြတင်းမှာ မောင်နန္ဒ နဲ့ ညလယ်မိုး ကဗျာတွေက တော်တော်ကောင်းပါတယ်။ မောင်နန္ဒက "ချစ်သူတို့၊ ယုံကြည်စွာ သောက်သုံးကြစို့၊ ဆာလောင်မှု ကျပ်တီးပြင်ထဲ၊ ဘဝဟာ၊ လက်ယက်တွင်း တစ်တွင်းပဲ" ... လို့ ရေးခဲ့ပါတယ်။ ညလယ်မိုးကတော့ "မပိုးအိမ်ရဲ့၊ ကိုယ့်ပန်းအိုးလေး အတွက်ကတော့၊ မိုးရာသီဟာ၊ နောက်ကျနေခဲ့ပါပြီ" ... တဲ့။

ကျွန်တော့် ကဗျာ ၂ ပုဒ်ကတော့ အားနည်းတယ် ပြောရမယ်။ ခုနေပြန်ဖတ်တော့ တပုဒ်ကို နည်းနည်း မကြိုက်ပြီး၊ နောက်တပုဒ်ကို လုံးဝ မကြိုက်တော့ပါ။

တီချယ်မေငြိမ်း နဲ့ မောင်အံ့တို့ ကျွန်တော်တို့ ကန်တင်းထိုင်ကြရင်တော့ ကိုယ့်ကဗျာ သူ့ကဗျာ ပေါက်တက်ကရ ဖျက်ပြီး နောက်တတ်ကြ၊ ရီတတ်ကြ ပါတယ်။ ကဗျာ သဘောတရား ဘာညာ ပြောလေ့ မရှိပါဘူး။

ထူးခြားတယ် ပြောရမယ့် ကဗျာတပုဒ်ကတော့ ကောင်းထက်ညွန့်ရဲ့ "အိမ်မက်မှတ်တိုင်" ပါပဲ။ သူ ၁၉၉၁ မှာ ထောင်ကျတုန်းက ခံစားချက်ကို ဖွဲ့ထားတာပါ။ ကောင်းထက် နဲ့ ချိုသင်းက မွေးနေ့တူပါတယ်။ သူတို့နဲ့ မွေးနေ့တူတဲ့ အခြား စာရေးဆရာမ ၂ ယောက်လည်း ရှိသေးတော့ - ကျွန်တော်က "မင်း ဇာတာက စာရေးဆရာမ ဖြစ်မယ့် ဇာတာ၊ မင်းက ယောက်ျားလေး ဖြစ်နေလို့ စာရေးဆရာမ မဖြစ်တာ" ... လို့ နောက်လေ့ရှိပါတယ်။

အိမ်မက်မှတ်တိုင်

ဖန်အိုးထဲကရွှေငါး
ပန်းခင်းထဲကလိပ်ပြာ
စဉ်းစားနေတဲ့ ငါ။

အသိမဲ့ လှုပ်ရှားမှုတွေနဲ့
နာရီလက်တံကို ဆွဲပြေးချင်ရဲ့
အင်္ဂတေ ပြက္ခဒိန်တခုမှာ
ရက်စုတွေကများခဲ့ပြီ။

ပင့်ကူရဲ့ ဂရပ်ဖစ်ဒီဇိုင်း
အင်းဆက်သင်္ချိုင်း
အလင်းလှိုင်းတွေက ခပ်ပါးပါး
သံချေးတက်ဘောင်နဲ့
အသက်ရှုတဲ့ ပန်းချီကား
အရောင်မှိုင်းနေတာက ခပ်များများရယ်။

"အမေ့အိမ်" နားထောင်နေတဲ့ ငါ့လိပ်ပြာ
လက်ဖက်ရည်ဆိုင်က ပြန်ခဲ့ဦး
ဖြူညစ်ညစ် ငါ့ကောင်းကင်အပြင်ဘက်က
ထွေးပွေ့မယ့် မိုးရေစက်
ဘယ်ရက်မှာ မျက်ရည်တွေနဲ့ရောမလဲ။

မပိုင်ဆိုင်ရတဲ့ မနက်ဖြန်
ရွှေရောင်ဝင်းပနေမလား
သေအောင်ယင်းထနေမလား ...။

ဖန်အိုးထဲက ...
... ... ... ...
... ... ... ငါ။ ။

ကောင်းထက်ညွန့်

***

လှိုင်းရဲ့ပြတင်း နဲ့ တပြိုင်တည်းလောက်ပဲ စိုးစိုးတို့၊ တီချယ်မေငြိမ်းတို့နဲ့ နောက်တအုပ် အတွက် ကဗျာစုနေကြပါပြီ။ အဲဒါကတော့ ကျွန်တော် ပါဝင် စီစဉ် ခဲ့သမျှထဲမှာ အကြိုက်ဆုံး ဖြစ်တဲ့ "တမိုးထဲအောက်မှာ" ...
***
(ဆက်ရန် ...)

Read more...

Feb 25, 2010

မြန်မြန်

မြန်မြန်

နည်းပညာတွေကနေ့စဉ်ဘဝထဲကို ရောက်ရောက်လာတယ်
ကင်မရာ အမ်ပီဖိုး အပိုဆာဒါးတွေများတော့ ဖုန်းဘယ်လိုခေါ်ရမလဲမသိတော့ဘူး
ပင်လယ်နှစ်ခုခြားနေတဲ့ သူငယ်ချင်းနဲ့ရော ခုနှစ်ဘူတာဝေးတဲ့ ညီနဲ့ရော
မျက်နှာစာအုပ်မှာတော့ မျက်နှာချင်းဆုံဖြစ်ကြပါတယ်
လက်နဲ့ရေးတဲ့စာကို စာလုံးပေါင်းစစ်မရတာ တော်တော်ဆိုးတာပဲ
ဂိမ်းသီအိုရီဖတ်ကြည့်ရင်ကောင်းမလားလို့ စဉ်းစားမိတော့
အွန်လိုင်းဂိမ်းကစားတဲ့ သားငယ်နဲ့ ဒီညစစ်ဖြစ်ရလိမ့်မယ်
ဒီကဗျာကိုရေးတာ နာရီဝက်နဲ့စက္ကန့်နှစ်ဆယ်တိတိကြာတယ်
ဂတ်စတာနာလှည့်ဖို့ (ဒါမှမဟုတ်) စာတိုက်ကပို့ဖို့မလိုတော့ဘူး
ဘလော့ဂ်နဲ့ ဖိုရမ် ၂ နေရာခွဲတင်ဖို့ နောက် ဆယ့်ငါးမိနစ်ကြာမယ်

တင်မင်းထက်
၂၅.ဝ၂.၁ဝ (၁၅း၁၁း၂၆ နာရီ)

Read more...

Feb 23, 2010

ပန်းချီဆရာ

ပန်းချီဆရာ

"ဒီလူသေရင်
တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ... တဲ့။

ဒုတိယကမ္ဘာစစ်မီးက
မဖျက်ဆီးနိုင်ခဲ့တဲ့
ကျောင်းရဲ့အလှကို
ပြည် နဲ့ တကောင်းကြားက
တဲတန်းလျားစာသင်ခန်းမှာ
စပြီးငြိခဲ့တယ် ဆိုပါစို့။

တက္ကသိုလ်မြေ တနေရာရာမှာ
ပန်းချီဆွဲနေတဲ့ သူဟာ
ကျောင်းရဲ့ အနုပညာသင်္ကေတ
သူမြင်သမျှ သူခံစားသမျှဟာလည်း
ကျောင်းရဲ့အရိပ်
ကျောင်းရဲ့နမိတ်တွေသာဖြစ်တယ်။

၁၉၆၂
သမဂ္ဂ အဖြိုခံရတော့
တက္ကသိုလ်လည်းနေညို
သူ့ပန်းချီခန်းလည်းပြိုခဲ့တယ်။

ကျောင်းကိုချစ်တဲ့စိတ်ကတော့
မိုးမတိတ်ခဲ့ပါဘူး
အဓိပတိလမ်းတနေရာရာ
ကံ့ကော်ပင်တန်းတနေရာရာ
ပန်းချီဒေါက်တိုင် ထောင်ထားဆဲပါ။

၁၉၇ဝ
တက္ကသိုလ်ရွှေရတုသဘင်
ပန်းချီပြပွဲတင်တော့
သစ်ပုတ်ပင် နဲ့ ပုဂံလမ်း
ဆေး ၁ နဲ့ စိန်ပန်းတွေ
ချစ်ခြင်းတို့ဝေခဲ့တယ်။

၁၉၇၄
ဦးသန့်အရေးအခင်း
သွေးချင်းချင်းတက္ကသိုလ်
သူ ... ငိုခဲ့လေသလား။

တက္ကသိုလ်နေဝင်တော့
သူ့ရင်မှာ ပန်းချီသုဉ်း
ဖုန်းဆိုးမြစ် ဖြစ်ခဲ့တယ်။

သူချစ်တဲ့စုတ်တံတွေကို
အင်းလျားမှာ ရေချခဲ့လေသလား
စကားပင်ခြေမှာ မြုတ်နှံခဲ့လေသလား
နှစ်များစွာလွန်ခဲ့ပြီ။

၁၉၈၈ ...
၁၉၉၁ ...
၁၉၉၆ ...
တက္ကသိုလ်ညနက်နက်တွေကို
သူဘယ်လို ခံစားရလေမလဲ
ဒီမြေမှာ ပန်းချီမရှိတော့။

မျှော်လင့်နေဆဲ ယုံကြည်ဆဲလေ ...
တက္ကသိုလ်မြေ တမိုးသောက်ရမယ်
အလှတရားတို့ ပြန်ရောက်လာရမယ်
တက္ကသိုလ်ရဲ့ တနေရာရာမှာ
ပန်းချီဆရာ ဦးနန်းဝေကို
ပြန်တွေ့ရ ပေလိမ့်မည်။ ။

တင်မင်းထက်
၂၃.ဝ၂.၁ဝ

(အောင်မြင့် နဲ့ အောင်မင်း ရဲ့ "မြန်မာ ခေတ်ပြိုင်အနုပညာ ၁" စာအုပ်ကို ကိုးကားပါသည်။
"ဒီလူသေရင် တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ဆိုတာ ဆရာဇော်ဂျီ ပြောခဲ့တာပါ။)

Read more...

Feb 22, 2010

အလွမ်းမပြေ

ဒီနေ့ မနက် မျက်နှာစာအုပ် (Facebook)  ကြည့်ရင်း Rangoon Institute of Technology Alumni ကို ရောက်သွားပါတယ်။ အဲဒီမှာ Titus Hlaing တင်ပေးထားတဲ့ ပုံတွေတွေ့။ ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ မောင်ညွန့်ဌေး ရဲ့ "လွမ်းပြေအောင်" ဆိုတဲ့ ကဗျာ တပုဒ်ကို ပြန်ရှာဖတ်ကြည့်တော့ အလွမ်းမပြေ ဖြစ်ရပါတော့တယ် ...


လွမ်းပြေအောင်

စွယ်တော်ရိပ်........၏
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ...

ကံ့ကော်စိန်ပန်း၊ စွယ်တော်တန်းနှင့်
ခရေလမ်းမှာ၊ ပန်းကောက်သူတွေ
တပြေတရွာ၊ အနေကြာလည်း
နာရီလက်တံ၊ နောက်ပြန်လှည့်ကြည့်
သတိရစရာ...


အေဆောင် ဘီဆောင်
နောက်ပြောင်အော်ဟစ်၊ အပြစ်မမြင်
ချစ်ကြခင်ကြ၊ ကျီစယ်ကြနှင့်
ဥတ္တရရှေ့၊ ပျော်မွေ့သံစဉ်
လက်တွင်ဂီတာ၊ ဘာဂျာတယော
ပန်းစုံတောမှာ၊ ဂျီဟောသူကို
ဖျော်ဖြေသူ...


ဘီလ်ဒင်ဝမ်းတူး
ကူးသွားဖြတ်သန်း၊ စာသင်ခန်းဝင်
လွင်လွင်ဘဲ(လ)သံ၊ စီစီညံကို
ပြန်လည်ကြားယောင်၊ သန်းခေါင်ညဉ့်နက်
ဂဏန်းတွက်သူ၊ စာကျက်သူတွေ...

အာအိုင်တီ
အီကိုရာဇူး၊ မြူးတူးယှဉ်ပြိုင်
အနိုင်မခံ၊ အရှုံးမပေး
အားပေးသန်သူတို့ စုဝေးရာ...


အဆန်ဗလီဟော၊ စာပေဟောပြောပွဲတဲ့
သောသောညံညံ၊ လက်ခုပ်သံနှင့်
ဆိုင်းသံဗုံသံ၊ တရံမပြတ်
ပြဇာတ်အငြိမ့်၊ ခြိမ့်ခြိမ့်သဲသဲ
နားထဲကြားယောင်...

ကာတွန်းဘောက် တဲ့
အပြောက်အမွှန်း၊ အရွှန်းအသော
ဟာသနှောလျက်၊ ပြောင်မြောက်လက်ရာ
ကောက်ကြောင်းမှာလျှင်
သစ္စာရှာသူ...


ဩဘာလမ်း တဲ့
ဖြတ်သန်းလျှောက်သွား၊ ဟားဟားဟီးဟီး
လက်ခုပ်တီးကြ၊ နောက်ပြောင်ကြနှင့်
ဘဝဂ်ထိညံ ကျီစယ်သံ တို့
ပြန်လည်ကြားယောင်...

နွေးအေး၊ အောင်သိပ္ပံ
ကန်သာယာ၊ ဦးချစ်၊ ခြောက်နှစ်ခြောက်မိုး
သည့်ထက်တိုးလို့၊ နေသူပေသူ
ပျော်တတ်သူတွေ...

စာမေးပွဲနီး၊ ပျာယီးပျာယာ
စာကြည့်စားပွဲ၊ ပြန့်ကြဲမှတ်စု
အဖုအထစ်၊ မပြေပြစ်လည်း
ခေတ်နဲ့စနစ်၊ အနှစ်အကာ
ဘယ်အရာမှန်၊ ဝေဖန်တတ်သူ...


 စွယ်တော်ရိပ်....... တဲ့
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ...

မောင်ညွန့်ဌေး (အထက်မင်းလှ)
(အာအိုင်တီ ဒင်နာမှာ ဝေတဲ့ စွယ်တော်ရိပ်စာစောင်ထဲက ကဗျာလေးပါ)

Credit to မောင်ညွန့်ဌေး & Titus Hlaing.

Read more...

Feb 18, 2010

ရီရတဲ့ ကဗျာ


ရီရတဲ့ ကဗျာ

ပေါက်ကွဲတယ်၊ ဖောက်ခွဲမယ်
ဗန်းစကားတွေလည်း ဆန်းပြားတယ်။

ခေတ်အပျက်ကြီးက "ဟ" ပေးထားတဲ့
ထွက်ပေါက်တွေကနေ ပေါက်ထွက်လာပြီး
သီဟိုဠ်သရက်လို သီးပြလိုက်သေးတယ်
ပွင့်လင်း လွတ်လပ်လှချည်ရဲ့။

တင်မင်းထက်
၁၈.ဝ၂.၁ဝ

(စာသားနည်းနည်း ပြင်ထားပါတယ်။)

Read more...

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၅)

၉၂-၉၃ မှာ ကျောင်းတွေကို တတန်းပြီး တတန်း တက်သုတ်ရိုက် ဖွင့်နေတဲ့ကြားထဲက ကဗျာစာအုပ်လေးတွေ တော်တော်ထွက်လာပါတယ်။ အာစီ ၁-၂-၃ တင်မက၊ ဆေး (၁)၊ ဆေး (၂) မှာပါ ထွက်ပါတယ်။ အများစုက ဖိုတိုကော်ပီ ဆွဲပြီး ထုတ်တာပါ။

ဆေး (၁) က ထုတ်တဲ့ စာအုပ်ထဲက ကဗျာလေး တပုဒ်ဆို လှလည်းလှ၊ အသံလည်းချိုလို့ ခုထိ အလွတ်ရပါသေးတယ်။

                အိမ်ပြန်ချိန် သစ်သီးများ

 
                အထီးကျန်
                   မှည့်လွန်သီး တချို့တဝက်
                ကိုယ့်အတွက်ကျန် 
                              မင်းအိမ်ပြန်ချိန်။
                မျှော်လင့်ခြင်း 
                သီးကင်းနု တဝက်တချို့
                ကိုယ့်အဖို့ကျန် 
                              မင်းအိမ်ပြန်ချိန်။
                 
                                 မောင်မိုးဇင်

***

၁၉၉၃၊ ကျွန်တော် ၃ တန်း နှစ်မှာတော့ ကျောင်းပေါင်းစုံက သူတွေ စုထုတ်တဲ့ ကဗျာစာအုပ် တအုပ်ထွက်လာပါတယ်။ နောက်နှစ်တွေမှာလည်း အရှိန်ကောင်းကောင်းနဲ့ အမှတ် (၄) ထိ ထုတ်ခဲ့တဲ့ "ရာစုသစ်မြစ်ကျဉ်း" ပါပဲ။


(ပုံကို မနော်ဟရီထံမှ ရပါသည်။)

သပ်သပ်ရပ်ရပ် ဒီဇိုင်းသေချာဆွဲပြီး၊ အော့ဖ်စက်နဲ့ ရိုက်ထားတာပါ။ တီချယ်မေငြိမ်း၊ ဆေး ၂ က မင်းခိုက်စိုးစန် နဲ့ မိကောက်၊ မိန်းက မနော်ဟရီ နဲ့ စမ်းသီတာ၊ အာစီတူးက ဧထက် နဲ့ ဇုံနီ၊ အာအိုင်တီက မိုးကျော်သူ နဲ့ သားမွှန်း စသည်ဖြင့် လူစုံပါတယ်။ ဒီဇိုင်းနာကတော့ အပြင်ကပါ ကိုယ်မောင်မြင့် တဲ့။

ဒါက ရာစုသစ်မြစ်ကျဉ်း ရဲ့ အဖွင့် စာမျက်နှာပါ ..

အရိုင်းသက်သက်နေနဲ့
လေးလံကျပ်ခဲချင်လည်း
ခဲနေမှာပေါ့
ဒါပေမယ့်
သင်မျက်စိနဲ့ကြားပြီး
နားနဲ့မြင်နိုင်တယ်
မှန်တစ်ချပ် ၊လှံတစ်စင်းနဲ့
အခိုးအငွေ့တို့လို ...
မျှော်လင့်ခြင်း၊ပြီးဆုံးခြင်း
အလိုပြည့်ခြင်းတို့ပြည့်နှက်
ယဉ်ကျေးတဲ့ဣစ္ဆာသရ နှလုံးသားတို့ရဲ့

ပြတင်းတံခါးများ
အဲဒါ ...
ရာစုသစ်မြစ်ကျဉ်း
များလည်းဖြစ်ရဲ့ ...

အမှတ်တရကျေးဇူးတင်စွာဖြင့်
ဇုံနီ၊ မိုးကျော်သူ၊ မျိုးသန်း

 ***

မြစ်ကျဉ်း (၁) ကို စီစဉ်သူတွေထဲက မိုးကျော်သူ က ကျွန်တော်နဲ့ မေဂျာတူ Mechanical ကမို့ ကောင်းကောင်း သိပါတယ်။ မြစ်ကျဉ်း အဖွဲ့နဲ့ ကျွန်တော် ဆက်စပ်မိတာ မိုးကျော်သူကြောင့်ပါပဲ။ သူက ခပ်ပိန်ပိန် ဆံပင်ဖရိုဖရဲနဲ့ ဖြစ်ပြီး ပျော်တတ် နောက်တတ်သူ တယောက်ပါ။ ကျွန်တော်တို့ထက် ထူးတဲ့ အချက်က ကျွန်တော်တို့ မိဘဆီက မုန့်ဖိုးလက်ဖြန့်တောင်းနေချိန်မှာ သူက အလုပ်လုပ်နေပါပြီ။ မြင်သာ ကညန မှာ ညစောင့်လုပ်ရင်း ကျောင်းတက်နေသူပါ။ ရုံးကလည်း သူ ကျောင်းသားမှန်းသိတော့ အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ နေတော့ စာရွက်စာတန်းတွေ ထားတဲ့ အခန်းမှာ နေတယ်ပြောပါတယ်။

သူ့ကို မှတ်မိနေတာ တခုက တနှစ် စာမေးပွဲနီးလို့ သူငယ်ချင်း တယောက်အိမ်မှာ စာစုကြည့်နေတဲ့ ဆီကို သူလည်း စာကျက်မယ် ဆိုပြီး ရောက်လာတာပါပဲ။ သိုးမွှေး လွယ်အိတ်ကြီးထဲမှာ အဝတ်အစား ၂ စုံ ၃ စုံ၊ စာအုပ်တွေ၊ အိပ်မငိုက်အောင် စားဖို့ အချဉ်ထုတ်တွေ၊ ရည်းစားစာတွေ၊ ကဗျာတွေ အားလုံး စုထည့်ပြီး ရောက်လာတာပါ။

ဒါက မြစ်ကျဉ်း (၁) မှာ ပါတဲ့ သူ့ ကဗျာပါ။

အနားစောင်းများကိုဖြတ်၍...

ညီမျှခြင်းဆိုတဲ့သင်္ကေတ "လူတန်းစား" အတွက်မဟုတ်
သင်္ချာပုစ္ဆာအတွက်သာ
ဒါပေမယ့်
ရောမမြို့ မှာနေ ရောမလိုကျင့် စကားပုံဟာ
လူသားတိုင်းနဲ့သက်ဆိုင်ခဲ့။
ဘဝ၀မ်းရေးအတွက် "ရိုးသားခြင်း" ဟာ
မှောင်မိုက်နက်ရှိုင်းတဲ့ချောက်ထဲ
အရှိန်ပြင်းစွာဆင်းသက်ခဲ့။
မျှော်လင့်ချက်ပန်းတိုင်မရောက်ခင်
တောင်ပံကျိုးငှက်လို ရှိုက်ချက်သံများနဲ့အတူ
ခက်ခဲစွာရှင်သန်ပျံသန်းခဲ့။
ဆုံရန်မရှိတဲ့မျဉ်းပြိုင်နှစ်ခုဟာ
ငွေကြေးတပ်မက်မှုဆုံချက်မှာ
တစ်ထပ်တည်းကျသွားလေရဲ့။
ခါးပြင်းတဲ့အရက်ဖန်ခွက်ထဲမှာ
ခံစားမှုအရာအားလုံး စုန်ရေအဖြစ်
အဆုံးမဲ့စွာမျောသွားခဲ့...။
ဘဝကပေးတဲ့နာကျင်မှုသင်ခန်းစာများကို
ရိုးတွင်းချင်ဆီအထိ ပျံ့နှံ့ဝင်ရောက်ခဲ့။
ဘာသာကွဲနှစ်ခုရဲ့ မြင့်မြတ်သစ္စာရှိတဲ့
မေတ္တာစစ်ကိုနှလုံးသားမှာ ကဗျည်းထိုးဖို့
စုတ်တံမရှိခဲ့။
ဟောင်းနွမ်းအိုမင်းသွားတဲ့ရဲတိုက်တွေဟာ
ရာစုတစ်ခုရဲ့ မှတ်တိုင်ဆိုရင်
တို့ ...
ရွက်လွှင့်တင်လိုက်ကြစို့လေ။
ပစ္စုပ္ပန်ရဲ့ အနာဂတ်ပြတင်းပေါက်အတွက်...။

မိုးကျော်သူ

မြစ်ကျဉ်း (၁) က ကဗျာတွေကိုတော့ မနော်ဟရီ ရဲ့ ဘလော့ဂ်မှာ ဖတ်နိုင်ပါတယ်။ LINK

***
မြစ်ကျဉ်း (၁) မှာ ကျွန်တော်သိတဲ့ နောက်တယောက်ကတော့ Civil က သားမွှန်းပါပဲ။ ကျွန်တော့်လိုပဲ အရပ် ခပ်ပြတ်ပြတ် နဲ့ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်သူပါ။ အိမ်ချင်းက နီးတော့ ညပိုင်း လက်ဖက်ရည်ဆိုင် အတူ ထိုင်ဖြစ်ကြပါတယ်။ အာအိုင်တီက နိုင်ငံရေး ရာဇဝင်ရှိတဲ့ ကျောင်းသားကြီးတွေနဲ့ပါ ရင်းနှီးသူ ဖြစ်ပြီး၊ အခြားကျောင်းက ကဗျာ စာအုပ်ထုတ်တဲ့ အဖွဲ့တွေနဲ့လည်း အဆက်အစပ် များပါတယ်။

သူက တဆင့် ကျောင်းက ကဗျာရေးသူ တော်တော်များများနဲ့ သိခဲ့ရပြီး "လှိုင်းရဲ့ပြတင်း" ကို ထုတ်ဖြစ်ခဲ့ပါတယ်။

***

(ဆက်ရန် ...)

Read more...

Feb 11, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၄)

စာအုပ် အဖုံး ဒီဇိုင်းကလည်း နေဝင်းအောင် ပါပဲ။ တကယ်က အဖုံးက ၂ ထပ်ပါ။ အတွင်း တထပ်က ကျော်သီဟ နဲ့ ကျွန်တော့် ဒီဇိုင်းပါ။ အပြင်အဖုံးနဲ့ အိုင်ဒီယာကတော့ အတူတူပါပဲ။ ခေတ်ပေါ် ပန်းချီ ပုံစံမျိုး ဖြစ်ပါတယ်။

ကျောင်းထဲမှာ ထုတ်တဲ့ ကဗျာစာအုပ်တွေ တော်တော်ကို အဆက်ပြတ် နေချိန်မှာ ထွက်လာတာ ဆိုတော့ စိတ်ဝင်စားကြပါတယ်။ (ကျွန်တော် မှတ်မိသလောက်တော့ ၉ဝ ခုနှစ် နောက်ပိုင်း အရင်ဆုံး ပြန်ထွက်တဲ့ စာအုပ် ဖြစ်မယ်ထင်ပါတယ်။) အထဲမှာကလည်း တပုဒ်ချင်းစီကို သရုပ်ဖော်ပုံလေးနဲ့ ဆိုတော့ စာအုပ်လေးက ပုံစံသွက်နေပါတယ်။


ကိုယ်တိုင် လိုက်ရောင်းသလို၊ ကဗျာပါတဲ့ သူတွေရော၊ နီးစပ်ရာ သူငယ်ချင်းတွေကိုရော ခွဲပေးပြီး ကျောင်းပေါင်းစုံမှာ လိုက်ရောင်းခိုင်းပါတယ်။ မိန်းထဲကိုတော့ မရောက်ဖြစ်ပါဘူး။ အာစီတူး ထဲမှာတော့ နေရာ အနှံ့ပါဘဲ။ အလယ်ကန်တင်း၊ လူငယ်ကန်တင်း၊ ကျောင်းကားစောင့်တဲ့ နေရာ စသည်ဖြင့်ပေါ့။ အဖော်ကလည်း ကောင်း၊ ပျော်ကလည်း ပျော်နေတော့ ရှက်တယ် ဘာတယ် မရှိပါဘူး။

မာနလည်း နည်းနည်းတော့ ထားပါတယ်။ ကဗျာ မဖတ်တတ်ဘူး၊ စိတ်မဝင်စားဘူး၊ အားနာလို့ ဝယ်လိုက်မယ် ဆိုရင် အတင်းမရောင်းပါဘူး။ ဟုတ်တယ်လေ၊ စီးပွားရှာတာမှ မဟုတ်တာ။ မဖတ်တဲ့ သူတယောက်ဆီ တအုပ်ရောက်သွားရင် တအုပ်နာပါတယ်။ စာအုပ်က တလ မပြည့်ခင် ကုန်သွားပါတယ်။

ရောင်းရငွေကတော့ ကဗျာ စာအုပ်တို့ ထုံးစံအတိုင်း ရောင်းပေးတဲ့ သူတွေနဲ့ လက်ဖက်ရည် သောက်လိုက်ကြ၊ သူများကျောင်း သွားရောင်းကြရင်း ထမင်းစားလိုက်ကြနဲ့ ကုန်တာပါပဲ။

***

အဖွင့်ကဗျာက တီချယ်မေငြိမ်းပါ။ "အိပ်မက်ပျော်" ... တဲ့။

အိပ်မက်ပျော်

ရင်တစ်ခုန်
အပြုံးတစ်ချက်
ထွက်သက်ဝင်သက်နဲ့ငြိ
ပီဘိပီတိ ...

အောင်မြင်ခြင်း
ပန်းခင်းများ
တေးသီချင်းနဲ့အတူ
လိပ်ပြာလူတွေ
သာယာတဲ့သက်တန့်ထဲ
ပျော်စရာတွေနဲ့နေ ...

ကမ္ဘာ
လှပစွာ
ပန်းတွေပွင့်
နေခြည်သာ
စမ်းရေစီး
ဂီတာတီးလို့လဲကောင်း ...

စုတ်တစ်ချက်
အရောင်လွင်
နုနွဲ့ပြောက်မွှန်း
တောက်ရွှန်းတဲ့ရောင်စဉ်တွေဖန်တီး
ရှုမငြီးနိုင် ...

ချစ်သူ
မငြူစူ
ဖြူစင်ပြုံး
အမုန်းဆိုတာမသိ
ရင်ထဲငြိစရာ အသံချိုနဲ့ ...။

မေငြိမ်း

သူက အဲဒီ ခေတ်မှာ လုံးချင်းနဲ့ နာမည်လည်း ကြီးနေပြီး အာစီတူးမှာ ဆရာမလည်း ဖြစ်တော့ ကျောင်းအသိုင်းအဝိုင်းမှာ လူသိများပါတယ်။ တီချယ်မေငြိမ်းလည်း ပါပါတယ် ဖတ်ကြည့်ပါဦး စသည်ဖြင့် သူ့ ကဗျာ ပြပြီး ရောင်းရတာလည်း မနည်းပါဘူး။

တီချယ်မေငြိမ်းက စာရေးဆရာမ ပုံ အပြည့်၊ မေးရိုးပေါ်ပေါ် လူဟန်သွယ်သွယ်၊ ရင်ဖုံးအင်္ကျီ ခပ်ပွပွနဲ့၊ ဘူမိက သူတွေက အမေလို့ ခေါ်ကြပါတယ်။ ကျွန်တော်နဲ့လည်း အဲဒီ ကထဲက စပြီး ခင်သွားလိုက်တာ ကျောင်းတက်နေချိန် တလျှောက်လုံးသာမက ခုထက်ထိလည်း အဆက်အသွယ် မပြတ်ပါ။ ဆရာတပည့်လိုရော၊ သူငယ်ချင်းလိုရော ပေါင်းဖြစ်တယ်လို့ ပြောရမလားပဲ။

စာအုပ် စုလုပ်ပြီးတဲ့နောက် ကျွန်တော်တို့ အားလုံး ရဲဘော်ရဲဘက်တွေလို ခင်သွားကြပါတယ်။

***

"ဝိညဉ်ပြာ ..." မှာ စာစီအမှား တခုတော့ ပါသွားပါတယ်။ နောက်ဆုံး အပိုဒ် ဖြစ်တဲ့ စိုးစိုး ရဲ့ ကဗျာမှာ စာကြောင်းတကြောင်း ကျန်ခဲ့ပြီး၊ စာပုဒ်စီတာလည်း မှားသွားပါတယ်။ သူ့ စာအုပ်ထဲက မူအဟောင်းကို နေဝင်းအောင်က ကူးလိုက်မိတာ ဖြစ်နိုင်ပါတယ်။ သူ နဲ့ ကျွန်တော် ပရုဖ်ဖတ်နေရင်းနဲ့ ဘယ်လို လွတ်သွားတယ် မသိပါ။ အကြွေးဆပ်တဲ့ အနေနဲ့ အခု တင်ပေးလိုက်ပါတယ်။

သက္ကရာဇ် ၂၀ဝ၀ ရဲ့ ကျန်းမာရေး

ကောင်းကင်ကို အရင်းတည်
စီးဆင်းသွားစေ
ရေအလျဉ်မက်လုံး
ဖုန်းဆိုးမြစ် အကြွင်းအကျန်များ
မီးလိုပဲပြုစား ...။

ကန္တာရနဲ့ပင်လယ်
အာဟာရမွတ်သိပ်
အဆိပ်သင့်သက်ပြင်း
ဖြောင့်ချက်စစ်မှန်ရဲ့လား ...။

လေညင်းကလေးတွေအတွက်
ပြတင်းတံခါးဖွင့်ထားပါ ...။ ။

နေဆူးသစ်

အဲဒီတုန်းက အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ ဆိုတာကလည်း ခေတ်စားနေ။ အနာဂတ်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတဲ့ ကဗျာပေါ့။ ခုတော့ သက္ကရာဇ် ၂ဝ၁ဝ၊ ကမ္ဘာကြီးရော၊ မြန်မာပြည်ရော၊ ကျွန်တော်တို့ရော မကျန်းမာ ကြသေးပါဘူး။

***

စာအုပ်ထွက်လို့ ကျောင်းမှာ လိုက်ရောင်းတော့ တချို့ကလည်း အံ့ဩကြတယ်။ ကျွန်တော်က ကဗျာဆရာပုံ မပေါက်တဲ့ အပြင် ၁ တန်း တုန်းက အတန်းထဲမှာ မြားပစ် ချန်ပီယံ (၁ တန်း ဆိုတာ ပထမနှစ်)။ တက္ကသိုလ်ရောက်ရင် စက္ကူမြားပစ်ကြတယ်လို့ ကြားဖူးတော့ ပစ်လိုက်ကြတာ။ အခြား ကျောင်းတွေမှာတော့ မြားမှာ စာလေးတွေ ရေးပြီး ပစ်လိုက်ကြတယ် ထင်ပါရဲ့။ ကျွန်တော်တို့ ကတော့ ရှိသမျှ ဗလာစာအုပ် ကုန်အောင် ကလေးတွေလို ပျော်ပျော်ကြီး ပစ်ကြတာပါ။ ဆက်ရှင်ဘီ မှာဆိုတော့ မိန်းကလေးက ၁ဝ ယောက်တည်း၊ ယောကျာ်းလေးက ၁၉ဝ။ ဘဲအုပ်ကြီး ပစ်သမျှ မဗေဒါတွေမှာ အလူးအလဲပါပဲ။

***

ကျွန်တော်တို့ ပုံစံကလည်း ဝတ္ထုထဲက၊ ရုပ်ရှင်ထဲက ကဗျာဆရာတွေနဲ့ မတူပါဘူး။ ကိုညီ (သရဝဏ်) တယောက်ကတော့ ပါးလျလျ၊ ခပ်ဆွေးဆွေး ဟန်နဲ့မို့ ကဗျာဆရာနဲ့ အတူဆုံး ပါပဲ။ ပင်းယမှာ နေတဲ့ ကိုညီက အမြဲတမ်းလို အင်္ကျီအဖြူ နဲ့ ကချင်ပုဆိုး ဝတ်ပါတယ်။

တကယ်တော့ ကျောင်းသားအားလုံး အင်္ကျီအဖြူပဲ ဝတ်ကြတာ များပါတယ်။ ဘောင်းဘီ ဝတ်ခဲကြပြီး ကချင်ပုဆိုး၊ ယောပုဆိုး ခေတ်စားပါတယ်။ ဘောင်းဘီ မချွတ်တန်း ဝတ်တဲ့သူက လက်ချိုးရေလို့ ရပါတယ်။ လွယ်အိတ်ကတော့ ကျော်သူ စတိုင် အထုံးနဲ့။

မိန်းကလေးတွေ ဝတ်စားပုံကိုတော့ ရွှေတိုး (ကျွန်တော့် မဒမ်) ကိုပဲ နမူနာ ပြရမှာပဲ။ အာစီတူး မှာတုန်းက ဒူးခေါင်းအောက် တဘီတိုတို၊ အင်္ကျီပွပွ၊ သိုးမွှေးလွယ်အိတ်၊ နားဆွဲကြီးကြီးနဲ့။ မဟာတန်းတက်တော့ အပျော့သား လုံချည် ခပ်ပျော့ပျော့ကို ခပ်နွဲ့နွဲ့ဝတ်တဲ့ ခေတ်ဖြစ်နေပါပြီ။

မိန်းကလေးတွေ ဖက်ရှင်ပြောင်းတယ် ဆိုတာ အင်္ကျီ ပွလိုက် ကျပ်လိုက်၊ လုံချည် ရှည်လိုက် တိုလိုက်၊ ဆံပင် ကောက်လိုက် ဖြောင့်လိုက်ပဲ မဟုတ်လား။ ဒါပေမဲ့ ကျောင်းထဲမှာ ဘယ်သူမှ လျှပ်ပေါ်လော်လီတဲ့ ပုံမျိုး မဝတ်ကြပါဘူး။ အာအိုင်တီကတော့ ပိုတောင် ရှေးဆန်ပါသေးတယ်။ ၁ တန်း တုန်းက ဘောင်းဘီရှည် ဝတ်လာတဲ့ ကျောင်းသူကို တန်းလုံးကျွတ် ဝိုင်းနောက်ကြတာ မှတ်မိပါသေးတယ်။

***

(ဆက်ရန် ...)

(စကားမစပ် .. မစုချစ်သူ နဲ့ ဘကျောက် တဂ်ထားတဲ့ ကိုယ့်အကြိုက် ကို ရေးပြီးသွားပြီနော်။ ရွှေတိုး ဝတ်တာ မှန်သမျှ ကျွန်တော့် အကြိုက်ပဲ ဖြစ်နေတာကိုး :P)

Read more...

Feb 9, 2010

ပန်းချီဆရာ အတု

ကျွန်တော် ပန်းချီ မဆွဲတတ်တဲ့ အကြောင်း၊ ပန်းချီကြည့်တာတော့ ဝါသနာပါတဲ့ အကြောင်း ရေးဖူးပါတယ်။

မောက်စ်တလုံးနဲ့ ရွာစဉ်လည်ရင်း တွေ့မိတဲ့ ဆိုဒ်လေးတွေ ဝေမျှလိုက်ပါတယ်။ ပန်းချီ ဆရာကြီးတွေရဲ့ ဆွဲဟန်ကို တုပပြီး၊ အလွယ်ဆွဲလို့ ရအောင် လုပ်ထားပေးတာတွေပါ။ ပန်းချီ ဆရာကြီးဂိုက် ခဏဖမ်းပြီး စိတ်ကြီးဝင်လို့ ရတာပေါ့။


Pablo Picasso


Mr. Picasso Head ဆိုတဲ့ ဆိုဒ်ကပါ။ သူက မျက်လုံး၊ နှာခေါင်း တစစီ ပေးထားတာကို၊ တခုစီဆက်၊ အရောင်ပြောင်း၊ လှည့် စသည်ဖြင့် လုပ်လို့ ရပါတယ်။ ပီကာဆို စတိုင် လက်မှတ်လဲ ထိုးလို့ ရပါတယ်။ ဒါပေမဲ့ ကာတွန်းနဲ့ ပိုတူနေပါတယ်။

Jackson Pollock


Jackson Pollock . org ဆိုတဲ့ ဆိုဒ်ကပါ။ မောက်စ်သွားရာ ဆေးလိုက်ချပေးတာပါ။ ကလစ် နှိပ်ရင် အရောင်ပြောင်းပါတယ်။ မခက်ပါဘူး။ စိတ်လွတ်လက်လွတ် ဆော့လို့ ရပါတယ်။

Andy Warhol


Pop Art Poster ဆိုဒ်ကပါ။ ဝါးဟိုးလ် ရဲ့ မွန်ရိုးဓာတ်ပုံကို အရောင်အမျိုးမျိုးနဲ့ ပိုးဇာပုံနှိပ် လုပ်ထားတဲ့ ပုံ မြင်ဘူးကြမှာပါ။ ကိုယ့်ဓာတ်ပုံကိုအဲဒီလို ပုံစံမျိုး ပြောင်းလို့ရပါတယ်။ အလင်းအမှောင် ပြတ်သားတဲ့ ပုံမျိုး။ ခပ်စောင်းစောင်း ရိုက်ထားတဲ့ ပုံမျိုးဆို ပိုကောင်းပါတယ်။ ၁ ပုံ၊ ၄ ပုံတွဲ၊ ၉ ပုံတွဲ အမျိုးမျိုး လုပ်လို့ရပါတယ်။ ဒါက ကျွန်တော့် သားပုံကို ပြောင်းကြည့်ထားတာပါ။

ကဲ ... ဆော့ကြည့်ကြပါဦး။

Read more...

Feb 5, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၃)

မိုးသွေး ကွယ်လွန်တော့ ကဗျာစာအုပ်က ကျွန်တော့်ဆီမှာ ကျန်ခဲ့သည်။ ဒါပေမဲ့ သူ့အိမ်က သိမ်းထားချင်မှာပဲ ဆိုပြီး ရက်လည်နေ့မှာ ပေးလိုက်မိသည်။ ထူပူနေချိန်မို့ ကဗျာများကို မိတ္တူ ကူးထားဖို့ လုံးလုံး သတိမရလိုက်။ ကဗျာစာအုပ်လုပ်ရင် ထည့်ဖို့ဆိုပြီး သူ နှင့် ကျွန်တော် ရွေးထားသည့် ၄-၅ ပုဒ် သာ လက်ထဲမှာ ကျန်ခဲ့သည်။

မိုးသွေး ရက်လည်မှာ ကျောင်းပိတ်ထားလို့ သိပ်မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်း တော်တော်များများ ဆုံဖြစ်ကြသည်။ သူ့ သူငယ်ချင်း တော်တော်များများသည် ကျွန်တော့်နှင့်လည်း သူငယ်ချင်းများ ဖြစ်ကြသည်။ တကယ်တော့ ရန်ကုန်သည် ကျဉ်းကျဉ်းလေးသာဖြစ်သည်။ တက္ကသိုလ် ဆိုတာကတော့ ပိုတောင်ကျဉ်းသေးသည်။ ဘူမိမှ မှုန်ကြီး နဲ့ ကျော်သီဟက မိုးသွေးနဲ့ တကျောင်းထဲ ထွက်သူများ ဖြစ်ကြသည်။ လူတော့ သိပ်မစုံ အာအိုင်တီကပဲဖြစ်သည့် ကောင်းထက်က အထဲမှာ။ ကိုနေလင်းလည်း အဆောင်မှာ ဝင်ဖမ်းလို့ ပါသွားတယ်လို့ ဘူမိကလူတွေ ပြောပါတယ်။

အဲဒီညက သူငယ်ချင်း အယောက် ၁၄-၅ ယောက် အုပ်စုလိုက်ကြီး ခြေဦးတည့်ရာ လျှောက်သွား နေမိကြသည်။ ကျောက်မြောင်းကနေ ပုဇွန်ထောင် ပန်းခြံထဲက အရက်ဆိုင် ရောက်ကြတာ၊ ကန်တော်ကြီး ကန်ပတ် တံတားလေးမှာ သွားထိုင်ခဲ့ကြတာ ကိုတော့ မှတ်မိနေပါသည်။

အာအိုင်တီကန်တင်းက အပြန် တနေ့လည်၊ အက်ဖ်ဆောင်နားက ကံ့ကော်ပင်ရိပ် မြက်ခင်းမှာ အိပ်ရင်း မိုးသွေးနဲ့ ကျွန်တော် စကားပြောခဲ့တဲ့ အကြောင်း၊ သူ စိတ်ဝင်စားနေသည့် ဆရာမလေး နေ့လည်က သူ့ ရက်လည်ကို လာသည့် အကြောင်း စသည်ဖြင့် မိုးအလင်း စကားပြောဖြစ်ကြပါသည်။

***

၁၉၉၂ နှစ်ကုန်ပိုင်းလောက်မှာ ကျောင်းတွေ ပြန်ဖွင့်တယ်။ ကျောင်းမဖွင့်မှီမှာ နှစ်ရှည် ထောင်ဒဏ်ချထားခဲ့သူ အများစုကို ပြန်လွှတ်ပေးလိုက်လို့ ကျွန်တော်တို့နဲ့ အတူ ပြန်တက်ကြရ ပါတယ်။

ကျောင်းပေါင်းစုံကတော့ စည်ကားဆဲ အာစီတူး (လှိုင်) ကို ခပ်စိပ်စိပ်နဲ့ အာစီသရီး (ကြည့်မြင်တိုင်) ကို ခပ်ကျဲကျဲ ရောက်ဖြစ်ပါတယ်။ အထက်တန်းကျောင်းကြီးနဲ့ တူသည့် အာစီဝမ်း (ဗိုလ်တထောင်) ကိုတော့ တခေါက် နှစ်ခေါက်ပဲ ရောက်ဖူးတယ်။

အာအိုင်တီ ၁ တန်း ၂ တန်းက ကျောင်းသားများ အစဉ်အလာအရ အရောက်အပေါက် အများဆုံးကတော့ အာစီတူး ပါပဲ။ အတန်းငယ်များ နေရသည့် စဥ့်ကူ၊ ပုပ္ပါး စသည့် အဆောင်များက သမိုင်းဝင်းထဲမှာ ဆိုတော့ အာစီတူးက လမ်းအလွန်သင့်သည်။ ဘုရားပွဲက တဲတန်းရှည် ဆိုင်တန်းတွေနဲ့တူသည့် အဆောင်ကန်တင်း ကလည်း အာစီတူး နောက်ပေါက်နှင့် မဝေးလှ။

အဆောင်ကန်တင်းက ရွှေကြယ်မှာ၊ တောင်တွင်းကြီးမှာ လက်ဖက်ရည်သောက် သီချင်းနားထောင်ရင်း၊ မာလာဝင်းမှာ လက်ဖက်ထမင်းလေး၊ ပုံမှန်လေး စားရင်း၊ ပိုက်ဆံရွှင်ရင် ကန်သာယာမှာ တရုပ်စာ စားရင်း အာစီတူးကို ကူးလို့ရတယ်လေ။ (လက်ဖက်ထမင်း ဦးထုတ်ဆောင်းဆို ကြက်ဥမွှေကြော် အုပ်ပေးသေးတယ်။ ပုံမှန် ဆိုတာက ထမင်းကို ဟင်းရည်ဆမ်းပြီး လက်ဖက်၊ ခရမ်းချဉ်သီး စသည်ဖြင့် ပုံပေးတာ။ တပွဲ ၂ ကျပ်လို့ ထင်တာပဲ။)

နေ့ကျောင်းသားတွေ ကလည်း အတန်းလွှတ်ပြီ ဆိုတာနဲ့ တန်းလုံးကျွတ် သွားကြတယ်။ ကားမရရင် ဟိုင်းလပ်ကားကို ခေါင်မိုး အပြည့်တက်စီးကြသည်။ အာစီတူးထဲ စာသင်ခန်း အပြင်မှာ ရုံးစုရုံးစု အဖွဲ့တွေကို ကြည့်လိုက်ရင်တော့ ကျောင်းမှာ မြင်နေကြ မျက်နှာတွေပါပဲ။

***

အဲဒီ နှစ်မှာ ကိုနေလင်းတို့က တဆင့် သိလာသူ တယောက်ကတော့ စိုးစိုး (နေဆူးသစ်) ပါ။ ကျွန်တော့်ထက် တတန်းငယ်သည့် မျက်နှာချိုချို နှင့် ပုသိမ်သား။ အဆောင်ကို စရောက်ကတည်းက အားလုံးက သူ့ကို ကဗျာဆရာလို့ သိကြတယ် (နဖူးမှာ စာကပ်လာသလား မသိ)။ သူက ကိုမြင့်မိုးအောင် စသည့် ပုသိမ်ဆက် ကဗျာဆရာများနှင့်ရော အခြား စာပေလောကသား တချို့နဲ့ပါ သိကျွမ်းသူ။

ဝါသနာပါသူချင်း စုမိတော့ လက်ရေးကဗျာစာအုပ် လုပ်ဖို့ ပြန်ပြောဖြစ်ကြတယ်။ အဲဒီတုန်းက ကျောင်းမှာ ကဗျာ စာအုပ် ယဉ်ကျေးမှု အဆက်ပြတ်နေချိန်။ အသိုင်းအဝိုင်းကလည်း သိပ်မကျယ်ပြန့်သေး။ ဘူမိက လူတွေက သူတို့ ဆရာမ မမေငြိမ်း ဆီက ကဗျာတောင်းပေးမယ် ဆိုတော့ တော်တော်အားတက်သွားသည်။ နောက် နီးစပ်ရာ စုကြတော့ ဖရက်ရာများ ဖြစ်ကြတဲ့ အာစီသရီးက ရဲလွင် (ဖဲရိုက်ဖက်)၊ အာစီတူးက ထားထားစိုး (ကျွန်တော့် ငယ်သူငယ်ချင်း) တို့ဆီက ကဗျာတချို့ရသည်။ နာမည်ရစ ပြုနေပြီဖြစ်သည့် သရဝဏ် (ပြည်) ကိုတော့ စိုးစိုး မှတဆင့် ဆက်သွယ်မိသည်ထင်သည်။ ကျော်သီဟနဲ့ ကိုနေလင်းနဲ့ ပတ်သက်ပြီး ဘူမိမှ ကဗျာ တော်တော်များများ ရသည်။

***

ကဗျာတွေ အတော် စုမိတော့ ပန်းချီဆရာ ရှာရပြန်တယ်။ ဘယ်သူနဲ့ ဘယ်လို ဆက်စပ်မိသည် မသိ နေဝင်းအောင် နှင့် ဆက်မိသွားတယ်။ သူက ကျွန်တော်နဲ့ တနှစ်ထဲ အဆောင်ကျောင်းသား ဖြစ်ပြီး၊ ကဗျာလည်း ရေးတော့ သူ့ကဗျာလည်း ထည့်ဖြစ်ပါတယ်။ (ခုတော့ ပရော်ဖက်ရှင်နယ် ပန်းချီဒီဇိုင်းဆရာ ဖြစ်နေပါပြီ။) သူ နေသည့် သမိုင်းဝင်းထဲက အင်းလေးဆောင်မှာ စိုးစိုး နှင့် ကျွန်တော် သွားပြီး ကဗျာတွေ အပြီးသတ်ရွေး၊ စာအုပ် ပုံစံချကြတယ်။

ပထမဆုံး စာအုပ်ဆိုဒ် ရွေးရတာပေါ့။ ပုံနှိပ် စာအုပ်များက ပုံနှိပ်စက်များမှာ သုံးသည့် ဒီမိုင်းဆိုဇ် (Quad Demy 45" x 35") ကို အခြေခံသည်။ မဂ္ဂဇင်းဆိုဇ် ဆိုတာက ဒီမိုင်းကို ၈ ချိုး ချိုးထားသည့် ဆိုဇ်။ ဝတ္ထုစာအုပ်တွေက ၁၆ ချိုး။ ကျွန်တော်တို့က စီစစ်ရေး မတင်ဘဲ ကျောင်းထဲမှာသာ ဖြန့်ချီမယ့် စာအုပ်ဖြစ်လို့ ဒီမိုင်းဆိုဇ်ကို အခြေမခံ၊ စာကူးစက်လှည့်မှာ ဖြစ်လို့ လျှောက်လွှာ စာရွက်ဆိုဇ်ကို အခြေခံရသည်။ စာရွက် မပုတ်ချင်ရင် လျှောက်လွှာကို လေးခေါက် ချိုးရုံသာ။ ကဗျာရေးလို့ အဆင်ပြေအောင်၊ နည်းနည်းလည်း ဆန်းအောင် ဆိုပြီး လေးထောင့် စပ်စပ် မချိုးပဲ၊ အရှည်လေး ချိုးဖို့ ရွေးဖြစ်ကြသည်။

ပုံမှန်အားဖြင့်တော့ စာကူးစက် လှည့်ဖို့ ဖယောင်းစက္ကူမှာ ရေးရသည်။ ပြီးမှ ဂတ်စတာနာ လှည့်ချင်လှည့်၊ စက်မရှိရင် ဖယောင်းစက္ကူပေါ်မှာ မှင်ထည့်ပြီး မီးချောင်းနဲ့ လှိမ့်လို့လည်း ရသည်။ (ကျွန်တော်တို့ စာကူးစက်ကို ဂတ်စတာနာ ခေါ်ကြတာ တကယ်တော့ မြန်မာပြည်မှာ အသုံးများသည့် တံဆိပ် Gestener ကို အစွဲပြုပြီး ခေါ်တာ ဖြစ်ပါတယ်။)

ကျွန်တော်တို့ကတော့ ဖယောင်း မရေးဖြစ်ဘဲ၊ ပြီးမှ ကြည့်စီစဉ်မည် ဆိုပြီး စာရွက်ပေါ်မှာသာ ရေးဖြစ်ပါတယ်။ စာအုပ်အတွက် စာမျက်နှာဖွဲ့ပြီး ရေးတာဖြစ်လို့ စာရွက်ပေါ်မှာ ထိပ်တိုက်ရေးရသည်။ ဒါမှ စာအုပ်ချုပ်တဲ့ အခါ စာရွက်ကို ခေါက်ချလိုက်ပြီး ချုပ်လို့ လွယ်သည်။ နေဝင်းအောင် လက်ရေးက တကယ့် ပန်းချီလက်ရေးဆိုတော့ ကဗျာစာအုပ် ရေးလို့ကောင်းသည်။ ကဗျာသရုပ်ဖော်ပုံ ကိုလည်း အပုဒ်တိုင်း အတွက် သေသေချာချာ ဆွဲပေးသည်။ စာအုပ်လေး ရုပ်လုံးပေါ်လာလေ စိတ်လှုပ်ရှားလေပါပဲ။

ဒီဇိုင်း အပြီးမှာတော့ ဒုက္ခ စပါပြီ။ ဆရာမင်းလူ ဝတ္ထုတွေမှာ ဖတ်ဖူးသလို ကဗျာစာအုပ် ထုတ်ဖို့ နာရီချွတ်ကြ၊ လက်စွတ်ချွတ်ကြတော့ လုပ်စရာ မလိုပါ။ ကျွန်တော်တို့ ၃-၄ ယောက် စုလိုက်တော့ လောက်လောက်ငှငှ ရှိပါသည်။ ပြဿနာက စာအုပ်လှည့်ပေးမယ့်သူ မရှိတာပါ။ ၃၄ လမ်း၊ ၃၅ လမ်း တလျှောက် ဆိုင်ပေါက်စေ့ လိုက်မေးရပါတယ်။ ဆိုင် ၂ဝ ကျော် ၃ဝ လောက် ရှိလိမ့်မည်။ အရေးအခင်းတွေ တခုပြီး တခုဖြစ်ပြီးချိန်၊ ကျောင်းသားတွေ စုထုတ်မည့် ကဗျာစာအုပ်ကို ဘယ်သူမှ မလှည့်ပေးရဲပါ။ မျက်နှာငယ်လေးတွေနဲ့ ဘာမှ မငြိပါ ဖတ်ကြည့်ပါ ဆိုသော်လည်း စီစစ်ရေး မတင်ရင် မလုပ်ရဲပါတဲ့။ ပိုက်ဆံပိုပေးမယ် ဆိုတာတောင် ပြဿနာ ဖြစ်လို့ စက်သိမ်းခံ၊ လူအဖမ်းခံရရင် မတန်ဘူး ဆိုပြီး ငြင်းကြပါတယ်။

***

နောက်ဆုံးမှာတော့ လှည့်ပေးမယ့် စက် တခုတွေ့ပါတယ်။ ပုံမှန်ဈေးရဲ့ ၂ ဆ လောက် တောင်းပေမယ့် ကျေကျေနပ်နပ် ပေးကြပါတယ်။ သူ လုပ်ပေးတာက ကျွန်တော်တို့ ဒီဇိုင်းတွဲထားတဲ့ စာရွက်တွေကို ကွန်ပြူတာနဲ့ ဖယောင်းဖောက်ပေး၊ စာကူးစက် လှည့်ပေးတာပါ။ အဖုံးကို မှင်အမဲ၊ အတွင်းကို မှင်ပြာလို့ ရွေးလိုက်ကြပါတယ်။ အကုန်အကျ သက်သာအောင် စာအုပ်ချုပ်တော့ မအပ်တော့ပါ။ ကျွန်တော်က စာအုပ်ချုပ်နေကြ ဆိုတော့ ကိုယ့်ဖာသာ ချုပ်ကြမယ်။ ဖြတ်တာတော့ အိမ်နားတင် ဖြတ်နေကြ ဓားစက်ရှိပါတယ်။

စာအုပ်က စုစုပေါင်း ၅ဝဝ (သေချာ မမှတ်မိတော့ပါ အနည်းဆုံး ၅ဝဝ ကတော့ သေချာပါတယ်)။ ကျွန်တော့် ဘူမိနက်သန် ဖဲရိုက်တဲ့ ထပ်ခိုးလေးမှာ စိုးစိုးတို့ ရဲလွင်တို့ အပြင် ဝိုင်းသားတွေကိုပါ ချောဆွဲပြီး ချုပ်ကြပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး၊ စာရွက်လေးတွေ ခေါက်ပြီး အလယ်က စတပ်ပလာနဲ့ ချုပ်တာပါပဲ။ စာအုပ်လေး ဖြစ်လာတော့ ပျော်တဲ့ အပျော်ကိုတော့ ပြန်မပြောပြတတ်ပါဘူး။ နောက် သုံးနှစ် အကြာမှာ ရည်းစားရတော့ ပျော်တာထက် နည်းနည်းပဲ လျော့မယ် ထင်ပါတယ်။

ပြောဖို့မေ့နေလိုက်တာ၊ စာအုပ်နာမည်က စိုးစိုးပေးတာ - 

ဝိညာဉ်ပြာတို့ မိုးကောင်းကင်


စာအုပ် အဖွင့်မှာ ရေးထားတာက -

ခံစားမှုစစ်မှန်စွာ
အနာဂတ်အလင်းတံခါးကို
ဖွင့်လိုက်တဲ့အခါ
သင်ဟာ -
"ဝိညာဉ်ပြာတို့ မိုးကောင်းကင်" ကို
ရရှိပါလိမ့်မယ် ... ...

(ဆက်ရန် ..)

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP