Jul 30, 2009

စာအုပ်တောမှာ (၃)

တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ

စပြီး စုဖြစ်တာက တယောက်နဲ့ တယောက် အကြောင်းအရာ၊ အရေးအသား ဘာမှမတူတဲ့ တက္ကသိုလ်ဘုန်းနိုင် နဲ့ ရန်ကုန်ဘဆွေ။


တက္ကသိုလ်ဘုန်းနိုင် ထဲမှာ အစွဲခဲ့ဆုံးကတော့ "ခိုင်" ပဲပေါ့။ (တနေ့က မပန်ဒိုရာ ဝတ္ထုတို ဖတ်ရတော့ ကောင်မလေး ၂ ယောက်က ခိုင် နဲ့ မြိုင်။ နာမည်နဲ့တင် ဝတ္ထုက ဆွတ်ပျံဖွယ် ဖြစ်နေပြီ။) တက္ကသိုလ်ဘုန်းနိုင်တွေ စုတော့ ဘာဖြစ်လဲဆိုတော့ ငြိမ်းကျော်၊ မောင်စိန်ဝင်း၊ နွမ်ဂျာသိုင်းကို သင်ရိုးကုန်အောင် မဖတ်ဖြစ်လိုက်
ပါဘူး။


"မြန်မာပြည်သား" ကို ကြိုက်ခဲ့တော့ ရန်ကုန်ဘဆွေ စုပါတယ်။ သူက ဟီးရိုးရစ်ဇင်ဆန်တော့ ကျွန်တော့် လူငယ်ဘဝရဲ့ သူရဲကောင်းပါပဲ။ နောက်ပိုင်းကျတော့မှ သူ့အကြောင်း ပိုသိလာတယ်။ သူ့နိုင်ငံရေး ဘဝကိုတော့ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိ။ သူ့မှာ လူမှုရေး အမဲကွက်ကြီး တစ်ခုလဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာမှု သိပ်နိုင်နင်းပြီး၊ အနုအကြမ်း အစုံရတဲ့သူမို့ သူ့စာတွေကိုတော့ ခုထိကြိုက်ဆဲပါ။ "ရွှေဝါပြည်" "နန်းဟာဗီး" "ရဲဘော်တို့နှင့်အတူ" စတာတွေက လူသိများပါတယ်။ နာမည်သိပ်မကြီးတဲ့ သူ့ ဝတ္ထုတပုဒ်အကြေင်း ပြောပြချင်ပါတယ် -

မင်းလိုလူစားအများကြီးဟေ့


ဇာတ်လမ်းက ဖက်ဆစ် တော်လှန်ရေးအပြီးမှာ ဝါသနာပါတဲ့ ရဲဘော်ဟောင်းတွေ စုပြီး ပြဇာတ်အဖွဲ့ထောင်၊ နောက်နာမည်ကြီးလာတော့ ရန်ကုန် နေသူရိန်ရုံ အထိလာကကြ (ပြည်သူ့ရဲဘော် ရန်ပုံငွေ ထင်တယ်)။ ဗိုလ်ချုပ်တောင် သူ့ရဲ့ "စစ်ပြန်" ဆိုတဲ့ ပြဇာတ်ကို လာကြည့်တယ် ဆိုပါတယ်။ လွှမ်းမိုးရဲ့ ကိုပေါ သီချင်းက အဲဒီတုန်းက သူ့ပြဇာတ်တပုဒ်ရဲ့ ဇာတ်လမ်းပါ၊ ကိုပေါဆိုတဲ့ နာမည်က အစတူပါတယ်။ "ဘကြီးအောင်ညာတယ်" ကို မှီးတယ်ထင်ပါတယ်။

သူတို့ ပြဇာတ် စထောင်တော့ တကယ့်ဇာတ်သမားတွေ ပါပါတယ်။ သူတို့က ငါမရှိရင် မဖြစ်ဖူးဆိုပြီး အမျိုးမျိုး ပညာပြကြတော့ "မင်းတို့လိုလူစားတွေ အများကြီး" ဆိုပြီး၊ ရှိတဲ့သူနဲ့ ဖြစ်အောင်ကပါတယ်။ တီးဝိုင်းခေါင်းဆောင် စန္ဒရားဆရာ အဖြစ် ၁၂ နှစ် သားလေးကို တင်တယ်။ တယောဆရာကို လက်ထောက် ပြဇာတ်မင်းသား တင်တယ်။ သူကိုယ်တိုင်တောင် ပြဇာတ်မင်းသား လုပ်သေးတယ် ထင်တယ်။

တယောဆရာ ဇာတ်လမ်းကလည်း ဆန်းတယ်။ သူ တော်လှန်ရေးမှာ တာဝန်ကျတဲ့ နယ်မှာ သူ့လူတွေက သူလျှိုဆိုပြီး လူငယ်တစ်ယောက်ကို ဖမ်းလာကြတယ်။ စစ်
မေးကြည့်တော့ ချစ်သူပျောက်ကို လိုက်ရှာတဲ့သူ ဖြစ်နေတယ်။ ရောက်တဲ့ ဒေသမှာသိုင်းသင်ပေးပြီး ထမင်းစား၊ သူ့ တယောသံကြားရင် သူ့ချစ်သူ ထွက်လာလိမ့်မယ် ဆိုပြီး တယောတလက်နဲ့ ခရီးလှည့်နေသူ ဖြစ်နေတယ် (စစ်ကြီးထဲမှာနော်)။ သူက မသတ်ဘဲ စောင့်ရှောက်ထားခဲ့တယ်။

နောက်ဆုံး သူတို့ ပြဇာတ်အဖွဲ့ အောင်မြင်လာတော့ (ပြဇာတ်က ဘုံစနစ်ပါ) သူ့လူတွေနဲ့ စိတ်အခန့်မသင့် ဖြစ်ပြီး လမ်းခွဲလိုက်ကြတယ်။ တနေ့ ပြဇာတ်အဖွဲ့က သူ့လက်ထောက် ဆီကနေ စာတစ်စောင်ရောက်လာတယ်။ "ခင်ဗျားလို လူစားတွေ အများကြီးပါ၊ ခင်ဗျားမရှိလဲ ဖြစ်ပါတယ်" .. တဲ့။

စိတ်ဝင်စား စရာကောင်းတာက စန္ဒရားဆရာလေးဟာ နောင်တချိန်မှာ
"ဂီတလုလင်မောင်ကိုကို" ဖြစ်လာပြီး၊ တယောဆရာလူငယ်က "ဂီတနက်သန်ကိုစောညိန်း" ဖြစ်လာပါတယ်။

ဂန္တဝင်မမ


မြေနီကုန်းဈေးက ကိုကြည်ဆွေ့ဆိုင်မှာ သွားထိုင်ရင်း ထူးခြားတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ ပထမတယောက်က ကိုကြည့်ဆွေ သူငယ်ချင်း စာသမား တယောက်ပါ။ တနေ့တော့ ခပ်သုတ်သုတ် ရောက်လာပြီး ဆိုင်ခုံပေါ်ကို တက်ထိုင်နေပါတယ်။ နောက်က အဖြူအစိမ်းနဲ့ ကျောင်းသားတအုပ်က ဆိုင်ကို လာဝိုင်းပါတယ်။ သူကတော့ သူဘာမှ မသိသလိုပုံနဲ့။ ကျောင်းသားတွေကို ဖြောင့်ဖျပြီး သူ့ကို သေချာမေးကြည့်မှ ဆရာမကို ကဗျာစာအုပ် လိုက်ပေးတာတဲ့။ ပေးတဲ့စာအုပ်က ဂန္တဝင်မမ။


ဝဋ်ဒုက္ခကြီးမားစွာ
သူမလာပါပြီ။


ဝဋ်ဒုက္ခကြီးမားစွာ
ကျွန်တော်စောင့်နေပါသည်။
.. ဆိုတာကို လက်တွေ့ သွားလုပ်ကြည့်တာကိုး။

စာပေမြတ်နိုးသူကြီး


ကိုကြည်ဆွေ့ ဆိုင်မှာပဲ ဖောက်သည် အဖိုးကြီး တစ်ယောက်ကို သတိထားမိပါတယ်။ သူက တကယ့်ပင်စင်စား အရာရှိကြီး ပုံစံမျိုးနဲ့ ဆရာကြီး မဟာဆွေ စာအုပ်တွေ အမြဲဝယ်တဲ့သူပါ။ အခြားစာအုပ်တွေကို လုံးဝလောက် စိတ်မဝင်စားပဲ သူ့မှာ မရှိသေးတဲ့ မဟာဆွေ စာအုပ် ရှိသလားဆိုပြီး အမြဲလာမေးလေ့ရှိပါတယ်။ သူ့မှာမရှိသေးရင် ဝယ်သွားတာပါပဲ။

မြေနီကုန်းဈေးက ဆိုင်တွေကလဲ ဖောက်သည်ဆိုရင် ဈေးက ပြောနေ ဆစ်နေစရာ မလိုပါဘူး။ အဲဒီခေတ်က မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင် စတဲ့သူတွေရဲ့ စာအုပ်တွေမှ ၂၀ - ၃၀ ပါ။ သိပ်ရှားတဲ့ နန်းဟာဗီးလို၊ မြန်မာပြည်မြောက်ပိုင်း လိုမျိုးမှ ၅၀ လောက်ပါ။ မဟာဆွေလဲ ပုံမှန်ဆိုရင် ၂၀ - ၃၀ ပါပဲ။

ကျွန်တော်တို့လဲ သူ့ကို စာအုပ်စုတဲ့ ပင်စင်စားကြီးဆိုပြီး လေးလေးစားစား ဆက်ဆံပါတယ်။ မဟာဆွေတွေလဲ သူဝယ်တာ စုံသလောက်ရှိတဲ့ တစ်နေ့မှာတော့ သူက ခပ်တည်တည်နဲ့ မေးခွန်းတစ်ခုမေးပါတယ် "ဒီထက် ကြမ်းတာမရှိဘူးလား" .. တဲ့။

ကျွန်တော်လဲ "ဟာ" ကနဲ ဖြစ်သွားတာပေါ့။ အဲဒီတော့မှ သူ့ရဲ့ စာဖတ် ဝါသနာကို သိတာပါ။ မဟာဆွေ က တန်ဖိုးရှိတဲ့ စာတွေရေးခဲ့သလို (လူများများ ဖတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်မယ်ထင်ပါတယ်) အချစ်ခန်း ခပ်ကြမ်းကြမ်းလဲ ပါလေ့ရှိပါတယ်။ သူက အနှစ်ရော အကာရော ပြစ်ပြီး အခွံကို ယူတဲ့သူမျိုး ဖြစ်နေတာကိုး။ ကိုကြည်ဆွေကတော့ အတွေ့အကြုံများတဲ့သူ ဆိုတော့ "ရမယ်ဦးလေး နောက်နေ့ လာခဲ့ပါ" လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ဟိုခေတ်က ထုတ်တဲ့ ပုံနှိပ်စာလုံးနဲ့ အပြာဝတ္ထုတွေ ၃ အုပ်လောက်ကို သားရေဖုံးနဲ့ ပေါင်းချုပ်ပြီး ၃၀ဝ နဲ့ ရောင်းလိုက်ပါတယ်။


(ဆက်ရန် ...)


ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

Jul 29, 2009

စာအုပ်တောမှာ (၂)

စိုင်းဝိလု

အတန်းတက်လို့ ဖတ်စာစာအုပ်တွေ ရပြီဆိုတာနဲ့ မြန်မာစာ စကားပြေ၊ ကဗျာစာအုပ်တွေကို ၃-၄ ရက်နဲ့ ကုန်အောင် ဖတ်လိုက်တာပဲ။ အိမ်က စာအုပ်တွေအပြင် စမ်းချောင်းထဲက စာအုပ်အငှားဆိုင် တဆိုင်မှာ စာအုပ်ကောင်း (အထူးသဖြင့် ဘာသာပြန်) အတော်များများ ရှိတော့ ငှားဖတ်ရပါတယ်။


အလယ်တန်းကျောင်းသား အရွယ်နဲ့ ဆိုရင် စာကြီးပေကြီးလို့ ပြောလို့ရမယ့် စာအုပ်တွေပဲ ဖတ်တာလား ဆိုတော့၊ မဟုတ်ပါဘူး။ သိုင်းဝတ္ထုကိုလည်း အသေအကြေ ဖတ်ခဲ့တာပေါ့။ အီကြာကွေး စကားနဲ့ ပြောရရင် စိုင်းဝိလု ပေါ့။ (သူ့ဟာသ တစ်ပုဒ်မှာ သူက တရုတ်ကြီးတစ်ယောက်နဲ့ လဖက်ရည်ဆိုင်မှာ ဆုံပါတယ်။ သူက စာရေးဆရာပါဆိုတော့ ဝ လဲ စာရေးဆရာပဲ။ ဘာတွေရေးလဲဆိုတော့ စိုင်းဝိလု တဲ့။ ဒီကလောင်နာမည် မကြားဖူးပါဘူးနဲ့ နောက်ဆုံးကျတော့ သိုင်းဝတ္ထုရေးတဲ့ တရုတ်ကြီးဖြစ်နေတာကိုး။)

၅တန်းလောက်ကနေ  ၈ တန်းအထိ သိုင်းဝတ္ထု တော်တော်ဖတ်ပါတယ်။ ၈ တုန်းက နယ်မှာပါ။ စာကြည့်တိုက်လေးတစ်ခု ရှိပြီး၊ ရန်ကုန်ရုံးက စာအုပ်ဆိုင်ကျတွေ ဝယ်ပို့ပေးပါတယ်။ မဂ္ဂဇင်းတွေက လွဲရင် ကျန်တာ အပျော်ဖတ် ရှဲဒိုးတွေနဲ့၊ သိုင်းတွေပါပဲ။ အဲဒီမှာ သိုင်းကိုစွဲတော့တာပဲ။ ကျွန်တော်က စာကြည့်တိုက်မှာလဲ ကူလုပ်တော့၊ စာအုပ်သစ်ရောက်ရင် သိုင်းဝတ္ထုတွေကို ဆာလာအိတ်နဲ့ ထည့်ပြီး အိမ်သယ်သွား။ မနက် ၆ နာရီကနေ မီးဖြတ်ချိန် ည ၁၀ နာရီထိဖတ်ပါတယ်။ အုပ်တွဲများလေ ကြိုက်လေ၊ တစ်နေ့ ၁၀ အုပ်လောက် ပြီးပါတယ်။ ဆရာတင်မိုး ရဲ့ "၁၆ နှစ်သားနဲ့စကားပြောခြင်း" ကဗျာ ထဲကလို ဆိုရင် "သား သိုင်းသမားတွေနဲ့နေမယ်" .. ပေါ့။


ပိုးမင်းသား
 
မြေနီကုန်းညဈေး

၉ တန်း မှာ ရန်ကုန် ပြန်ရောက် ၉ တန်းနွေမှာ အဖေနဲ့ အမေက မြေနီကုန်းညဈေးကို ခေါ်သွားပါတယ်။ ကြိုက်တာ ကိုယ့်မုန့်ဖိုးနဲ့ ကိုယ်ဝယ်ဖတ် ဆိုပြီး စာအုပ်အဟောင်းဆိုင်တွေ လိုက်ပြပါတယ်။


တခု ကံကောင်းတာက ကျွန်တော့် တသက်မှာ စာအုပ်ငှားလို့၊ စာအုပ်ဝယ်လို့ အပြောမခံရပါ။ အဖေက ဝန်ထမ်း မရှိမရှားပါ။ သူတို့ ခေတ်က စာအုပ်ဝယ်ဖတ်တဲ့ ခေတ်ဆိုတော့ ကျွန်တော့် အတွက် စာအုပ် တော်တော်များများ အမွေကျန်ပါတယ်။ ပြီးတော့ ငယ်ငယ်က စာမေးပွဲ မှာ အဆင့်ဘယ်လောက်ရရင် ဘယ်လောက် ဆိုပြီး ပေးပါတယ်။ ဒါပေမဲ့ ငွေမပေးပါ၊ စာရင်းမှတ်ထားပြီး တခုခု ဝယ်ချင်မှ ထုတ်ပေးပါတယ်။ ၉ တန်း ၁၀ တန်း ရောက်တော့ ကျွန်တော့်ညီက ပြိုင်ဘီးဝယ်စီးလိုက်ပြီး၊ ကျွန်တော်က အကုန် စာအုပ်ဝယ်ပစ်လိုက်ပါတယ်။


အဲဒီတုန်းက မြေနီကုန်းညဈေးက သစ်တိုင် သွပ်မိုး ဆိုင်တန်းရှည်တွေပါ။ အခု ဒဂုံစင်တာ နေရာမှာပေါ့။ လေဟာပြင်ဈေး ပုံစံ၊ တစ်တန်းနဲ့ တစ်တန်းကြားမှာ အမိုးမရှိပါ။ စားသောက်ဆိုင်တန်းကလည်း နာမည်ကြီးပါတယ်၊  မူးဘဲတွေ အကြိုက် အရက်နဲ့ တွဲရောင်းတဲ့ တရုပ်ခေါက်ဆွဲဆိုင်တွေ။

စာအုပ်အဟောင်းတန်းက ဘယ်ဘက်နားကျကျ ရုံတန်းပါ မျက်နှာချင်းဆိုင် ၂ တန်းအပြည့်ရှိပါတယ်။ အဲဒီအတန်းတွေနဲ့ ကျောချင်းကပ် အတန်းတွေမှာလည်း
ဆိုင်နည်းနည်း ရှိပါတယ်။ ကျွန်တော် အဲဒီနေ့က တက္ကသိုလ်ဘုန်းနိုင် ရဲ့ "မိုးညအိပ်မက်မြူ" ဝယ်ဖြစ်ပါတယ်။ ဘယ်ဖက် အတွင်းအစွန်ဆုံး ကိုကြည်ဆွေ ဆိုင်ကပါ။ နောက်ပိုင်း ကျွန်တော့် အဓိက ဖောက်သည်ဆိုင် ဖြစ်သွားပါတယ်။

စာအုပ်ဟောင်း သမားတွေက အများအားဖြင့် ကိုယ်တိုင်လဲ စာဖတ်တဲ့သူတွေဆိုတော့ တခြားကုန်ရောင်းတဲ့ သူတွေနဲ့ မတူပါ။ အမြတ်ရရင်ပြီးရော မရောင်းပါ။ သူစိမ်းဆို အမြတ်များများ တင်ကောင်းတင်ပေမယ့် (ဝမ်းရေးကိုး) ဖောက်သည်ဖြစ်သွားရင် ဈေးသိပ်မှန်ပါတယ်။ ကျွန်တော်က ငယ်လဲငယ်သေးတော့ တော်တော်ညှာကြပါတယ်။ ဘယ်စာအုပ် ဖတ်ကြည့်ဆိုတာမျိုး ညွှန်းကြသလို၊ တစ်ချို့စာအုပ်တွေကို ကျွန်တော် ဝယ်ချင်တာတောင် "ဒါသိမ်းရမယ့် စာအုပ်မဟုတ်ဘူး၊ ဖတ်ချင်ယူဖတ်" ဆိုတာမျိုးပြောပါတယ်။ နောက်ပိုင်းကျတော့ တစ်ဈေးလုံး ကြိုက်တဲ့ဆိုင်က ကြိုက်တာယူဖတ်လို့ ရပါတယ်။ ကျွန်တော်ကလည်း  အားနာတတ်တော့ နှစ်ပေါက်လောက်ပဲ ငှားတာပါ။


(ဆက်ရန် ...)


ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

Jul 28, 2009

စာအုပ်တောမှာ (၁)

စာအစ ရွှေသွေး၊ တေဇ

စာကို ကိုယ့်ဖာသာ စာလုံးပေါင်းပြီးဖတ်တော့ ၁ တန်း။ ကျွန်တော်တို့ခေတ်က ကလေးတိုင်း ကြိုက်နှစ်သက်ကြတဲ့ ရွှေသွေး၊ တေဇ နဲ့ စတာပေါ့။ ရွှေသွေးက သတင်းစာရဲ့ တဝက်အရွယ် ဆိုဇ်သေး။ မျက်နှာဖုံး ရောင်စုံဇာတ်လမ်းက ဆရာကြီး ဦးဘကြည် ဇာတ်လမ်းပါတာ များတယ်။ ကလေးတွေအတွက် စိတ်ဝင်စားစရာလည်းကောင်း၊ ယဉ်ကျေးမှုလည်းသင်၊ လိမ္မာရေးခြားလည်း ရှိစေတဲ့ ဇာတ်လမ်းတွေ။ မှတ်မိသေးတယ် "ငိုရင်ပုလဲ၊ ရီရင်ရွဲ" "အစားပုတ်ပျားတုတ်" စတာတွေ။ ခုတော့ ခြင်ဆိုတာကမှ ပြတိုက်မှာသွားကြည့်လို့ ရဦးမယ်။ ကလေးစာပေစစ်စစ်က ဘယ်မှာနေသည် မသိ။

ပြီးတော့ ဆရာဇဝန (ငယ်ငယ်ကတော့ အမြဲတမ်း ဇနဝ လို့ မှားခေါ်တယ်) ကဗျာတွေလည်း ပါသေးတယ်။ ဘယ်မှာပါမှန်း မမှတ်မိတဲ့ ဒီတပုဒ်ဆို သိပ်ကြိုက်ပေါ့ ..

ဒေါက်တာငွေမက် ဦးဇီးကွက်

ဆရာဝန်ကြီး ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိတ်စ်ဝိုင်ဇက်။

တစ်နေ့မနက် စောစောမှာ
မောင်ကျီးညိုလေး ရောက်လို့လာ။

လုပ်ပါ နှုတ်ပါ ထုတ်ပါဦး
ကျနော့်ဖင်က လောက်စာလုံး။

ဘယ့်နှယ်တုန်းကွယ့် မောင်မောင်ညို
လောက်စာလုံးတောင် မရှောင်မျို။

ငတ်လှသကို အစားပုတ်
မအံ့ပေါင် မောင်ဝမ်းချုပ်။

မဟုတ်ပါဘူး ဆရာရယ်
ကျနော်မှန်ရာပြောပါ့မယ်။

နွားကျောင်းသားငယ် လေးနဲ့ပစ်
လောက်စာလုံးဝင်လို
ဖင်ဝတစ်။

ဖြစ်ရလေဟယ် အံ့စဖွယ်
မပူပါနဲ့ ပျောက်စေ့မယ်။

ထွက်ရလွယ်အောင် ရေနဲ့ဆေး
ဆရာဝန်ခ သုံးဆယ်ပေး။

မောင်မောင်ညိုလေး ရောဂါစင်
ဆေးကုသခ မပေးချင်။

ညအိပ်ရာဝင် ဦးဇီးကွက်
ခေါင်းလာဖောက်လို
ဦးဏှောက်ထွက်။

ဒေါက်တာငွေမက် ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိပ်စ်ဝိုင်ဇက်။

ဇဝန

(ကဗျာအတွက် ကိုရင်အုန်းကို ကျေးဇူး အထူးတင်ပါတယ်။ ဆရာဇဝနက ငွေမက်တဲ့သူတွေကို သရော်ခြင်းသာ ဖြစ်ပြီး၊ ဆရာဝန်တွေကို စော်ကားလိုစိတ် မရှိဘူးလို့ ယုံပါတယ်။)


နောက် ရွှေသွေးအထူးထုတ်၊ တေဇအထူးထုတ် ဆိုပြီး တနှစ်တခါ ထွက်သေးတယ်။ ဖတ်ပါလေ့ အထူကြီးတွေ။ နောက် ဦးဘကြည်ပဲ ဆွဲခဲ့တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ (မဟော်သဓာဇာတ်
ကို အကြိုက်ဆုံးပေါ့)။ အောင်ရှိန်၊ ကာတွန်းမြင့်သိန်း၊ တင်အောင်နီ၊ မောင်ဝဏ္ဏ၊ သော်က တို့ကိုလည်း ဘယ်အလွတ်ပေးမလဲ။

ဦးဘကြည်၏ မဟော်သဓာဇာတ်မှ

လုံးချင်းစဖတ်ခြင်း

ကျွန်တော် လုံးချင်း စဖတ်တာက ၄ တန်း နွေ
ကင်းပိတ်မှာ၊ စဖတ်တာက တက္ကသိုလ်စိန်တင် ရေးတဲ့ "အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း"။ အောင်ဆန်းသူရိယဆု ရသူ ၆ ယောက်ထဲမှာ တဦးတည်းသော အသက်ရှင်လျက် ဆုရသူ ဆိုတော့ ပြည့်ပြည့်စုံစုံ ရေးနိုင်တယ်။ စွန့်စားခန်းတွေ စစ်တိုက်ခန်းတွေက အပြည့်။ ဆိုင်ကယ်အတိုက်ခံရလို့ သေပြီထင်ပြီး ရင်ခွဲရုံ ရောက်လာပြီးမှ သတိရပြီး ဆေးရုံမှာ လျှောက်ပြေးတဲ့ အခန်း။ တောဝက်ပက်လို့ ထွက်လာတဲ့ အူတွေကို ဗိုက်ထဲပြန်ထည့်တဲ့ အခန်းတွေ ကောင်းကောင်း မှတ်မိနေသေးတယ်။

နောက်တအုပ်က ထင်လင်း ဘာသာပြန်တဲ့ "မောဂ္ဂလိ"။ ကလေးတွေကြိုက်တဲ့ ဇာတ်လမ်းဆိုတော့ ဘယ်နှစ်ကြိမ် ဖတ်ခဲ့ဖူးမှန်းတောင် မမှတ်မိတော့။ ဝက်ဝံကြီး ဘာလူး၊ သစ်နက်ကြီး ဗဂီရာ ဆိုတာတွေ မှတ်မိသေးတယ်။ ကဲ မောဂ္ဂလိ
လို နှုတ်ဆက်လိုက်ဦးမယ် .. "အမဲသားငါးများပါစေ"
 
တတိယ
အုပ်က ရန်ကုန်ဘဆွေ ရဲ့  "မြန်မာပြည်သား"။ အကုန်တော့ နားမလည်သေးဘူးပေါ့။ မြန်မာမှု သိပ်ပီပြင်တဲ့ စာအုပ်ပါပဲ။ အမိုက်တုန့်-အမှောင်တုန့် ကစလို့၊ လူပျိုလှည့်ပုံနဲ့ စကားထာဓလေ့၊ ထိုးကွင်းမှင်ကြောင်ဓလေ့ စတာတွေကို ဖတ်ရပါတယ်။ ၁ တန်းမှာ ကျွန်တော်အကြိုက်ဆုံး စာအုပ်တအုပ် ဆိုပြီး စာစီစာကုံးရေးရတော့ "မြန်မာပြည်သား" ကိုရေးခဲ့တာပေါ့။

နောက် အိမ်မှာရှိတဲ့ "ကမ္ဘာ
ကျော်မိုင်၈ စစ်ခရီးကြမ်း" "ရှစ်စပ်ကဂျင်ခြေလည်သူ"  စသည်ဖြင့် အတော်စုံစုံ ဖတ်ဖြစ်ပါတယ်။

(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

Jul 27, 2009

Green Memory (4)

ယမ်းဘီလူး

နာမည်က ပူလောင်ပေမယ့်
၂ ယောက်ဝေသောက်ခဲ့ နေ့စွဲများ
ခုတိုင် ချိုအေးဆဲပါ

တင်မင်းထက်
၂၀ဝ၉

Read more...

Jul 25, 2009

အမျိုးသမီးများနဲ့ စကားပြောခြင်း

Pablo Picasso

"စကားလေး တခွန်းလောက်ပြောဖို့တောင် မနည်း စဉ်းစားရတယ်၊ အမျိုးသမီးများနဲ့ စကားပြောဖို့ တော်တော်ပဲ ခက်တယ်" လို့ ခင်ဝမ်းက ဆိုခဲ့ဖူးပါတယ်။

အမျိုးသမီးများနဲ့ စကားပြောဖို့ တကယ် ခက်ပါသလား။

ကျွန်တော့်မှာ အမျိုးသမီး အပေါင်းအသင်း တော်တော်များပါတယ်။ ကျောင်းတုန်းက ခင်တဲ့သူတွေ၊ အလုပ်ထဲမှာ ခင်တဲ့သူတွေ၊ ခုနောက်ဆုံး ဖိုရမ်မှာ ဘလော့ဂ်မှာ ခင်တဲ့ အွန်လိုင်း သူငယ်ချင်းတွေ မနည်းပါဘူး။ ပြောလို့ ဆိုလို့လည်း အဆင်ပြေပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေဆို ယောကျာ်းလေး မိန်းကလေး မခွဲပဲ သင်ရတဲ့ ဘာသာလည်းဖြစ်၊ ရင်းကလည်း ရင်းနှီးတော့ သူတို့ မိန်းကလေး ဆိုတာတောင် မေ့နေတတ်တယ်။

ဒါပေမဲ့ အမျိုးသမီးတွေနဲ့ စကားပြောရင် ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ပြောတာ ဆိုတာထက်တော့ သတိထား ရပါတယ်။ တခြားသူ မပြောနဲ့ ကျွန်တော့် သမီးနဲ့ ပြောရင်တောင် တခါတခါ ကိုယ်က ဘာပြောမိလို့ သူက ဘာကောက်သွားတယ် မသိဘူး။

အဲဒါနဲ့
အမျိုးသမီးများနဲ့ စကားပြောရင် လိုက်နာရမယ့် "3 Golden Rules" ကို ကိုယ့်ဖာသာ ချမှတ် ထားရတယ်။

၁။ အလှအပနဲ့ ပတ်သက်လို့ မနောက်ရ။
၂။ အသက်အရွယ်နဲ့ ပတ်သက်လို့ မနောက်ရ။
၃။ အပျိုကြီးတွေကို အပျိုကြီး၊ အပျိုကြီး ဆိုပြီး ခဏခဏ မခေါ်ရ။

တခုချင်းရှင်းပါမယ် ..

အလှအပနဲ့ ပတ်သက်လို့ ဆိုတာက ဆယ်တန်းတုန်းက ကျွန်တော့် ဓာတုဆရာ ဆုံးမခဲ့တာပါ။ သူ ငယ်ငယ်က အတန်းဖော် ကောင်မလေး တယောက်ကို အလှအပနဲ့ ပတ်သက်ပြီးနောက်မိတာ ကမ္ဘာမကျေ ဖြစ်သွားတယ်တဲ့။

အရပ် ရှည်ရှည်သူငယ်ချင်း တယောက် ဂျာကင်ပွပွကြီးနဲ့ ဘောင်းဘီတို ကျပ်ကျပ် ဝတ်လာတော့ ခွက်ထိုးခွက်လန် ရီခဲ့ဖူးပါတယ်။ အမျိုးသမီး တယောက်ကို အဲဒီလို ရီမိရင် ဘာဖြစ်သွားမယ် ထင်ပါသလဲ .. ။

အလှအပ ဆိုရာမှာ ဝ တာနဲ့ ပတ်သက်လို့လည်း ပါပါတယ်။ ရင်းနှီးတဲ့သူမို့ တခါတလေ
နောက်တာ ဘာမှ မဖြစ်ပေမယ့်၊ ခဏခဏ မနောက်သင့်ပါ။ "အင်္ကျီတွေ ဒစ်စကောင့်ချနေတာ၊ မတရုပ်မကြီးနဲ့ တော်တာတော့ အင်္ကျီထည့်တဲ့ ဆာလာအိတ်ကြီးပဲ ရှိတယ်" ဆိုရင် စိတ်နာကောင်း နာသွားနိုင်ပါတယ်။

အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ နောက်ဖို့ မပြောနဲ့ မေးတောင် မမေးသင့်ပါ။ ငယ်တဲ့သူတွေကို အသက်မေးတာ ပြဿနာမရှိပေမယ့် ကြီးတဲ့သူတွေကို မေးမိရင် ကိစ္စ ရှိသွားနိုင်ပါတယ်။ တခါတုန်းက ရုံးက အမကြီး တယောက်ကို အမ ဘယ်နှစ်က ကျောင်းပြီးတာလည်း မေးမိလို့ မကြားချင်ယောင် ဆောင်နေတာ ကြုံရဖူးပါတယ်။ ကျောင်းပြီးနှစ်မေးတာ အသက်ကို သွယ်ဝှိက် မေးသလို ဖြစ်သွားတာကိုး။

အပျိုကြီးတွေကို မနောက်သင့် ဆိုတာကတော့ သိပ်မရှင်းလှပါ။ တချို့က စန်းစန်းတင့် မဖြစ်ပေမယ့် တချို့က စန်းစန်းတင့် ဖြစ်ပါတယ် (စန်းစန်းတင့် = Sensitive)။ သူငယ်ချင်း တယောက်ကို အပိုကြီး လို့ ခေါ်ခဲ့ဖူးတာတော့ အေးအေးဆေးဆေးပါပဲ။

အမျိုးသမီးများ နှင့် အမျိုးသားများ စဉ်းစားပုံခြင်းကလည်း မတူဘူးလေ။ ဘာမတူ သလဲတော့ သေချာ မပြောပြတတ်။

တလောက ရုံးကန်တင်းမှာ ဆိုင်အသစ် ပြောင်းပါတယ်။ ရုံးက မိန်းကလေး တယောက်နဲ့ စကားစပ်မိတော့ ဆိုင်အသစ်က ဟင်းချက်ပိုကောင်းတယ် လို့ ပြောမိပါတယ်။ သူက နည်းနည်း စဉ်းစားပြီး "ပြောဖို့စောသေးတယ်။ ၁ ပတ် ၂ ပတ်လောက် စောင့်ကြည့်ဦးမယ်။ အခုက စကာစမို့ သေချာချက်တာ ဖြစ်နေဦးမယ်" .. တဲ့။ ကျွန်တော် နည်းနည်း အံ့ဩသွားတယ်။ ကျွန်တော်က အလွယ်တကူ ကောက်ချက်ချပေမယ့်၊ သူကတော့ တော်တော်လေးကို စဉ်းစားတာပဲ။ (သူက အပျိုကြီး ဆိုတာကိုတော့ မပြောပြတော့ပါဘူး။ :P )

ကိုယ့်ဖာသာ ကောက်ချက်ချရရင် အမျိုးသမီးများနဲ့ စကားမပြောတတ်သေးပါ။


(အမျိုးသမီးများနဲ့ စကားပြောခြင်း ဆိုတာ ခင်ဝမ်းသီချင်း နာမည်ပါ။)
(အစက မိန်းကလေးများနဲ့ လို့ ရေးထားတာ ပြန်နားထောင်ကြည့်မှ အမျိုးသမီးများနဲ့ ဖြစ်နေတယ်။) 

Read more...

Jul 22, 2009

ဘဝ နဲ့ ထိုင်ခုံ

လူ့ဘဝကား
အိပ်မက်မျှသာဖြစ်၏
သစ်ပင်ပျိုပင်စည်၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။
(ခရီး၊ အောင်ချိမ့်)

ဘဝဆိုတာကို အဓိပ္ပာယ် မဖွင့်တတ်ပါ။ အဲဒီတော့ ဘဝ အကြောင်း မပြောတော့ဘူး။ ထိုင်ခုံတွေ အကြောင်းပြောမယ်။ ဘဝဆိုတာလည်း ပါချင်သေးတော့ ကိုယ့်ဘဝအတွက် ဘယ်ထိုင်ခုံကို ရွေးမလဲ ပြောကြရအောင်။

တချို့တွေက ကမ်းခြေမှာ ပက်လက်ကုလားထိုင် ကလေးနဲ့ နေဆာလှုံနေချင်တယ်။ တချို့တွေကတော့ ပြိုင်ကားထိုင်ခုံ၊ လေယာဉ်ထိုင်ခုံမှာ ထိုင်လို့ စွန့်စားချင်သေးတယ်။

တချို့ကလည်း ဆုံလည် ကုလားထိုင်ကြီးနဲ့ ရုံးခန်းကျယ်ကြီးမှာ ထိုင်ချင်တယ်။ မှန်ပြတင်းက လှမ်းကြည့်လိုက်ရင် ကိုယ်ပိုင်တဲ့ စက်ရုံ (ဒါမှမဟုတ်) ကုန်တိုက်ကြီး လှုပ်ရှားနေတာကို မြင်နေရမယ်လေ။ နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ မန်နေဂျာခုံကိုတော့ "ထိုင်ခုံပူ" တဲ့။ ကြာကြာထိုင်နိုင်ဖို့ ခက်တယ် မဟုတ်လား။

ကိုယ့်ဥယျာဉ်လေးမှာကိုယ် ရေလောင်းပေါင်းသင်၊ ပြီးရင် သစ်ပင်ရိပ်အောက်က ခုံတန်းမှာ အနားယူ။ မြင်ရတာ အေးချမ်းလှပါတယ်။ ဒီလို တသက်လုံး နေနိုင်သလားလို့ ကိုယ့်ဖာသာ ပြန်မေးကြည့်မိတော့
ဖြေရခက်ပြန်တယ်။

လောလောဆယ်မှာတော့ အမြင့်ကြီးမဟုတ်တောင် အသင့်အတင့် ထိုင်ခုံ တလုံးမှာ ထိုင်ရဖို့ လှေကားတွေ တက်ရဦးမှာပါ။

ဒါပေမဲ့ သေချာတာ တခုကတော့ "ရေပွက်ပမာတသက်လျာ" မှာ ကိုယ်တယောက် သက်တောင့်သက်သာ ရှိဖို့ အတွက်နဲ့တော့ ဒီလိုခုံမျိုးတော့ မထိုင်ချင်ပါ ..
.
   The Throne of Weapons
   Created by Mozambican artist Kester 
.
(ကိုအောင်သာငယ်က ဘဝအကြောင်းရေးပါ ဆိုတာ
ထိုင်ခုံအကြောင်းဖြစ်သွားတယ်။ ခွင့်မလွှတ်လိုက်ပါနဲ့)

Read more...

ကမ္ဘာ ၂ ခု

(ပန်းချီ - အောင်မြင့်)
နယ်နှင်ဒဏ်ခံ စံပယ်ခင်း
လမ်းပျောက်နေတဲ့ လေညင်းကလေး
တိတ်ဆိတ်ကြေကွဲ ကြယ်စင်များ
ဖုန်းဆိုးရင်ခွင် ပက်ကြားအက်။

ကြီးမြတ်တဲ့ ရူးသွပ်မှုနဲ့
မျှော်လင့်စိတ်ကူးများတောက်ပ
ငါ့ဝိညာဉ်ရဲ့ မိုးကုတ်စက်ဝိုင်းတလျှောက်။

တင်မင်းထက်

(တမိုးထဲအောက်မှာ၊ ၁၉၉၄)

Read more...

Jul 21, 2009

ရွှေဝါပြည် ဘလော့ဂ်



ကျွန်တော်နှစ်သက်သော ကဗျာ၊ ပန်းချီ၊ စာအုပ်များကို
မိတ်ဆွေတို့အား လက်ဆောင်ပေးချင်ပါတယ် ..

ကျွန်တော့်လက်ရာတွေနဲ့ သီးသန့်ဖြစ်သွားအောင်
"ရွှေဝါပြည်" ဆိုပြီး ဘလော့ဂ်တခု သီးသန့်လုပ်ဖြစ်ပါတယ် ..

ဘလော့ဂ်နာမည်ကို
ရန်ကုန်ဘဆွေရဲ့  "ရွှေဝါပြည်" စာအုပ်ကနေယူပါတယ် ..

ကဒေါင်းနဲ့ ဟင်္သာပုံပန်းချီက
ဗဂျီအောင်စိုးရဲ့ Mosaic လက်ရာပါ ကိုငြိမ်းနိုင်ထံမှရပါတယ် ..

ခွင့်မတောင်းဖြစ်တဲ့ အနုပညာလက်ရာများအတွက်
ဒီနေရာကနေ တောင်းပန်လိုက်ပါတယ် ..

ပထမဦးဆုံး အနေနဲ့ ..
ကျွန်တော့် သူငယ်ချင်းလည်းဖြစ်
အကြိုက်ဆုံး ကဗျာဆရာတဦးလည်းဖြစ်တဲ့
မောင်နန္ဒ ရဲ့  "မျှော်လင့်ခြင်းမိုး" ကဗျာကို တင်ထားပါတယ် ..

 http://shwewarpyi.blogspot.com/

Read more...

Jul 15, 2009

သမီးရဲ့ ပန်းချီ

ပန်းချီကို ချစ်ပါတယ်။ ဆွဲတော့ မဆွဲတတ်ပါ။ ပန်းချီဆွဲတာကို ငယ်ငယ်ကတည်းက လူပုံမှာ နှာခေါင်း မဆွဲတတ်တာနဲ့ လက်လျှော့ လိုက်ရပါတယ်။

ကြည့်ရုံသက်သက်တောင်မှ အလင်းအမှောင်၊ လိုင်း၊ ထုထည် စတာတွေနဲ့ ပညာရှင်ကြည့် မကြည့်တတ်ပါ။ ကြည့်လို့ အဆင်ပြေရင် ကြိုက်တာပါပဲ။ အင်ပရက်ရှင်း၊ ဆာရီရယ်၊ ကျူးပစ်ဇင် စတဲ့ ဝါဒတွေလည်း သိတယ်ဆိုရုံပဲ။ ကျောင်းတက်တုန်းကတော့ ရန်ကုန်က ပန်းချီပြခန်းတွေ ကိုတော့ တော်တော် လိုက်ကြည့်ဖူးပါတယ်။ လောကနတ်၊ အင်းလျားအတ်၊ ယုဒသန်၊ ဗိုလ်ချုပ်ဈေး၊ နယူးထရက်ရှာ စသည်ဖြင့်။ ကြိုက်တဲ့ ပန်းချီဆရာတွေလည်း မနည်းပါဘူး။

ဆရာကြီးမြင့်စော ရဲ့ မီးခိုးရောင်များများနဲ့ ဆွဲထားတဲ့ ကောင်မလေးပုံနဲ့ ဆရာဖေညွှန့်ဝေ ရဲ့ အနီနဲ့ အစိမ်း တွဲသုံးထားတဲ့ ဓမ္မရံကြီး ကို ခုထိ မျက်စိထဲမှာ မြင်နေပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက တကားကို ၂ ထောင် ဝန်းကျင်၊ မုန့်ဖိုးက တပါတ် ၅၀။ "ဝေးခဲ့ပြီပန်းခရမ်းပြာ" ကိုသာ ဆိုခဲ့ရပါတယ်။

မဝယ်နိုင်မှန်း သိသာပေမယ့် ပန်းချီပြခန်းတွေကတော့ ဖော်ဖော်ရွေရွေ ပါပဲ။ ဗိုလ်ချုပ်ဈေးတို့၊ ယုဒသန်တို့က ပြပွဲမျိုးမှာတော့ လာကြည့်တဲ့သူ အသင့်အတင့်ရှိလို့ လူအုပ်ထဲမှာ ရောနေပါတယ်။ အင်းလျားအတ်လို နေရာမျိုးမှာတော့ များသောအားဖြင့် ကိုယ်တယောက်တည်း၊ ကောင်တာ စားပွဲမှာတောင် လူမရှိတတ်။ တခါတလေတော့ ကိုအောင်မြင့် (နောက်ပိုင်းမှာ အမေပန်းချီနဲ့ အာဆီယံဆုရသူ) နဲ့ စကားစမြည် ပြောခွင့်ရပါတယ်။ ဒါပေမဲ့ ဘယ်ပန်းချီက ဘာအဓိပ္ပာယ်လဲလို့တော့ မမေးဖူးပါဘူး။ ပန်းချီမှာ အဓိပ္ပာယ် ရှိရမယ်လို့လဲ မယုံကြည်ပါ။

ရှားရှားပါးပါး ပန်းချီဆွဲဖူးတယ် ပြောလို့ရရုံ ၂ ကား ၃ ကားတော့ ဆွဲဘူးပါတယ်။ (လက်ထဲမှာ အလွယ်တကူ မရှိတာ သက်သာသွားတယ် မှတ်ကြပါ။)

သမီးကတော့ ကျွန်တော့်ထက်စာရင် ပန်းချီပါရမီ ပါပါတယ်။ ၄-၅ နှစ် သမီးကတည်းက စိတ်ဝင်စားတာနဲ့ ယဉ်ကျေးမှုက ပန်းချီဆရာမနဲ့ သင်ပေးပါတယ်။ ဆရာမလေးကလည်း ကလေးတွေကို တော်တော်စိတ်ရှည်တော့ အဆင်ပြေတယ်။ ခုတော့ ၉ နှစ်ပြည့်ခါနီး၊ သပ်သပ်တော့ မသင်ဖြစ်ဘူး။ ကျောင်းမှာ တပါတ်တရက် အပိုဘာသာ သင်ရတာမှာတော့ ပန်းချီ ယူထားပါတယ်။

သမီးက ဘယ်ဘဝက ဘာကောင်ဝင်စားတယ် မသိ အကောင်ပုံတွေပဲ အဆွဲများပါတယ်။ ဒါက သူဆွဲထားတဲ့ "ဆင်" ပုံပါ။ နားရွက်တော့ နည်းနည်းကြီးတယ်။

 Wild Elephant (Crayon on Paper)

သူ့ ကို ဘလော့ဂ်လေး တခုလည်း လုပ်ပေးထားပါတယ်။ ပုံတော့ များများ မရှိသေးပါဘူး ..

Read more...

Jul 14, 2009

စိတ်ကျအိပ်မက် (Ver 2.01)

 Eye (1945) by Salvador Dali

အိပ်မက်မှန်း သိရက်နဲ့
ဆက်မက်ရတဲ့ အိပ်မက် ..

ငါ့အိပ်မက်ကနေ
သူ့အိပ်မက်ကို လှမ်းမျှော်ကြည့်မိတော့
မှုန်ရီမှိုင်းပြရေးရေးသာ ..

ငါ မသိတဲ့အရောင်တခုဆီ
ငါ့ စိတ်တွေပျံ့လွင့်လွန်းလို့
တိမ်တွေနဲ့ ကျောက်ချထားရတယ် ..

အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရ
တခါတလေတော့ ခါးတယ် ..

တင်မင်းထက်

(၁၀ နှစ်ကျော်က ကဗျာကို ပြန်ပြင်ထားတာပါ။)

Read more...

Jul 13, 2009

Monday Blues

မင်္ဂလာ နံနက်ခင်းပါ ..
အပြည့်အစုံ ပြောရရင် မင်္ဂလာ တနင်္လာ နံနက်ခင်းပါ ..

မနေ့က အလှူသွားစား၊ သမီးကို မြန်မာစာသင်ဖို့ ဘုန်းကြီးကျောင်းကိုပို့၊ ရှော့ပင်ထွက်နဲ့ ဆိုတော့ ရုံးလာရတာ ခပ်ပျင်းပျင်းပါပဲ။ Monday Blues ဆိုပါတော့။

Monday ကို မုန်းတဲ့ နေရာမှာတော့ ဂါးဖီးက နာမည်ကြီးပေါ့။ ကျွန်တော်လည်း Monday ကို မချစ်ပါဘူး။ ဒါနဲ့ Monday Blues ကို ဘယ်လို တွန်းလှန်မလဲ ဆိုတာ ရှာဖတ်ကြည့်တော့ စုံလို့ပါပဲ။

တနင်္ဂနွေ ညကတည်းက တနင်္လာမှာ ဝတ်မယ့် အဝတ်အစားတွေ ပြင်ဆင်ထားပါ။ ကောင်းကောင်းဝတ်၊ မနက်စာ ကောင်းကောင်းစား စသည်ဖြင့် ကိုယ့်ကိုယ်ကို ပြုစုပါ။ အကောင်းတွေ တွေးပါ။ အလုပ်ခေါင်းစဉ် အသစ်တခုက စလုပ်ပါ။ ယူကျု၊ ဖေ့ဘုတ် စတာတွေ မဝင်ဖြစ်အောင်နေပါ စသည်ဖြင့်ပေါ့။

ဒါပေမယ့် ဘလော့ဂ်ကင်း မလုပ်ပါနဲ့ ဆိုတာ မတွေ့တာနဲ့ ရေးမိပါတယ်။ သူငယ်ချင်းတွေလည်း Monday မှာ နည်းနည်း အပျင်းပြေအောင် တလောက မြန်မာကျူးပစ်မှာ ရေးဖြစ်တဲ့ ၇ နေ့စာ ဆောင်ပုဒ်လေး တင်ပေးလိုက်ပါတယ်။ ကျွန်တော့် အလုပ်က ၅ ရက်ခွဲ အလုပ်ဆိုတော့ အဲဒါကို အခြေခံထားပါတယ်။

ပရင့်ထုတ်ပြီး စားပွဲဘေးမှာ ကပ်ထားပြီး လိုက်နာ ဆောင်ရွက်လိုက်ရင် ကြီးပွားဖို့ ကတော့ သေချာသလောက် ပါပဲ ..

  တနင်္လာ - ပျင်းသဗျာ

အင်္ဂါ - မရွှင်ပါ

ဗုဒ္ဓဟူး - မလုပ်ဘူး

ကြာသပတေး - အထာမကျသေး

သောကြာ - ဂေါက်လာ

စနေ - ဝေလေလေ

တနင်္ဂနွေ - အပျင်းပြေ

Read more...

Jul 7, 2009

Green Memory (3)

ဗိုလ်အောင်ကျော်

မြက်ရိုင်းတွေ ဖုံးကွယ်ထားပေမယ့်
သမိုင်းအဖြစ်အပျက်တွေကို
သက်သေ ထွက်ဆိုနေသူ

တင်မင်းထက်
၂၀ဝ၉

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP