Jul 31, 2011

သောကြာစကားပင်

ဘယ်လိုသောကြာနေ့မျိုးလဲ .. ..သူမက ခပ်တိုးတိုးလေး ရေရွတ်တယ်
တကယ်ဆိုရင် အကိုင်းအခက် မစုံလင်တော့တဲ့ သောကြာနေ့လေးတစ်နေ့ပေါ့
ဒါပေမယ့် ရေလောင်းပေါင်းသင်မှုတွေအကြောင်း သူမကို ကျွန်တော် မပြောဖြစ်လိုက်ဘူး

နာရီလက်တံတွေကို မော့ကြည့်တော့ သူတို့က အမောတကောနဲ့ ပြေးလွှားသွားတယ် ..
ဘယ်လိုအကြောင်းနဲ့မှ ဒီလို မဖြစ်သင့်ဘူးလို့ တားဆီးပေးလို့ရတဲ့ကိစ္စမှမဟုတ်ပဲ  ..
သစ်ရွက်အကြွေတွေကိုပဲ ကျွန်တော် လိုက်ကောက်နေလိုက်တယ် . တချို့က စိမ်းမြနေတုန်းပဲ။

ဆွဲလက်စပန်းချီကားထဲက အရောင်တွေက နည်းနည်းခါးသက်သက်ဖြစ်နေတယ်
သူမ လက်တပြင်ပြင် ဖြစ်နေတဲ့ သကြားခွက်ကို ကျွန်တော် ဘယ်စိတ်နဲ့တားရမလဲ
လက်ပြန်တိုက်ပစ်လိုက်မိလို့ မှောက်သွားတဲ့ကော်ဖီခွက်ကတော့ ကြမ်းပြင်ပေါ်မှာ အတုံးအရုံး
တကယ်တော့ အရှုံးဆိုတာကလည်း ဘဝနေထိုင်နည်း တစ်မျိုးသက်သက်ပဲမဟုတ်လား ..
မပြောဖြစ်ကြတဲ့ စကားလုံးတွေက ပိုမို ကျယ်လောင်ပြင်းပြလွန်းနေခဲ့တယ် ..
ညနေခင်းနဲ့ သူမရဲ့ အသက်ရှူသံမွမွ သဟဇာတ မဖြစ်ခင်မှာပဲ နေက ညိုနေခဲ့ပြီ။

ဘယ်လိုညနေခင်းမျိုးလဲ ..ဆိုတဲ့ ဒုတိယမေးခွန်းက ကျွန်တော့်ဆီတည့်တည့် ပျံသန်းလာတယ်
ခြင်္သေ့နှစ်ကောင် စောင့်ကြပ်တဲ့ တံခါးဝမှာက မျှော်လင့်ချက်တချို့ အပြိုင်းအရိုင်းကြွေလို့ ..
ကျွန်တော်တို့ အသက်ရှူမှားခဲ့တဲ့ ရေတမာအစိမ်းကတော့ ချိန်းထားတဲ့ ရာသီတိုင်းရောက်လာခဲ့မြဲ ..
အလွဲလွဲအချော်ချော် ဖြစ်ရပ်တွေနဲ့ ခုထိ လပ်ဟာနေတဲ့ ညာဖက်ရင်အုံက ကွက်လပ်ကိုတော့
ကျွန်တော်ရော သူမရော စကားတပြောပြောနဲ့ မေ့ထားချင်ဟန်ဆောင်ခဲ့ကြရတယ် ..
ရောမသားတွေ ဘယ်လိုနေတယ် မသိပေမယ့် ကျွန်တော်တို့ အတွက်ကတော့
တကယ့်ကို မသက်သာခဲ့ကြပါဘူး ..

လမ်းဟောင်းကလေးအတိုင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ပြန်ခဲ့ကြရတာပါပဲ ..
မတွေ့တော့တာကြာနေပြီဖြစ်တဲ့ စကားပင်လေးတစ်ပင် အကြောင်း စကားမစပ်ဖြစ်ကြဘူး
ကဗျာနံပါတ်စဉ် ၈၈/စစ်ကိုင်းလမ်း /ခြံနံပါတ်(၁) /ကိုနေဝင်း/ ရထားဥသြသံ/ကံ့ကော်ပန်းတစ်ခက်
အဆက်အစပ်မဲ့နေတဲ့ စကားလုံးတွေနဲ့ ခပ်လှမ်းလှမ်း ဘုရားကျောင်းက ခေါင်းလောင်းသံ..
အခြေအနေအားလုံးကပုံမှန်အတိုင်းလို့ ထင်ချင်စရာကောင်းအောင် ပြောင်မြောက်နေခဲ့တယ် ..
ပုံမှန်မဟုတ်တာဆိုလို့ သူမ မမြင်အောင် ကျစ်ကျစ်ပါ ဆုပ်သိမ်းထားတဲ့ သောကြာအသေတွေရယ်
ပြောမပြဖြစ်တဲ့ ပုံပြင်တွေရယ်နဲ့ ကျွန်တော့်နှလုံးသားရယ်ပဲ ကျန်ပါတယ် ….

မနော်ဟရီ
30 Jul 2011

(ဘာရယ်မသိဘူး။ မနေ့ညက တင်မင်းထက်ရဲ့ စကားပင်ကိုဖတ်အပြီးမှာ စီးဝင်လာတဲ့ စကားလုံးတွေပဲ။
သောကြာ စကားပင် လို့ အမည်တပ်လိုက်တယ်။)

(၂၀၁၁ ဇူလိုင်မှာ ရခဲ့တဲ့ သူငယ်ချင်းများရဲ့ ဒုတိယ လက်ဆောင်ပါ။)

Read more...

အိပ်မက်က နိုးထလာခဲ့ပါ

 Photo : Ye Tun Oo


အိပ်မက်က နိုးထလာခဲ့ပါ
ကြည်လင်ကောင်းကင်က နွေးထွေးနေမှာ
သစ်ရွက်ကလေးတွေ လွင်လွင်ရယ်သံကြားဖို့ရာ
နှလုံးသား တခုသာ လိုတာ.....

လမ်းလျှောက်လာခဲ့ပါ
ပြတင်းပေါက်ရဲ့ ဟိုမှာဘက်ဆီသာ
ရဲစွေးပွင့်ချပ်တို့ ရောင်ဖြာ မြင်နိုင်ဖို့ရာ
နှလုံးသား တခုသာ လိုတာ.....

တသက်လုံးဖူးပွင့် ဝေဆာ
ဆည်းလည်းကလေးလည်း သံသာ
အိပ်မက်က နိုးထလမ်းလျှောက်လာပါ
နှလုံးသား တခုသာ လိုတာ....

ရဲထွန်း(လှိုင်)
၂၉ ဇူလိုင် ၂၀၁၁

(ကိုတင်မင်းထက်ရဲ့ စကားပင် ကို ဆင့်ပွားရေးဖွဲ့သည်။)

(၂၀၁၁ ဇူလိုင်မှာ ရခဲ့တဲ့ သူငယ်ချင်းများရဲ့ ပထမ လက်ဆောင်ပါ။)

Read more...

Jul 30, 2011

စကားပင်


သေသွားတဲ့ စကားပင်လေးကို
အဝေးက ငေးကြည့်နေမိတယ်
ကျွန်တော်မမေ့သေးပါဘူး
သူ့ရဲ့ရနံ့လေးတွေနဲ့ မနက်ခင်း
အဖြူတဝက် ခရမ်းတဝက် အပွင့်လေးတွေ
လတ်ဆတ်ဆဲသစ်ရွက်တိုးသံလေးတွေ
ဒါပေမယ့် ဘယ်သစ်ပင် သစ်သီးကရော
တသက်လုံး ဖူးပွင့်နေနိုင်မှာတဲ့လဲ
ကျွန်တော်မရောက်ဖြစ်တဲ့ မနက်ခင်းတခုမှာ
သူသေသွားခဲ့ပါပြီ
ကျွန်တော်တယောက်အတွက်ကတော့
သူသေဆုံးသွားခဲ့ပါပြီ
ကျွန်တော်ရဲ့ ပြတင်းပေါက်တခြမ်းမှာတော့
သူတကယ်သေဆုံးသွားခဲ့ပါပြီ
အခြားကမ္ဘာဘက်ခြမ်းမှာတော့
သူ့အပွင့်လေးတွေ ဝေနေဆဲလား
သူ့သစ်ရွက်လေးတွေ ရီမောနေဆဲလား
တကယ်ကို မသိနိုင်တော့ပါ
ကျွန်တော်လမ်းလျှောက်နိုင်တဲ့ တနေ့ကြရင်တော့
သူ့အနားကို သွားနှုတ်ဆက်ရင်းနဲ့
အေးစက်တဲ့ သူ့ရဲ့ လက်လေးတခက်မှာ
ဆည်းလည်းလေးတလုံး ချိတ်ပေးချင်ပါတယ်

တင်မင်းထက်
ဇူလိုင် ၂ဝ၁၁

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP