Dec 31, 2009

အကောင်းမြင်သမား

အကောင်းမြင်သမား

တရားမျှတပါတယ် ..
ပါးစပ်နဲ့ကလောင်နဲ့ တိုက်ခိုက်ခံရမှတော့
သေနတ်နဲ့ထောင်နဲ့ ခုခံရတော့မှာပေါ့

မုဒိတာပွားကြပါ ..
ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင်သွားတဲ့
စွန့်ဦးတီထွင် တောင်တန်းကြီးတွေအတွက်
(သူတို့ကိုဖို့ဘို့ အလိုမတူဘဲ တူးဆွခံလိုက်ရတဲ့
ကျင်းတွေ ချိုင့်တွေအကြောင်းတော့ မပြောကြကြေး)

ခွင့်လွှတ်ခဲ့ကြပါ ..
မနေ့က မိတ်ကပ်အဖွေးသားနဲ့ သတင်းမင်းသား
ဒီကနေ့ မုတ်ဆိတ်အဖွေးသားနဲ့ ဘိုးတော်နင်းပြား

သည်းခံစောင့်စားပါ ..
မနက်ဖြန်၊ သဘက်ခါ၊ ဖိန်းနွဲခါ
ခရစ်သက္ကရာဇ် ၂
ဆက်ဆက်ရောက်လာပါတော့မယ်
မြန်မာသက္ကရာဇ် ၂
ကတော့ နည်းနည်းလိုပါသေးတယ်

တင်မင်းထက်
၃၁ ဒီဇင်ဘာ ၂
ဝ၉

(ဝန်ခံချက်- မြန်မာကျူးပစ်မှ ကိုရင်အုန်း၊ ကိုဘောင်း၊ ကိုမော်ကင်း၊ ကိုအေဇော်ကြီး တို့ရဲ့ စကားလုံးများကို ဖြတ်ညှပ်ကပ် လုပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ ဆိုလိုရင်းကို ပြောင်းပြန်လှန် ပစ်မိတာ နဲ့ အချိန်မရလို့ ကြိုတင်ခွင့်မတောင်းနိုင်တာကို ခွင့်လွှတ်ပါ။)

Read more...

Dec 30, 2009

မျိုးဆက်



Photo: Wiki

မျိုးဆက်

ဒီအမှောင် မျက်လုံးတွေက၊ အမှောင်ညရဲ့လက်ဆောင်
ငါ ရအောင်ရှာမှာက
တောက်ပအလင်းရောင်

ဂူကျန်း

တင်မင်းထက် မြန်မာပြန်သည်။

..............................................................  

A Generation

Even with these dark eyes, a gift of the dark night
I go to seek the shining light


Translated by Joseph Allen

..............................................................  

黑夜給了我黑色的眼睛
我卻用它尋找光明

顾城

..............................................................

Gu Cheng (1956-1993) ရဲ့ ကဗျာဖြစ်ပါတယ်။ ဂူကျန်းဟာ တရုပ်ခေတ်ပေါ် စာပေမှာ အရေးပါတဲ့ ကဗျာဆရာ၊ စာရေးဆရာ တဦးဖြစ်ပါတယ်။ နိုင်ငံတကာမှာ ထင်ရှားသူဖြစ်ပြီး၊ သူနဲ့ ခေတ်ပြိုင် ကဗျာဆရာ အများစုလိုပဲ အနောက်နိုင်ငံတွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ပိုင်း နှစ်တွေမှာ နယူးဇီလန်မှာ အခြေချခဲ့ပါတယ်။ စိတ်မကောင်းစရာ ကောင်းတာက ငယ်ငယ်ရွယ်ရွယ် ၃၇ နှစ်မှာပဲ သူ့ ဇနီးသည်ကို ပုဆိန်နဲ့ တိုက်ခိုက်ပြီး (နောက်ပိုင်း ဆေးရုံမှာ ကွယ်လွန်) သူကိုယ်တိုင်လည်း သတ်သေသွားပါတယ်။

သူ့ရဲ့ ဒီကဗျာကို ဖတ်ရတော့ အမှောင်ခေတ်ကြောင့် မျက်စိတွေ အမှောင်ဖုံးရနေပေမယ့် အလင်းရောင်ကို ကြိုးစားရှာရမှာ မျိုးဆက်တွေရဲ့ တာဝန်လို့ ခံစားရတာနဲ့ ဘာသာပြန်ဖြစ်ပါတယ်။ အဲဒီ အမှောင်ခေတ်ဆိုတာက ကျွန်တော်တို့ ခေတ်မှာလည်း ခေတ်စားနေဆဲ စကားလုံး တခုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း "အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်" .. လို့ ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့် ကဗျာက အချစ်ကဗျာပါ။

၁၉၇၉ မှာ ရေးခဲ့တဲ့ "A Generation" ဆိုတဲ့ ဒီကဗျာဟာ သူတို့ ခေတ်ရဲ့ Slogan တခု ဖြစ်ခဲ့ပါတယ်။

Read more...

Dec 26, 2009

သိုက်


Photo: organizationquest.com

သိုက်

သိုက်ကလာတဲ့ ကလေးတွေဟာ
ရုပ်ရည်လှပ၊ လာဘ်ကလည်းရွှင်
လူချစ်ခင်ကြသတဲ့ ...။

တာမွေမှာမွေးပြီး
လျှာလေးနည်းနည်းရှည်တဲ့ သမီးက
ငှက်သိုက်ကလာတာဖြစ်မယ်
တချိန်လုံး ပိကျိပိကျိနဲ့ပါပဲ။

ကျောက်ကုန်းမှာဖွားလို့
မျောက်ရှုံးအောင်ကစားတဲ့ သားက
ကြွက်သိုက်ကလာတာထင်တယ်
တအိမ်လုံး ရှုပ်ပွနေတော့တာပဲ။

အပျော်လွန်လို့ ငိုလိုက်ကြ
အငိုလွန်လို့ ရီလိုက်ရနဲ့
မိသားစု အသိုက်လေးမှာ
ရွှေမန်ကျီးသီးတောင့်တွေ မလိုပါ။

တင်မင်းထက်
ဒီဇင်ဘာ ၂ဝဝ၉

Read more...

Dec 18, 2009

Green Memory (10)

အင်းလျားအကြော်ဆိုင်

နေ့ဖို့ညစာ ချန်စရာမလို
ဘဝကို ပူပူနွေးနွေး
အချဉ်ရည်လေးနဲ့ မြည်းခဲ့တယ်


တင်မင်းထက်
၂ဝဝ၉

Read more...

Dec 16, 2009

မရီရတဲ့ ကဗျာ



မရီရတဲ့ ကဗျာ

အမြစ်ကိုထိလို့မှ မနာတတ်ရင်
အသီးအကြောင်း မပြောကြကြေး။

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။

တင်မင်းထက်
၁၆.၁၂.ဝ၉

Read more...

Dec 15, 2009

ပထမ ကဗျာ

တနေ့က သူငယ်ချင်း တယောက်နဲ့ ကဗျာဝပ်ရှော့လေး လုပ်ကြမလား တိုင်ပင်ဖြစ်တော့ ပြန်စဉ်းစားကြည့်မိတယ်။ ကဗျာနဲ့ ပတ်သက်လို့ ငါ ဘာများ ပြောစရာ ထူးထူးခြားခြား ရှိသလဲ လို့။

အဲဒီတော့ ကိုယ့်ဖာသာ ပြန်သတိထားမိတယ်။ ကဗျာ သဘောတရား၊ နည်းစနစ် စတာတွေ ဘာမှ မသိပါလား ဆိုတာကို။ ကဗျာကိုတော့ တော်တော်လေး ဖတ်ဖူးပေမယ့် ရှေးကဗျာဆိုလည်း သင်ရိုးမကျေ၊ ခေတ်ပေါ်ကဗျာကြတော့လည်း မနှံ့စပ်။ (အဲဒါနဲ့ပဲ မလုပ်ကြတာကောင်းမယ်၊ ရိုးရိုးပဲ ဆုံကြမယ်လို့ ဖြစ်သွားတယ်။)

ရေးတာကလည်း ခပ်နည်းနည်းပဲ။ ကျောင်းတုန်းက ၁ဝ ပုဒ်လောက်ရေးပြီး၊ ၁ဝ နှစ်လောက် မရေးဖြစ်။ နောက်ပိုင်း ဖိုရမ်၊ ဘလော့ဂ်၊ အွန်လိုင်း သိုင်းလောကထဲ ရောက်မှ ပြန်ရေးဖြစ်တယ်၊ အပုဒ် ၂ဝ ဝန်းကျင်။ တချို့ကြတော့ သွားလေရာ၊ လုပ်လေရာ ကဗျာလေးနဲ့။ တချို့ကြတော့ ကော်ဖီကိုပဲ ကဗျာ ၄-၅-၆ ပုဒ် တန်းစီရေးသွားလိုက်တာ။

၂ဝဝ၉ တနှစ်ထဲမှာ အပုဒ် ၂ဝ လောက် ရေးဖြစ်တာကလည်း အသစ်လေး ရေးပြီးတင်လိုက်၊ ဖတ်တဲ့သူ အသံကို ချက်ချင်းကြားရ ဆိုတော့ အားတက်လို့လည်း ပါပါတယ်။ ကောင်းတယ်ပြောကြလို့ အတင်းရေးပြန်တော့လည်း ဟို ပုံပြင်လို ဖြစ်မှာကြောက်ရသေးတယ်။

ရှေးရှေးတုန်းက ရွာတရွာမှာ ကဗျာ ဝါသနာပါတဲ့ ဘုန်းကြီးတပါး ရှိသတဲ့။ တနေ့ကြတော့ စာဖတ်ရင်း ယပ်တောင်ခပ်ရင်း ကနေ၊ ထန်းလက်ယပ်တောင် အကြောင်း ကဗျာရေးဦးမှပဲလို့ အကြံရတယ်။ အဲဒါနဲ့ "ရိုးရင့်ရွက်ရှည်" လို့ တကြောင်းရေးလိုက် သတဲ့။ ပြီးတော့ ခဏထသွားတုန်း ဦးသူတော် ရောက်လာပြီး။ ငါ့ ကိုယ်တော် ကဗျာစပ်နေတာပဲ ဆိုပြီး "တိုးဆင့်ကျက်သရေ" လို့ ဆက်ရေးသွားသတဲ့။

ကိုယ်တော်လည်း စားပွဲပြန်ရောက်ရော ဒါ ဘယ်သူရေးသွားတာလဲ၊ တယ်ကောင်းပါလား ဆိုတော့ ဦးသူတော်လည်း ခပ်ကြွားကြွားနဲ့ "တပည့်တော်ပါ ဘုရား" လို့ လျှောက်တာပေါ့။ ဒါဆိုရင် ဆက်စပ်စမ်း ဆိုတော့ ဦးသူတော် ဒုက္ခရောက်တော့တာပဲ။ သူမှ ကဗျာ မစပ်တတ်တာ။ နောက်ဆုံး ကြံရာမရတာနဲ့ "ဂိုးဂွင့်ဂွက်ဂွေ" လို့ စပ်လိုက်သတဲ့။

ကိုယ်တော်လည်း ဒေါပွပွနဲ့ ထကန်လိုက်တာ၊ ဦးသူတော် ခမျာ ကျောင်းလှေကားကနေ လိမ့်ပြီး လှေကားရင်းက စဥ့်အိုးကြီးနား ကျသွားသတဲ့။ အဲဒီတော့မှ ကဗျာဉာဏ် ကွန့်မြူးပြီး "အိုးဖြင့်ဖက်သလေ" ဆိုပြီး အိုးကို ဖက်နေသတဲ့။ ကိုယ်တော်လည်း ဒေါသ ထွက်သထက် ထွက်လာပြီး ဦးသူတော် ဆုံးမမယ်ဆိုပြီး ကြေးစည်လက်ခတ်နဲ့ ဆင်းလာသတဲ့။ ဒီတော့မှ ဦးသူတော်လည်း ကြောက်ကြောက်နဲ့ "ကျိုးင့်ခက်မလေ" လို့ ထပ်စပ်ပြန်သတဲ့။ ကိုယ်တော်လည်း သတိဝင်လာပြီး ဦးသူတော်ကို ချမ်းသာခွင့်ပေးလိုက်သတဲ့ကွယ်။

အဲဒီလိုပဲ ကျွန်တော်လည်း "တိုးဆင့်ကျက်သရေ" တုန်းက မြှောက်ပေးကြတာနဲ့ ရေးလာလိုက်တာ "ဂိုးဂွင့်ဂွက်ဂွေ" လောက်တော့ ဖြစ်နေပြီထင်တယ်။

ကျောင်းတုန်းကရေးတဲ့ ၁ဝ ပုဒ်လောက်မှာမှ မကြိုက်တော့တာနဲ့ ပြန်မတင်တော့တာ ၂-၃ ပုဒ်ရှိပါတယ်။ ဒီနေ့ စာအုပ်ရှင်းရင်း အဲဒီ ချန်ခဲ့တဲ့ထဲက တပုဒ်ထွက်လာတော့ အဲဒါ ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာဆိုတာ သတိရမိတယ်။

လွတ်မြောက်ရာ

ဦးတည်ရာမဲ့ ... မီးရထား
မြင်နေကျ ရှုခင်း
တဝက်စိမ်းလယ်ကွင်းများနဲ့
စဉ်ဆက်မပြတ် တောင်တန်းတွေ ...။

နရီကိုက် ... ရွေ့လျားမှုက
လွတ်မြောက်ချင်လှပြီ ...။

နေကြာရိုင်းတွေက
စနက်တံထင်တယ်
ဆံဖျားထိလောင်ကျွမ်းနေပေါ့ ...။

နောက်ဆုံးတော့
သည်းခံခြင်း အငွေ့ပျံ
ကောင်းကင်အောက်ကရုန်းထွက်
စည်းရိုးကိုချိုးဖျက်
ငါ့မြင်းကို
မင်းဆီစိုင်းခဲ့ပြီ ...။

တင်မင်းထက်
(ဝိညာဉ်ပြာတို့ မိုးကောင်းကင်၊ ၁၉၉၂)

ဖတ်ရင်းနဲ့ အဲဒီကဗျာကို ရေးဖြစ်ပုံကို သတိရလာတယ်။ ဘာရယ် မဟုတ်၊ မန္တလေးကို ရထားနဲ့ သွားရင်း ပျင်းကလည်းပျင်း၊ ရထားလမ်းဘေးမှာ တွေ့သမျှ လယ်ကွင်း၊ တောင်တန်း၊ နေကြာခင်း စတာတွေ အကုန်ထည့်ရေးထားတာပဲ။ နောက်ဆုံး တပိုဒ်ကတော့ ဆရာအောင်ဝေးတို့ ခရမ်းပြာမြင်းရိုင်းနဲ့ ဒုန်းဆိုင်းနေတဲ့ ကာလဆိုတော့ မြင်းစီးကြည့်မိတာပါ။

ကိုယ့် ပထမ ကဗျာကို ပြန်ဖတ်ဖြစ်တော့ ကျွန်တော့် ဆရာ၊ ဆရာမများရဲ့ ပထမ ကဗျာတွေကိုလည်း သိချင်မိပါတယ်။ (ဤကား အလစ်အငိုက် တက်ဂ်လိုက်ခြင်း ဖြစ်သည်။)

ကိုအောင်သာငယ်ကိုညိမ်းညိုတီချယ်မေငြိမ်း၊ မနော်၊ မအိန္ဒြာ၊ မကေသွယ်၊ မသီတာ၊ မမသီရိ တို့ အဆင်ပြေရင် ရေးပေးစေချင်ပါတယ်။ မအားရင်၊ အာရုံမရရင်လည်း နေပါစေ။ ပထမဆုံးရေးတဲ့ ကဗျာမှ မဟုတ်ပါဘူး။ ပထမဆုံး ပုံနှိပ်တဲ့ ကဗျာ၊ ပထမဆုံး ရည်းစားကို ပထမဆုံး ပေးဖြစ်တဲ့ ကဗျာ၊ ပထမဆုံး အမျိုးသားစာပေဆုရတဲ့ ကဗျာ စသည်ဖြင့် ပထမ တခုခုပေါ့။

Read more...

Dec 2, 2009

ဖော်ဝဒ်မေးလ်




ဖော်ဝဒ်မေးလ်တွေ ရတတ်ကြပါသလား။ အီးမေးလ် သုံးသူတွေရဲ့ ၁ဝဝ% က ရပါတယ်လို့ ဖြေကြမှာပါ။

အီးလ်မေးလ်ဟာ အနေဝေးနေကြတဲ့၊ တွေ့ဆုံဖို့ မလွယ်တဲ့ ဆွေမျိုး အပေါင်းအသင်းတွေ အလွယ်တကူ ထိတွေ့ ဆက်သွယ်လို့ရတဲ့ အသုံးဝင်လှတဲ့ ခေတ်ပေါ် နည်းပညာတခုပါပဲ။ ဟိုးအရင်တုန်းကတော့ စာရေးပြီး စာတိုက်ကနေ ပို့ကြတယ်။ ကိုယ်ရေးကိုယ်တာနဲ့ အတူ နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာစုံ ပါဝင်တဲ့ ပေးစာတွေကို စုပြီး ဘယ်သူဘယ်ဝါ့ ပေးစာများ ဆိုပြီး စာအုပ်တောင် စုထုတ် တတ်ကြသေးတယ်။

ဘယ်သူ့ အီးမေးလ်များ ဆိုပြီး စာအုပ် ထုတ်ဖို့တော့ မလွယ်ပေဘူး။ ကျွန်တော်တို့ပို့တဲ့ မေးလ်အများစုက အလွယ်တကူ ပို့လို့ရတဲ့ ဖော်ဝဒ်မေးလ်တွေ ဖြစ်နေတာကိုး။ မူရင်းက ဝဘ်ဆိုဒ်တခု၊ ဘလော့ဂ်တခု ဖြစ်နေတာလည်း များတာကိုး။ ဒါပေမဲ့ ဖော်ဝဒ်မေးလ်လည်း မဆိုးပါဘူး အနည်းဆုံး "သူ ငါ့ကို သတိရသားပဲ" လို့ သိရတာပေါ့။

ဖော်ဝဒ်မေးလ်တွေရဲ့ အကြောင်းအရာကလည်း စုံပါတယ်။ ဟာသတိုထွာ အစ၊ နှလုံးရောဂါ ကာကွယ်နည်း အလယ်၊ မော်ဒယ်မလေး အိပ်ခန်းထဲမှာ ဖုံးပြောနေပုံ အဆုံး အားလုံးပါပါတယ်။ အများစုက စိတ်ဝင်စားစရာပါ။ တချို့ သူငယ်ချင်းတွေ ပို့တဲ့ မေးလ်တွေကိုတော့ ရုံးမှာဖွင့်ရင် ကမန်းကတန်း ပိတ်ပြစ်ရလွန်းလို့၊ ဘယ်သူတွေ ပို့တာဆို ရုံးမှာ ဖွင့်လို့ မဖြစ်ဆိုတာမျိုး မှတ်ထားရတယ်။

မကြိုက်တဲ့ ဖော်ဝဒ်မေးလ်တွေလည်း ရှိပါတယ်။ ပထမတမျိုးက ရွှေပေလွှာ။ ငယ်ငယ်ကတော့ ဒီလို စာမျိုးတွေက စာတိုက်က လာပါတယ်။ ဆရာတော်ဘုရားကြီး အိပ်မက်ဆိုတာမျိုး။ ခုတော့ အကြောင်းအရာ ပြောင်းသွားပါပြီ။ ငွေနတ်သမီးတို့၊ ဦးဘီဂိတ် မေတ္တာဝေတယ်တို့ ဖြစ်သွားပါပြီ။ ပို့တဲ့သူရော ရတဲ့သူပါ အချိန်ကုန်ပါတယ်။ နောက်တမျိုးက Internet Hoaxes ခေါ်တဲ့ အလိမ်အညာ သတင်းတွေပါပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ထန်းပင်လောက်မြင့်တဲ့ လူတွေရဲ့ အရိုးစုတွေ့တာတို့၊ လျှာထဲက ပိုးဟပ်တို့ စသည်ဖြင့်ပေါ့။

အကောင်းအဆိုး ရောနေတဲ့ ဖော်ဝဒ်မေးလ်ကတော့ မြန်မာ ဘလော့ဂ်တွေက၊ ဝဒ်ဆိုဒ်တွေက ကောင်းနိုးရာရာလေးတွေ ကူးပြီးပို့ပေးတာပါ။ ကိုယ် လက်လှမ်းမမှီတဲ့၊ သတိမထားမိလိုက်တဲ့ သတင်း၊ ဗဟုသုတ၊ ရသစာစု စတာတွေ ပါတတ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ဆိုးတာက ရေးတဲ့သူနဲ့၊ မူလဆိုဒ် မပါတာ များပါတယ်။ စာတပုဒ်လုံးကို ဓာတ်ပုံတွေပါကူးပြီးမှ ဘာလို့ရေးသူ နာမည် ချန်ထားခဲ့ကြသလဲ စဉ်းစားမရပါ။

ဒီနေ့ မနက်ပဲ ဖော်ဝဒ်မေးလ်တစောင် ရပါတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဟောင်း နိုင်ငံခြားသူ ရေးတဲ့ စာအုပ်အကြောင်းပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထုံးစံအတိုင်း ရေးသူ နာမည်တော့ မပါပါ။ ပို့ပေးသူ သူငယ်ချင်းကတော့ ဖော်ဝဒ်မေးလ် ဖြစ်ကြောင်း၊ မူရင်းရေးသူကို ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။ ဒါနဲ့ပဲ စာပိုဒ်ထဲက ထူးခြားတဲ့ စာသားတခု ဖြစ်တဲ့ "ကိန္ဒရီ နဲ့ မာယာရီ" ဆိုတာကို ကူးပြီး Google မှာ ရှာကြည့်လိုက်တော့ မကေသွယ် ဘလော့ဂ်ကဆိုတာ သိရပါတယ်။ ဒီမှာပါ ..


Twilight over Burma

ကျွန်တော် ပြောချင်တဲ့ သတင်းစကားက ကိုယ်ကြိုက်တဲ့ (နာမည်မပါတဲ့) ဖော်ဝဒ်မေးလ်တခုကို ထပ်ပြီး ဖော်ဝဒ် မလုပ်ခင်မှာ၊ စာသားထဲက တခု နှစ်ခုကို ကူးပြီး Google မှာ ရှာကြည့်လိုက်ပါ။ မေးလ်ထဲမှာလည်း ဇော်ဂျီဖောင့်၊ မြန်မာဆိုဒ် အများစုကလည်း ဇော်ဂျီဖောင့် ဆိုတော့ မူလ စာကို တွေ့ပါလိမ့်မယ်။ ဒါဆို ခုနက ကိုယ်ကြိုက်တဲ့ မေးလ်မှာ ရေးသူနာမည်လေး ထည့်ပေးပြီး ဖော်ဝဒ်လုပ်လိုက်ရင် ပြည့်စုံတဲ့ ဖော်ဝဒ်မေးလ် တစောင် ဖြစ်သွားပါလိမ့်မယ်။

Read more...

Nov 14, 2009

မေးခွန်းနံပါတ် ၁ဝ


The Rose : Salvador Dali

မေးခွန်းနံပါတ် ၁ဝ

သူသည် ...
(က) ကျွန်တော်၏ ပျောက်ဆုံးနေသော ခန္ဓာကိုယ်တခြမ်း။
(ခ)   ကျွန်တော်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှ နံရိုးတချောင်း။
(ဂ)   ကျွန်တော့်နှဖူးတွင် နတ်တို့ရေးထားသော အမည်နာမ၏ပိုင်ရှင်။
(ဃ) ကျွန်တော့်ကို စူးဝင်နေသည့် ရွှေစင်မြား၏ လေးညှို့ရှင်။
(င)   အထက်ပါ အချက်များ တခုမှ မမှန်ပါ။

မည်သည့်အဖြေကို ရွေးချယ်သည်ဖြစ်စေ -
သူသည် ...
သူဖြစ်နေခြင်းကပင်
ကျွန်တော့်အတွက် ပြည့်စုံလှပနေပါသည်။

တင်မင်းထက်
(၁၄.၁၁.၂ဝဝ၉ ဆယ်နှစ်ပြည့် မင်္ဂလာ)

Read more...

Nov 13, 2009

Green Memory (9)

တံတားဖြူ

ကြည်နူးခြေရာတွေ တွက်ရေရင်း
နာကြည်းဒဏ်ရာတွေ ဆူညံလာခဲ့
မျက်ရည်နဲ့ဆေးလည်း မဖြူ

တင်မင်းထက်
၂ဝဝ၉

Read more...

Nov 11, 2009

Green Memory (8)

ဘွဲ့နှင်းသဘင်ခန်းမ

သူ့ဆီရောက်အောင်လာခဲ့ပြီးမှ
သူနဲ့ခွဲခွာဖို့ကြိုးစားကြရပြန်တယ်
သံသားတွေ ဓားဖြစ်ဖို့

တင်မင်းထက်
၂ဝဝ၉

Read more...

Oct 31, 2009

ကမ္ဘာကြွေမယ့်နေ့


Painting: Pierre Marcel

ကမ္ဘာကြီးက ပန်းသီးတလုံးဆိုရင် ကျွန်တော်တို့က ပန်းသီးထဲက ပိုးကောင်လေးတွေပေါ့။ (နောက်ချေးပုံကြီး လို့တော့ မပြောချင်၊ ကိုယ်ပါရောပြီး ဘာကောင် ညာကောင် ဖြစ်သွားလိမ့်မယ်။) ပန်းသီးဆိုပေမယ့် တလုံးလုံး ချိုမြနေတာတော့ မဟုတ်။ ဖန်တန်တန်၊ ချဉ်စုပ်စုပ် နေရာတွေက အများသား၊ ပုတ်နေတဲ့ နေရာတွေက ရှိသေး။ ဒါပေမဲ့ ဒီထဲမှာ ပိုးကောင်ဖြစ်လာတော့ ဒီထဲမှာပဲ ပျော်ရွှင်၊ ကြေကွဲ၊ ပျင်းရိ၊ နာကျင်၊ တက်ကြွ နေနေကြရတာပဲ။ ခုတော့ အဲဒီ ပန်းသီးက ကြွေတော့ မယ်တဲ့လား။ ကိုယ်တွေက ဘာမို့ ကျန်ခဲ့ကြမှာလဲ။

အဲဒါက ဇာတ်နာအောင် ရေးထားတာ။ တကယ်တော့ ၂၁.၁၂.၂
၁၂ ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်းကို တွေ့သာတွေ့နေတယ်။ စိတ်မဝင်စားလှ၊ ခုထိလည်း ဘယ်လိုပျက်မယ် ဆိုတာတောင် မသိသေး။ တခုခုက ကမ္ဘာကို ဝင်တိုက်မှာလား၊ ငလျင်လှုပ်မှာလား၊ မီးတောင်ပေါက်မှာလား တကယ်ကို မသိသေး။ မအိန္ဒြာက ခင်မင်စွာဖြင့် တဂ်တော့ စဉ်းစားရပြီ တကယ်တန်း ကမ္ဘာပျက်တော့မယ် ဆိုရင် ဘာလုပ်ရမလဲ။

ကမ္ဘာပျက်တော့မယ်ဆိုတာကို အားလုံးက မသိကြဘဲ ကိုယ်တယောက်ထဲ (ဒါမှမဟုတ် ကိုယ့်ဆွေမျိုး၊ သူငယ်ချင်း တစုလောက်) သိနေတယ် ဆိုရင်တော့ မဆိုးဘူး။ ရှိတာအားလုံး ချရောင်း၊ မိသားစု နေရာ အနှံ့သွားလ
ည်၊ ကြယ်ငါးပွင့် ခြောက်ပွင့် နေရာတွေ တက်တည်း။ ပျော်ပျော်ကြီး နေလိုက်မယ်။ တခုပဲ ကြောက်ရတယ်။ တကယ် ကမ္ဘာမပျက်ရင်တော့၊ ကိုယ်တယောက်ထဲ ကမ္ဘာပျက်ပြီပဲ။ (ရှိတာ အားလုံး ကုန်သွားပြီလေ။)

ခု ၂
၁၂ ကတော့ ဒီလို မဟုတ်၊ အားလုံးက ကြိုသိနေမှာ။ အလုံးကြီး တလုံး ကမ္ဘာကို တိုက်ဖို့ လာနေပြီ ဆိုပါတော့။ တီဗွီကတောင် လိုက်ဖ် ပြချင် ပြနေမှာ။

အဲဒီတော့ ကမ္ဘာမပျက်ခင် တလမှာ (လူမှုရေး အဖွဲ့တွေက လွဲရင်)။ ဘယ်သူက အလုပ်လုပ်တော့မှာလဲ။ ငွေနဲ့ ဘာတွေ ဝယ်လို့ရမှာလဲ။ ဆားဗစ်ပေးတဲ့ အလုပ်တွေ ရပ်ကုန်မယ်။ ပစ္စည်းချင်းလဲတဲ့ ဘာတာ စနစ်လိုမျိုးပဲ ရှိတော့မယ် ထင်တယ်။

အဲဒီတော့ ကမ္ဘာပျက်လို့ ကိုယ်ပါသွားတာ နောက်ထား။ အဲဒီ တလမှာ ရပ်တည်ဖို့တောင် တော်တော်ကြိုးစားရမယ်။ ကဲ - 
ကမ္ဘာပျက် မှာက သေချာနေပြီ၊ တလ အလိုမှာ အားလုံးက သိပြီး ကြပြီလို့ သဘောထားပြီး မေးခွန်းလေးတွေ ဖြေကြည့်လိုက်ဦးမယ် -

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
မိသားစု၊ ပြီးတော့ တယောက်နဲ့တယောက် အားနာစရာမလိုတဲ့ ရင်းနှီးသူ တစုနဲ့ပါပဲ။ တောထဲတောင်ထဲ တနေရာမှာ စားစရာ ဆန်၊ ဆီ တလစာလောက်နဲ့ သွားနေချင်ပါတယ်။

(၂) ဘာတွေခံစားနေရမလဲ ...
ရှောင်လို့မှ မရတာ သိပ်တော့ ခံစားရမယ် မထင်။ ဒါပေမဲ့ တကယ်ကြုံလာရင် ဘယ်လောက် တည်ငြိမ်မလဲ၊ ဘယ်လောက် တုန်လှုပ်မလဲ သေချာတော့ မပြောတတ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
အဲဒီ တလစာ အတွက် အမြန်ဆုံး ရှာဖွေ စုဆောင်းရမယ်။ အချိန်ကလည်း သိပ်မရှိတော့ဘူးလေ။

(၄) ဝမ်းနည်းမိမှာက ...
ဘာမှ မသိဘဲ၊ ပျော်နေမယ့် ကလေးတွေ အတွက်ပါပဲ။

(၅) ကြောက်လန့်မိတာက ...
ရက်ချိန်းအတိအကျနဲ့ လာမှာကြီးကို ထိုင်စောင့်နေရတာ။

(၆) ဆောင်ထားချင်တာက ...
အဲဒီ တလက သိပ်ရှည်မယ်။
တနေ့စာ တနေ့ ရှာဖွေချက်ပြုတ် နေရတာနဲ့ အလုပ်ရှုပ် နေမယ် ထင်ပေမယ့် အချိန်တွေ ပိုနေသေးရင် ကြောက်စရာ။ စာအုပ်လေး၊ ဖဲထုပ်လေး (ဟောလိဝုဒ်ရိုက်ဖို့ သူက အချိန်ကုန်လွယ်တယ်) ဆောင်ထားမှ။

(၇) ဘာတွေရေးမိမလဲ ..
ဘာမှ ရေးမိမယ် မထင်။ ပြောပဲ ပြောဖြစ်မယ် ထင်တယ်။

(၈) တွေးမိတွေးရာ အတွေး ...
စုံနေမှာပဲ။ ဘဝ တသက်တာကိုလဲ ရုပ်ရှင်ပြသလို ပြန်မြင်မိ မလားပဲ။

(၉) ဂုဏ်ယူချင်တာက ...
တပါးသီလ မြဲနေသေးတာ။ သူတပါး မျက်ရည်ပေါက် ကြီးငယ် ကျပါစေ
တာ့လို့ မလုပ်ခဲ့ဘူးတာ။

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
လူ့သက်တန်း တဝက်မက နေခဲ့ပြီးပြီပဲ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကိုယ်မပျက်ခင် ကမ္ဘာပျက်တယ်။ ကမ္ဘာထက် အကြမ်းခံတဲ့ ... ငါကွ" :P

ကျွန်တော် ရေးတာလည်း နောက်ကျနေတော့
၎ ယောက်ကိုပဲ တဂ်ဆင့်ကမ်း ထားပါတယ်။

တီတီဆွိ
မိုးသံစဉ် ရဲ့ ကမ္ဘာ

Read more...

Oct 27, 2009

ပစ်ထည့်ဟင်း


Photo: chethstudios.net

အခုတလော တီတီဆွိ စတဲ့ ဘလော့ဂ်တွေမှာ ဟင်းချက်နည်းအကြောင်း၊ ပုံလေးတွေ ဝေဝေဆာဆာနဲ့ ရေးကြတာ အားကျလို့ ဟင်းချက်တဲ့ အကြောင်းရေးကြည့်တာပါ။ အပေါ်က ပုံကို ကြည့်ပြီး ပစ်ထည့်ဟင်းက ဒီလောက်ကောင်းလား မမေးကြပါနဲ့၊ အဲဒါက လူစိတ်ဝင်စားအောင် အင်တာနက်က ရှာထည့်ထားတာပါ။ ဘာချက်ထားတာလဲတော့ ကျွန်တော်လည်း မသိပါဘူး။

ဟင်းချက်တာ အတော်အသင့် ဝါသနာပါပါတယ်။ အိမ်မှာကလည်း အမ၊ ညီမ မရှိတော့ အမေ့ကို ကူလုပ်ရင်း ငယ်ငယ်ထဲက ချက်တတ်ပါတယ်။ ဒါပေမယ့် ဆီပြန်တွေ၊ ချဉ်ရည်တွေ ချက်လေ့မရှိပဲ အကြော်လိုမျိုး၊ အသုတ်လိုမျိုး ချက်ရတာ၊ စားရတာ ပိုကြိုက်ပါတယ်။ နောက်တခုက ဘာကိုချက်ရင် ဆီဘယ်နှစ်ဇွန်း၊ ဆားဘယ်နှစ်ဇွန်း မှတ်ထားလေ့ မရှိဘဲ လက်မှန်းနဲ့ ထည့်တတ်ပါတယ်။

ဟင်းချက်တာကို သိပ်မစိမ်းတော့ လူတိုင်း အသား ပြုတ်ကြော်လောက်၊ အသီးအရွက်ကြော် လောက်တော့ ချက်တတ်မယ် ထင်နေတာ။ ပါရမီရှင် ၂ ယောက်နဲ့ တွေ့မှ မှားမှန်းသိပါတယ်။

ပထမဆုံး တယောက်က ရန်ကုန်ရုံးတုန်းက အပျိုကြီးပါ။ (ကျွန်တော့်ထက်တော့ ငယ်တာပေါ့။) ရုံးက စက်မှုဇုံ ခေါင်တဲ့နေရာ ဆိုတော့ ထမင်းဘူး မထည့်လို့ မရ။ နေ့ခင်း ထမင်းစားချိန်ဆို ရုံးကလူတွေ စုစား ကြပါတယ်။ သူ့အမေ ခရီးထွက်သွားတော့မှ သူ့လက်ရာကို မြည်းရတော့တာပါ။ ပထမတော့ ရယ်ဒီမိတ် အထုတ်တွေ ဖောက်ထည့်လာတယ်။ ကျွန်တော်တို့က ဖောက်ထည့်ဟင်း လို့ နာမည်ပေးထားပါတယ်။

တရက်တော့ သူ့လက်ရာ အမဲသားကြော် ထည့်လာပါတယ်။ အားလုံးက အံ့ဩလွန်းလို့ ဘယ်လိုချက်လဲ မေးယူရတယ်။ တပိုင်းက တူးပြီး တပိုင်းက မကျက်ဘူး။ အမရာ ထမင်းတအိုးထဲ သုံးမျိုးရအောင် ချက်သလိုပေါ့။ သူပြောတာတော့ အသားကို အိုးထဲမှာ ရေနဲ့ ဆီနဲ့ထည့်ပြီး ဖိုပေါ်တင် အဖုံးအုပ်ထားလိုက်တယ်တဲ့။ အနံ့ထွက်တော့ ကောက်ထည့် လာတယ်တဲ့။ ဆားတော့ ထည့်ဖို့ မေ့သွားတယ်တဲ့။

နောက်တယောက်ကတော့ စင်္ကာပူကို ကျွန်တော့်နောက် ၃-၄ လ နေတော့ ရောက်လာတဲ့ သူငယ်ချင်းပါ။ ကျွန်တော်နဲ့ အတူနေပါတယ်။ သူငယ်ချင်းတွေချည်း စုနေတာဆိုတော့ ကြုံတဲ့သူ ချက်ပေါ့။ သူ့ အမျိုးသမီး ပြောပြထားတော့ သူ မချက်တတ်မှန်း သိပါတယ်၊ ဒါပေမဲ့ ဘယ်လောက် မချက်တတ်မှန်း မသိဘူး။ တရက်တော့ လွယ်လွယ်ကူကူ ကြက်ဥပဲ ကြော်လိုက်ကွာ ဆိုပြီး၊ သူနဲ့ ဖိုလွှဲခဲ့တယ်။ ကျွန်တော် ပြန်ဝင်လာတော့ သူက ကြက်ဥလေးကို လှည့်ပတ်ကြည့်နေတုန်း။ "ဘယ်နားက ခွဲရမှာလဲ ရှာနေတာ" ဆိုပဲ။

နောက်တခါ သူ အပြင်သွားတာ ကြုံလို့ သံပုရာသီး မှာလိုက်ပါတယ်။ ဆိုင်ရောက်တော့ ဖုန်းလှမ်းဆက်တယ်။ သံပုရာသီး ၂ မျိုးရှိတယ် အစိမ်း နဲ့ အဝါ၊ ဘယ်ဟာဝယ်ခဲ့ရမလဲတဲ့။ ကျွန်တော်လည်း သူ့ကို နောက်ချင်တာနဲ့ "ချဉ်တာသာ ဝယ်ခဲ့ကွာ" လို့ ဖြေလိုက်တယ်။ ကျွန်တော့် အမှားပါ "ငါ ဘယ်လိုလုပ် ချဉ်-မချဉ် သိမလဲ" ... တဲ့။

တရက်ကျတော့ သူကိုယ်တိုင်က တက်တက်ကြွကြွ ငါးပိရည် မစားရတာ ကြာပြီ သူ မြန်မာဆိုင်က ဝယ်ခဲ့မယ်တဲ့။ ပြန်လည်းရောက်လာရော ကျိုပေတော့ ဆိုပြီး စိမ်းစားငါးပိဗူးလေး ထုတ်ပေးပါတယ်။ သူ ဆိုင်ကို "အရည်ဖျော်လို့ရလား" ဆိုပြီး သေချာမေးဝယ် လာတာတဲ့။

သူများ အကြောင်းပြောလို့ ဝတော့ ကျွန်တော့် အကြောင်းပြောပါ့မယ်။ အိမ်ထောင်ကျခါစကတော့ ကျွန်တော့်လေဒီက သိပ်မချက်တတ်တော့ ကျွန်တော်က ဆရာကြီး လုပ်ခဲ့တာပေါ့။ အိမ်ထောင်သက်လေးလည်းရ သူလည်း ကောင်းကောင်းချက်တတ်ရော ကျွန်တော် ရာထူးကျတာပါပဲ။ ကျွန်တော် ဝင်ချက်ရင် ဟိုဟာကို ဟိုလိုလှီးရတယ်၊ ဒီဟာကို အရင်ထည့်ရတယ်နဲ့ ဆရာလုပ်ခံရ တော့တာပဲ။


တကယ်တော့ ကျွန်တော်က တီထွင်စိတ် အပြည့်နဲ့ လက်လှမ်းမှီရာ ကောက်ထည့်တတ်တာပဲ ပြောစရာရှိတယ်။ ဗူးသီးကြော်ရင်း စိတ်ကူးပေါက်ရင် မုန်လာဥနီပါ ထည့်ကြော်တာမျိုး၊ ကြက်ဟင်းခါးသီးကြော်ထဲ ဝက်အူချောင်း ပါလာတာမျိုး လောက်ပါပဲ။ စားလို့ရတာတွေချည်းပဲဟာကို၊ ခုတော့ ကျွန်တော့် ဟင်းတွေကို "ပစ်ထည့်ဟင်း" တဲ့။

Read more...

Oct 13, 2009

ချစ်ရက်ရှည်ရှည်အင်းလျားမြေ

အရင်ဆုံး တွံတေးသိန်းတန် ရဲ့ "ချစ်ရက်ရှည်ရှည်အင်းလျားမြေ" နားထောင် လိုက်ကြပါဦး ...
ပြီးမှ ဆက်ပြောကြတာပေါ့ ...



Green Memory ဆိုတဲ့ ကဗျာလေးတွေ ရေးဖြစ်တော့ ကျောင်းပုံလေးတွေ ပါရင် ပိုကောင်းမယ် ပြောကြပါတယ်။ ကျောင်းပုံ မထည့်ဖြစ်တဲ့ အကြောင်းက ကျောင်းပုံတွေက သိပ်ကို အင်အား ကြီးပါတယ်။ ကဗျာလေးတွေက ပုံကို မမှီမှာ စိုးတာနဲ့ မထည့်ဖြစ်တာပါ။

တကယ်တော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် က မဟုတ်ပါဘူး။ ဒါပေမဲ့ မိန်းထဲမှာ ၅ နှစ်တိတိ ကျင်လည်ခဲ့ပါတယ်။ ရူပက ဆရာတွေကဆို ကျွန်တော့်ကို သူတို့ တပည့်တောင် ထင်နေတာ။ တရက် အခန်းပြင်မှာ စာကြည့်နေတုန်း ဒေါက်တာထွန်းခင်က "တယ်ဟုတ်ပါလား ဘာစာတွေ ကြည့်နေလဲ" မေးမှ သူ့တပည့် မဟုတ်မှန်းသိတာ။

Crist cyan 's Memories ဆိုတဲ့ ဆိုဒ်ကနေ ကျောင်းပုံတွေ ရထားလို့ ဝေမျှလိုက်ပါတယ်။ သူ့ ဆိုဒ်ကိုသွားကြည့်လိုက်ပါ၊ ပုံလဲ ပိုစုံ၊ Resolution လဲ ပိုကောင်းပါတယ်။

"ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာကြဲပြန့်နေ
ကံကော်ပွင့်တွေနဲ့အတူ သူနဲ့တွေ့ရာ ဒီနယ်မြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်တော်မြေ" ဆိုတဲ့ အင်းလျား ...









"စာပေ ဂီတနဲ့သာ အနုပညာ ရသမှာလဲစုံ" တဲ့ အာစီ ...



လိုင်ဘရီလေးလဲ တို့နဲ့ဝေးခဲ့ပြီ၊ ကံ့တော်တန်းလည်း ဘယ်ဆီမသိ ...



ဂျက်ဆင်ထိပ်မှာ လရိပ်သာဆဲလား ...



ဒီလမ်းပေါ်မှာလျှောက်ရင်း ဘ၀လမ်းပေါ်လျှောက်ဖို့ အားမာန်တွေရခဲ့ ...



ကျော်မင်းမောင်ရဲ့ ပန်းချီကို ပြန်မြင်လာတယ်၊ သူ့ လက်သီးကို ဆုတ်ထားဆဲ ...



တည်ငြိမ်တဲ့ အသည်းနှလုံးပိုင်ရှင် ...



ချစ်ရက်ရှည်ရှည်အင်းလျားမြေ သီချင်းအတွက် မဂျုံးစိန် (jonesein @ Myanmar Cupid)
ပုံများအတွက် www.cristcyan.cc.cc တို့ကို ကျေးဇူး အထူးတင်ပါတယ်။

Read more...

Oct 10, 2009

Green Memory (7)

သစ်ပုတ်ပင်

နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ

တင်မင်းထက်
၂ဝဝ၉

Read more...

M4M အလှူ

 စတင်ဖွဲ့စည်းခြင်း

မြန်မာများအတွက် မြန်မာအဖွဲ့ (Myanmar for Myanmars) ဟာ တကယ်တော့ Online Community ကနေ အခြေခံလာတာပါ။ နာဂစ်အပြီးမှာ မြန်မာကျူးပစ်ဖိုရမ်ကနေ တဆင့် အလှူငွေ စုဆောင်းခဲ့ကြပါတယ်။ နာဂစ်ထိခိုက်သွားတဲ့ ဒေသတွေကို ကျပ်သိန်း ၁၃ဝ ကျော် ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီလို ရုတ်တရက် ပေါ်လာတဲ့ သဘာဝဘေးတွေကို ကူညီနိုင်အောင် ရန်ပုံငွေလေး စုဆောင်းထားရန် စဉ်းစားမိကြပါတယ်။ ပြီးတော့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေရဲ့ စားဝတ်နေရေး၊ ပညာရေးကိုလည်း ကူညီသွားမယ်လို့ ရည်ရွယ်ပြီး မြန်မာများအတွက် မြန်မာအဖွဲ့ ကို ၂ဝဝ၈ ဇွန်လ တွင် ဖွဲ့စည်းခဲ့ပါတယ်။

စင်္ကာပူက မြန်မာကျူးပစ်မန်ဘာတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ အများစုက အွန်လိုင်းမှာပဲ သိတဲ့သူတွေပါ။ အဖွဲ့ကိုလည်း အွန်လိုင်းမှာပဲ အခြေခံမယ်၊ လစဉ် မန်ဘာကြေးပေးတဲ့ ပုံစံနဲ့ အဓိက စုဆောင်းမယ်။ မန်ဘာမဟုတ်သူတွေ သီးသန့်လှူဒါန်းတာကိုလည်း လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁။ လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းများ
၂။ မိဘမဲ့ ပြုစုပျိုးထောင်ရေး ဂေဟာများကို အဓိက လှူဒါန်းသွားမယ်လို့ ရည်ရွယ်ခဲ့ကြပါတယ်။

ပထမဆုံး အလှူ


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စိန့်ဖရန်စစ် ကက်သလစ် သီလရှင်များ စောင့်ရှောက်ထားတဲ့ ကလေး ၂၅ ယောက် အတွက် ၄ လ စာ ဆန်ဖိုးငွေ ၆ သိန်း ကို ၇.၉.၂ဝဝ၈ တွင်လှူဒါန်း နိုင်ခဲ့ပါတယ်။ နေ့လည်စာ ဒန်ပေါက်ကိုတော့ မန်ဘာတဦးက သီးသန့် လှူဒါန်းခဲ့ပါတယ်။

ဒုတိယ အလှူ

၁၈.၉.၂ဝဝ၈ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဘုရားသုံးဆူကျောင်းတိုက် မှ ရှင်သာမဏေ နှင့် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေး ပဒေသာပင် ၂ သိန်း + တနေ့စာ ဆွမ်း ထမင်း အတွက် ၁ သိန်း လှူဒါန်းခဲ့ပါတယ်။

ကျောင်းလှူဒါန်းရန် စီစဉ်ခြင်း

အဖွဲ့ သက်တန်း ၆ လ မှာတော့ အလှူငွေ စင်္ကာပူ ဒေါ်လာ ၆၆ဝဝ စုဆောင်းမိကြပြီး၊ စာသင်ကျောင်း တဆောင် နာဂစ်ဒေသမှာ ဆောက်လုပ်လှူဒါန်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။

၁။ အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း ဆောက်လှူမယ်ဆိုရင် သိန်း ၂၁ဝ လောက် ကုန်ကျပါမယ်။ ကျွန်တော်တို့ အလှူငွေ နဲ့ မမှီပါ။

၂။ အစိုးရ အသိအမှတ်ပြု ကျောင်း မရှိခင် ယူနီဆက် အစီအစဉ်နဲ့ ယာယီကျောင်း လှူဒါန်းမယ်ဆိုရင် ယူအက်စ်ဒေါ်လာ ၃ဝဝဝ လောက် ကုန်ကျပါမယ်။ ယာယီဖြစ်လို့ အဖွဲ့ဝင် အများစုက သဘောမတူကြပါ။

၃။ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေကို လှူဖို့ပါ။ ကျောင်းဆောင် တန်ဖိုးကတော့ ကိုယ်တတ်နိုင်သလောက် ချိန်ပြီး လှူနိုင်ပေမယ့်၊ ဝေးလံတဲ့ ဒေသတွေမှာ သွားရောက် ကြီးကြပ် ပေးမယ့်သူ လိုပါတယ်။

ဒဂုံဆိပ်ကမ်း ပရဟိတကျောင်း

ဒီလိုနဲ့ ကြာလာလိုက်တာ ၂ဝဝ၉ ဩဂုတ်လ မှာတော့ မန်ဘာတယောက်လဲ ရန်ကုန်ပြန်ရောက်၊ စီစဉ် ဦးစီးမယ့်သူ ရှိတုန်း ကျောင်းဆောင်တဆောင် ဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ကြပါတယ်။



လှူဒါန်းဖို့ နေရာလိုက်ရှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဘုန်းတော်ကြီးသင် ပရဟိတ စာသင်ကျောင်း တခုမှာ စာသင်ကျောင်းဆောင် လိုအပ်နေတာ တွေ့ပါတယ်။ (ဆရာတော်က သတင်းမကြီး စေချင်လို့ လိပ်စာ အတိအကျကိုတော့ မဖော်ပြတော့ပါ။) ကျောင်းသား ကျောင်းသူ ၃၃၇ ဦး သင်ကြားနေပြီး အများစုမှာ မိဘမဲ့၊ မိဘမစုံ၊ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပါတယ်။



ဆောက်လုပ်လှူဒါန်းမယ့် ကျောင်းက ၄၅ ပေ x ၂၅ ပေ၊ အုတ်စီ သွပ်မိုး ဖြစ်ပြီး ကုန်ကျစရိတ်ကို မြန်မာငွေ သိန်း ၁၄ဝ ခန့် ကုန်ကျမယ် မှန်းကြပါတယ်။ ရရှိထားတဲ့ အလှူငွေရဲ့ ၂ ဆလောက် ဖြစ်နေပါတယ်။ နောက်တခုက အချိန်ပါ၊ လက်ရှိကျောင်းဆောင်ကို ဖျက်ပြီး ဆောက်မှာ ဖြစ်လို့ ၂ လ အတွင်း အပြီးဆောက်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဖြစ်အောင်လှူမယ်၊ လုပ်ငန်းစရင် လှူမယ့်သူတွေ ထပ်ပေါ်လာဦးမယ်၊ အလှူငွေ မလောက်ရင် မျက်နှာကျက် စတာတွေ လျော့မယ်၊ စသည်ဖြင့် ဆုံးဖြတ်လိုက်ကြပါတယ်။

လုပ်ငန်းစတင်ခြင်း



ကျောင်းဆောင် ဆောက်လုပ်ခြင်းကို ဩဂုတ်လ ၂ဝ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မစခင် ရက်ပိုင်းမှာပဲ ထိုင်းက ကျူးပစ်မန်ဘာ တဦးက ဘတ် ၂ဝဝဝဝ လှူဒါန်းပါတယ်။ စင်္ကာပူက မြန်မာ သင်္ဘောသားများက စင်္ကာပူဒေါ်လာ ၅၀ဝ၀ လှူဒါန်း ကြပါတယ်။ ဂျပန်က ကျူးပစ်မန်ဘာများ ကလည်း အလှူငွေ ကောက်ခံပေးမယ် ပြောလာပါတယ်။ (သိန်း ၃ဝ ကျော် ရရှိပါတယ်။)

တော်တော်ကို အားတက်သွားကြပါတယ်။ နောက်တော့ မြန်မာပြည်တွင်းက၊  နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ ဂျပန်၊ စင်္ကာပူ၊ ဂျာမဏီ၊ ဩစတေးလျ၊ အမေရိကန်၊ တရုပ်၊ လာအို၊ ထိုင်း နှင့် အင်္ဂလန် နိုင်ငံတို့မှ အလှုရှင်တွေ ပေါ်လာပါတယ်။ အများစုဟာ လူချင်းမြင်တောင် မမြင်ဖူးတဲ့၊ နာမည်ရင်းလေးတောင် မသိတဲ့ အွန်လိုင်း မိတ်ဆွေတွေ ဖြစ်ကြပြီး၊ ကလေးတွေ ပညာရေး အတွက်ဆိုပြီး ယုံယုံကြည်ကြည် လှူကြတာ ဖြစ်ပါတယ်။

အလှူပြီးစီးခြင်း



အလှူငွေ လုံလောက်သွားပြီမို့ မျက်နှာကျက်၊ ဆေး၊ အခန်းဖွဲ့၊ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံ ဆောက်လုပ် နိုင်ခဲ့ပါတယ်။ အားလုံးပြည့်စုံတော့ စာသင်ခုံတွေပါ လှူနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိကြတယ်။ အချိန်ကိုက်ပါပဲ  မြန်မာဆိုင်ဘာ ဖိုရမ်က စာသင်ခုံ ၁၁ သိန်းဖိုး လှူဒါန်းလာပါတယ်။



စုစုပေါင်း ကုန်ကျငွေ ၁၄,ဝ၆၆,၄၅ဝ ကျပ် ဖြစ်ပါတယ်။ အလှူရှင်များရဲ့ စေတနာ၊ ပြည်တွင်းကနေ ကူညီဆောင်ရွက်များရဲ့ ကြိုးစားမှုတို့ကြောင့် ၂ဝဝ၉ စက်တင်ဘာလ ၁၅ မှာ ကျောင်းဆောင် လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂ဝ မှာတော့ ရေစက်ချ ဆွမ်းကပ်ရင်း၊ ကလေးတွေကို ကြာဇံကြော်ကျွေး၊ စာအုပ် ခဲတံ ထောက်ပံ့ စသည်ဖြင့် လှူဒါန်းခဲ့ပါတယ်။

ဒီ စာသင်ကျောင်းဆောင်ဟာ မြန်မာများအတွက် မြန်မာအဖွဲ့ အတွက် မှတ်တမ်းတင်စရာ အောင်မြင်မှု တခု ဖြစ်ခဲ့ပါပြီ။ ဤကဲ့သို့ လှူဒါန်းခဲ့ရသော ကုသိုလ်ကို ကမ္ဘာအရပ်ရပ်မှ အလှုရှင်များနဲ့ ၃၁ ဘုံ ကျင်လည်ကြသော သတ္တဝါအပေါင်းတို့ကို အမျှ ပေးဝေပါတယ်။



(ဝန်ခံချက်။ ။ မြန်မာများအတွက် မြန်မာအဖွဲ့ ဝဘ်ဆိုဒ် www.m4mcommunity.org နှင့် မြန်မာကျူးပစ်ဖိုရမ် myanmarcupid.net တို့ကို ကိုးကားပါတယ်။)

Read more...

Oct 9, 2009

ကဗျာ


photo: 8minutesold.com
ကဗျာ

ကဗျာကြီးကြီးရေးဖို့
ကမ္ဘာကြီးပါရမှာလား။

ဆင်ကြီးကိုဂဠုန်ချီတဲ့
ကမ္ဘာကြီးကို ငါမချီနိုင်ဘူးကွယ့်။

ကမ်းခြေမှာ ကောက်ရခဲ့တဲ့
ပေါက်စန ကဗျာလေးပါ
တက်မနင်းကြပါနဲ့။

တင်မင်းထက်
ဝ၉.၁ဝ.ဝ၉

Read more...

Oct 6, 2009

ဗဂျီအောင်စိုး


ဗဂျီအောင်စိုး (၁၉၂၄-၁၉၉ဝ)


မြန်မာနိုင်ငံကို မော်ဒန်ပန်းချီနဲ့ မိတ်ဆက်ပေးခဲ့သူ တဦးဖြစ်ပါတယ်။

အပေါ်က ဓာတ်ပုံက သူဆုံးပြီးစက ယုဒသန်မှာ လုပ်တဲ့ အမှတ်တရ ပြပွဲမှာ ရောင်းတဲ့ ပုံပါ (လက်ကိုင်ပုဝါမှာ ဆေးရိုက်ထားတာ)

မနေ့က ဘလော့ဂ်လည်ရင်း imaginarycloudsno2 မှာ ဗဂျီအောင်စိုး ဆိုပြီး လင့်ခ်ပေးထားတာ တွေ့ပါတယ်။ အံ့ဩဝမ်းသာ သွားပါတယ်။ အဆင်အပြင်က အစ တော်တော် ကောင်းတဲ့ ဆိုဒ်ပါ။ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီတွေက စပြီး၊ ဘယ် တုန်းက ဘယ်ကဗျာမှာ ဆွဲထားတဲ့ပုံ စသည်ဖြင့် မှတ်တမ်းနဲ့ တကွ ဖော်ပြ ထားပါတယ်။ ဗဂျီအောင်စိုးရဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ လေးစားသူ လူကြီး လူငယ်များ စုစည်းပြီး လုပ်တဲ့ ဆိုဒ်လို့ ဆိုပါတယ်။




ဒါက Website ပါ ..
http://www.bagyiaungsoe.com/

ဒါက သူတို့ပဲ လုပ်တဲ့ ဘလော့ဂ်ပါ ..

Read more...

Sep 25, 2009

ရပ်တန့်နေသော နေ့စွဲများ



Photo: parasolgarden.com

ရပ်တန့်နေသော နေ့စွဲများ

ငယ်ငယ်တုန်းကမုန့်တွေကပိုချိုတယ်
အချိန်တွေကလည်းပိုကြာတယ်
စာသင်နှစ် တနှစ် တနှစ် ဆိုရင်
မပြီးဆုံးတော့ဘူးထင်ရလောက်အောင်ကြာတယ်
နွေကျောင်းပိတ်ရက်တွေကလည်း
စာတွေအားလုံးပြန်မေ့သွားတဲ့အထိကြာတယ်။

ခုတော့
ဆံပင်တွေရှည်လာမှ
တလကုန်မှန်းသိတော့တယ်။

ခု ဒီဇင်ဘာထွက်ရင်
နောက် ဒီဇင်ဘာ လူစားဝင်မယ်တဲ့
ကစားပွဲက ရပ်လို့မရဘူးလေ။

မက်တဲ့ အိပ်မက်အလိုက်
ညတာ ရှည်လိုက် တိုလိုက်ပါပဲ။

လေထဲမှာချိတ်ဆွဲထားတဲ့ ပန်းဆိုင်းလေးတွေလို
ရပ်တန့်ငြိမ်သက်စွာ အမြဲမွှေးမြနေတာကတော့
သူနဲ့ကျွန်တော်ရဲ့ မြကျွန်းသာနေ့စွဲများ ...။

တင်မင်းထက်
၂ဝဝ၉

Read more...

Sep 24, 2009

မြန်မာများအတွက် မြန်မာ

မြန်မာကျူးပစ်ဖိုရမ်ကနေ တဆင့် မြန်မာများအတွက် မြန်မာ (Myanmar for Myanmars) ဆိုတဲ့ အွန်လိုင်း အဖွဲ့အစည်းလေး ဖြစ်ပေါ်လာပုံနဲ့ ၂ဝ၉ စက်တင်ဘာ ၁၅ ရက်နေ့က လွှဲပြောင်းလှူဒါန်း ခဲ့ကြတဲ့ စာသင်ကျောင်းဆောင် (ဒဂုံဆိပ်ကမ်းမြို့နယ်က ဘုန်းတော်ကြီးသင် စာသင်ကျောင်း အတွက်) အကြောင်း ရေးပြချင်ပါတယ်။

ခုတော့ ဒီကဗျာလေးနဲ့၊ ရွှေဝါပြည်မှာ တင်ထားတဲ့ ကိုဘော့ကျန် ကဗျာ ၂ ပုဒ်ကို ဖတ်ထားကြပါဦး။






မြန်မာများအတွက် မြန်မာ

သမီးရေ ...
တီဗွီပဲကြည့်မနေနဲ့
စာလဲကျက်ဦး ...

သမီးရေ ...
ထမင်းချည်းစားနေရင်
ဘယ်အားရှိပါ့မလဲ ...

သားရေ ...
ခဲတံနဲ့လျှောက်ခြစ်ရင်
နံရံတွေညစ်ကုန်မှာပေါ့ ...

သမီးရေ ...
သားရေ ...
... ... ... ... ...

အဲဒီလို ဆိုရင်းပြောရင်း
နာဂစ်ရဲ့ ကလေးလေးတွေ
ပြန်မြင်ယောင်လာ ...

ဘယ်မှာလဲ သူ့ညစာ
ဘယ်မှာလဲ သူ့အမိုးအကာ
ဘယ်မှာလဲ သူ့သင်ခန်းစာ

ငါ့သမီး ငါ့သား
ငါ့အရေးပဲ
ငါတွေးနေမိသလား ...

ပြုံးပျော်နိုင်တဲ့ ဘတွေများစေဖို့
တို့စွမ်းသမျှဆောင်ကြစို့ ...

တင်မင်းထက်


(ဝန်ခံချက်။  ။ ကဗျာကို မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြခဲ့ဖူးပါတယ်။ ကဗျာနောက်ဆုံးပိုဒ်မှာ မြန်မာများအတွက် မြန်မာအဖွဲ့ ၏ ဆောင်ပုဒ် ဖြစ်ပါတယ်။ ဘယ်သူရေးတယ် ဆိုတာ ပြန်ဖော်ပြပေးပါမယ်။)

Read more...

Sep 6, 2009

ကံ့ကော် ၂ ပွင့်

မီးမီးချော ဘလော့ဂ်အကြောင်း ပြောတုန်းက၊ ပန်းချီအကြောင်း ပြောရင်း ကျွန်တော်လည်း ရှားရှားပါးပါး ၂ ကား ၃ ကား ဆွဲဖူးတယ် ပြောခဲ့ဖူးပါတယ်။

တကယ်က ပန်းချီဆွဲတယ် ဆိုပေမယ့် ခဲတံနဲ့ စုတ်တံနဲ့ ဆွဲတာမျိုး မဟုတ်ပါဘူး။ မတော်တဆ ဖြစ်တဲ့ Effect တွေ အားကိုးနဲ့ ဆွဲတာပါ။

ပထမဆုံးနည်းက Time တို့ Newsweek တို့ထဲက ရောင်စုံစာရွက်တွေ ဖြဲပြီး ပြန်ကပ်တဲ့ Collage နည်းပါ။ မူလပုံရဲ့ အရိပ်၊ အရုပ် နဲ့ အရောင်ကြောင့် မထင်မှတ်ပဲ ပိုကောင်း သွားတတ်ပါတယ်။ စီးပွား ဖြစ်လောက်အောင် ၂ ကား တိတိ ဆွဲဖူးတာ ခုတော့ ပြန်ရှာ မရတော့ပါ။ တကားကတော့ ခပ်လွယ်လွယ် ပန်းအိုးပုံပါ။ ရောင်စုံ စက္ကူစ သေးသေးလေးတွေကို အစုလိုက် အစုလိုက် ကပ်လိုက်တော့ ပန်းရောင်စုံ ဖြစ်ရော။ နောက်တကားကတော့ ပန်းချီကိုမြိုး ကို တုထားတာပါ။ ယောကျာ်းလေး ကိုယ်တပိုင်းပုံ၊ ဆံပင်လွင့်နေတာက တိမ်တွေ၊ ကိုယ်လုံးနေရာမှာက ကျောက်တောင်ပုံတွေ၊ ရင်ဘတ်မှာ အပေါက်တပေါက်၊ အဲဒီကမှ ရိုးတံတခု ထွက်လာပြီး နှင်းဆီတပွင့် ပွင့်နေတဲ့ပုံ။ (ပြစရာ မရှိတော့ ပြောချင်တိုင်း ပြောလို့ ရတာပေါ့။)

နောက်တနည်းကတော့ အဆင့်မြင့်နည်းပညာ တခုဖြစ်တဲ့ ဆေးစက်မှုန်လေးတွေနဲ့ ဆွဲတဲ့နည်းပါ (မူကြိုတွေမှာ သုံးလေ့ရှိပါတယ် :P)။ သားပွတ်တံနဲ့ ဆေးကိုတို့ပြီး အမှုန်လေးတွေ ဖြန်းတဲ့ နည်းပါ။ သူက ၂ မျိုး လုပ်လို့ရတယ်။ ဆိုင်းဘုတ်မှာ နာမည်ရေးသလိုမျိုး ကဒ်ပြားပေါ်မှာ ဆေးထိစေချင်တဲ့ နေရာတွေကို အပေါက်ဖေါက်ထားပြီး ဆေးနဲ့ ဖြန်းတာပါ။ ဒါမှမဟုတ် ပထမနည်းနဲ့ ပြောင်းပြန်၊ ကဒ်ကလေးတွေကို ဖြတ်ပြီး မထိစေချင်တဲ့ နေရာကို အုပ်ထားတာပါ။ ဒါမျိုးပေါ့ ..

ehow.com

အဲဒီနည်းနဲ့ ကံကော် ၂ ပွင့် ပုံဆွဲဖြစ်ပါတယ်။ အရွက်တွေ ပွင့်ဖတ်တွေ နေရာကို ကဒ်ကလေးတွေ ဖြတ်ပြီး ဖုံးထား။ ကောင်းကင် အပြာနဲ့ သစ်ရွက် အစိမ်းကို သားပွတ်တံနဲ့တို့ ပြီးတော့ ဘီးပေါ်မှာ ခြစ်ပြီး ဆေးဖြန်းပါတယ်။ ဆေးမှုန်လေးတွေ ရောသွားတော့ ကြည့်လို့ကောင်းပါတယ်။ ကံ့ကော်ဝတ်ဆံ နေရာကိုတော့ ဆေးအဝါ ထူထူပုံ၊ ဆူးချွန်နဲ့ ဆွလိုက်တော့ စက္ကူသား ပွပြီး ဝတ်ဆံနဲ့ တူသွားပါတယ်။

ကံကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ ..

ပထမဆုံး တကားကတော့ ကျွန်တော့် ကောင်မလေးဆီ ရောက်သွားတာပေါ့ (ရန်ကုန်အိမ်က နံရံမှာ ချိတ်ရက်သား ကျန်ခဲ့ပါတယ်။) နောက် ဆင်တူ ၂ ကား ထပ်ဆွဲပြီး ကျောင်းတုန်းက သူငယ်ချင်း အတွဲ ၂ တွဲ ကို မင်္ဂလာလက်ဖွဲ့  လိုက်ပါတယ်။ ထူးထူးခြားခြားလေးလည်း ဖြစ်တာပေါ့။ (လက်ဖွဲ့ဖိုးလည်း သက်သာ :P)

ဒီပုံကတော့ (ကောင်း + အေး) ကို လက်ဖွဲ့ခဲ့တဲ့ ကားပါ ..
.

Read more...

Sep 3, 2009

ငါး

zazzle.com
ငါး

ပင်လယ်ပြင်ကိုငေးကြည့်နေမိတဲ့ တနေ့
ငါးလေးတကောင် အနားမှာလာထိုင်ပြီး သူ့အကြောင်းပြောပြခဲ့တယ်
ရေကူးဝါသနာဆိုတာမသိဘူး တသက်လုံးကူးခတ်ခဲ့ရတယ် .. တဲ့
နီးကပ်တယ်ထင်ရတဲ့ လရိပ်ဟာလည်း ဝေးတာပါပဲ .. တဲ့
တည်ငြိမ်တဲ့ရေပြင်အောက်မှာလည်း ဝဲဂယက်တွေရှိတယ် .. တဲ့
နောက်ဆုံးတော့
ရေထဲက သူ့မျက်ရည်ကို ဘယ်သူမှ မမြင်နိုင်ပါဘူး .. ဆိုပြီး
အဝေးကြီးကိုထွက်သွားတယ် ဘယ်တော့မှပြန်မလာတော့ဘူး
ရေမကူးတတ်ပေမယ့် ငါလည်း ငါးတကောင်ပါပဲ ဆိုတဲ့အကြောင်း
ပုလင်းလွတ်တလုံးထဲ ထည့်မျှောလိုက်တယ် သူဖတ်ရမှာပါ။

တင်မင်းထက်

(အိန္ဒြာ ရဲ့  ငါးပြတိုက် ကအပြန်၊ ငါးတကောင်နဲ့ တွေ့ခဲ့ပါတယ်။)

Read more...

Aug 28, 2009

မြား

Photo: vidalia_11 (flickr.com)

မြား

ချစ်ဆိပ်ရည် သုတ်လူးထားတဲ့
စူးရှတဲ့မြားကို သိမ်းလေ
ရွှေတောင်ပံတွေ အနားပေး
ငြိမ်ငြိမ်လေး ထိုင်နေပါလား
အဆွေ ... မြားနတ်မောင်။

ပြေမယောင် ကွေးမယောင်
ညိုမှောင်တဲ့မျက်ခုံးနဲ့ လေးတင်
ညှို့ငင်တဲ့မျက်ဝန်း အပစ်
စူးနစ်ခဲ့ရ နှစ်ပေါင်းတရာ။

တင်မင်းထက်
၂၈.ဝ၈.ဝ၉

(ချစ်ဇနီးသို့ ...)

Read more...

Aug 26, 2009

ကျွန်တော်နဲ့ ဆိုကရေးတီး

 
ဂရိ တွေးခေါ်ပညာရှင် ဆိုကရေးတီး (Socrates) အကြောင်း မဟုတ်ပါဘူး။  SONATA-CANTATA  မှာ မသီတာ ဆို-က-ရေး-တီး အကြောင်းရေးထားတာ တွေ့တော့ ကျွန်တော့်ရဲ့ ပါရမီကို ကြုံရင်ရေးပါ့မယ်၊ ပြောထားမိပါတယ်။ 

ဆို

ကျွန်တော့် အသံဟာ အမေ့အသံကို ၁ဝဝ% အမွေဆက်ခံပြီး ဘယ်ကီးမှ မ
င် သီချင်းဆိုရင် စာရွတ်နေသလား အမေးခံရပါတယ်။ အလယ်အလတ် သီချင်းတွေကို မကြိုက် တခုခု ဆန်းသစ်မှ ကြိုက်ပါတယ်။ အသံမကောင်း၊ အဆိုမပိုင်ပေမယ့် ခင်မောင်တိုး - မွန်းအောင် အစ၊ ထူးအိမ်သင် - လေးဖြူ အလယ်၊ ကြက်ဖ - အရိုး အဆုံး သီချင်းပေါင်း များစွာ အလွတ်ရပါတယ်။ ဆိုရခက်တဲ့ ကိုစောညိန်း။ ခင်မ်း စတဲ့ သီချင်းတွေကို ဟိုအော် ဒီအော် လုပ်တတ်ပါတယ်။

ငယ်ငယ်က အိမ်မှာ သူငယ်ချင်းတွေနဲ့ ဖဲစုရိုက်ကြပြီဆို
ကျွန်တော် ရှုံးနေလို့ကတော့ နားမသက်သာဖူး မှတ်ပေတော့။ ကိုနေဝင်း သီချင်းဖွင့် နည်းနည်းပါးပါး လိုက်ဆိုလိုက်ရင်၊ သူငယ်ချင်းတွေ စိတ်ညစ်။ လူမရွှင်တော့ ဖဲကျ ဖြစ်ကုန်ကြပါတယ်။

က


စင်ကြောက်တဲ့ သူဆိုတော့ တသက်မှာ တခါပဲ စင်ပေါ် တက်ကဖူးပါတယ်။ ၈ တန်းတုန်းက နယ်မှာပါ။ ကျောင်းက ၈ တန်း ၄ ယောက်ပဲ ရှိတဲ့ တွဲ-အလက မှာ။ သီတင်းကျွတ်မှာ ဆရာကတော့ပွဲ နဲ့ ကျောင်းကပွဲ လုပ်ပါတယ်။ ပွဲငတ်တဲ့ ဒေသဆိုတော့ ရွာလုံးကျွတ် လာအားပေး ကြမှာပါ။ ကျောင်းမှာက လူက နည်းနည်းလေး ဆိုတော့ ဘယ်လိုမှ ပြေးမရ။ ဖိုးသူတော် ယိမ်းထွက်ရပါတော့တယ်။

အဲဒီတုန်းက ဖြူဖြူသွယ်သွယ်ဆိုတော့ မိန်းကလေးလို
တ်ပြီး တေးသရုပ်ဖော်လိုမျိုး ကခိုင်းဖို့ ဆရာ / ဆရာမများက ရက်ရက်စက်စက် ကြံကြပါသေးတယ်။ မှတ်မိသေးတယ် "ကမ်းစပ် တို့ဟာကမ်းစပ် မင်းဟာ ရေလှိုင်းလေးပေါ့" .. ဆိုတဲ့ သီချင်းနဲ့ပေါ့။ အက သင်ပေးတဲ့ သူက မူလတန်းပြ လုပ်အားပေး ဆရာမ၊ သူက ရှေ့က ကပြ၊ ကျွန်တော်က ကြိုးစားပြီး လိုက်ကသော်လည်း၊ ကပုံ အချိုးကျလွန်းတော့ သူ့ကို နောက်ပါတယ် ဆိုပြီး ဆက်မသင်တော့ပါဘူး။ အဲဒါနဲ့ ၇ တန်းကျောင်းသူ တယောက်က သင်ပေးပါတယ်။ ဒီတခါမှာတော့ အက ဆရာမ ထိုင်ငို သွားပါတယ်။ ကျွန်တော့်ရဲ့ အက ပညာခန်းလည်း ဖိုးသူတော်ယိမ်းနဲ့ပဲ တခန်းရပ်သွားပါတယ်။

ရေး


ဒါကတော့ ကျွန်တော့် ပါရမီ ဆိုတာထက် သူငယ်ချင်းရဲ့ ပါရမီပါ။ ကျွန်တော် သီချင်းမရေးဖူးပါ။ ကဗျာတပုဒ်ကိုတော့ သူငယ်ချင်းက သူဆိုမယ် ဆိုပြီး (အလကား ရတာလည်း တကြောင်း) သံစဉ် ထည့်ဆိုဖူးပါတယ်။

သူ့အကြံကလည်း မသေးပါ။ အလကား ရတဲ့ သီချင်း တခွေစာစုပြီး စီးရီးထုတ်မယ့် အကြံပါ။ နီးစပ်ရာ လိုက်ရှာရင်းနဲ့ တတန်းကြီးတဲ့ အကိုကြီး တယောက်က သီချင်းတွေ ဗလာစာအုပ်နဲ့ တအုပ် ပေးလိုက်ပါတယ်။ ကြိုက်တာလေးတွေ ရွေးပြီး အခွေကြမ်းသွင်း၊ အဲဒီ အကိုကြီးကို သွားဖွင့်ပြပါတယ်။ သီချင်း တပုဒ် အရောက်မှာတော့ အကိုကြီး ထခုန်ပါတော့တယ်။ "ဒါ .. ဒါ .. ငါ့ရည်းစားစာ" တဲ့။ စာအုပ် နောက်ဆုံးမှာ ရေးထားတဲ့ ရည်းစားစာကို သီချင်းမှတ်လို့ ဆိုပြစ်လိုက်တာပါ။ သူ့ အခွေကလည်း ထွက်မလာဖြစ်တော့၊ ကျွန်တော့် ကဗျာလည်း မောင်စိန်ဝင်း ကဗျာတွေလို သီချင်းဖြစ်ခွင့် မကြုံလိုက်ပါ။

တီး


တန်း ပြီးတော့မှ ဂစ်တာတီး စသင်ပါတယ်။ ပထမဆုံး တက်ဖြစ်တာက ဆူးလေနားက တိုက်ခန်း အပေါ်ထပ်မှာ သင်တဲ့ သင်တန်းပါ။ နောက်တော့ အလုံ ကရင်ခြံက ကလပ်စစ်ကယ်တီးတဲ့ ဆရာကြီးဆီမှာ ဆက်သင်ပါတယ်။

နောက်ဆုံး ဆရာကတော့ အရင်က E-Machine မှာ ကီးဘုတ်တီးတဲ့ သူပါ။ တော်မီကျော်နိုင်တို့ ဝိုင်း ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ဆရာက အများကြီး ငယ်ပါတယ်။ ၁၆-၁၇ လောက်နဲ့ ပရော်ဖက်ရှင်နယ် တီးလာတဲ့ သူပါ။
ငယ်ငယ်က စာလည်းတော်၊ ဂီတမှာလည်း ထူးချွန်တဲ့ သူပါ။ သူ့အဖေက အတော်အသင့်လည်း ပြည့်စုံတဲ့၊ လူလည်း လေးစားတဲ့ စာရေးဆရာကြီး တဦးပါ။ သူ့ကို ဖျက်တာကတော့ (ထုံးစံအတိုင်း) မူးယစ်ဆေးပါပဲ။ နောက်ဆုံး သူ့ အသက်ကိုပါ ယူသွားပါတယ်။

ဆရာတွေ နာမည်ကို အတိအကျ မဖော်ပြ ထားတာက ဆရာ့ကျေးဇူး မသိလို့ မဟုတ်။ ဆရာတွေ နာမည်ပျက်မှာ စိုးလို့ပါ။ ဆရာ ၃ ယောက်သာ ပြောင်းသွားတယ်၊ ဂစ်တာကို ရောင်းကော့ဒ် သီချင်းတချို့ ခေါက်တတ်တာက လွဲရင်၊ ကြိုးကို မညှိတတ်လိုက်ပါဘူး။


(ခုလည်း "ရွှေဟင်္သာမောင်နှံရယ် .. တောင်ပံယှက်ပြီ .. လည်ချင်းမှီလို့ .." .. ဆိုတဲ့ ဆည်းဆာ ကို အော်နေပါတယ်။ တကယ်က အဲဒီ သီချင်းကို အစအဆုံး မရပါဘူး။ မရတရ သီချင်းက ပိုဆိုလို့ ကောင်းတယ် မဟုတ်လား။)

Read more...

Aug 19, 2009

Green Memory (6)

ကံ့ကော်တော

ရနံ့ကောက်သူတွေ မရှိတဲ့
နောက်ထပ်နွေဦးတခုမှာ
မျက်ရည်စိုလို့ ငိုနေကြစဲလား

တင်မင်းထက်
၂ဝဝ၉

Read more...

ကမ်းခြေ

ကမ်းခြေ

ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။

ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။

လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။

တင်မင်းထက်
(၂၂.ဝ၇.ဝ၉) 

မနော်ရဲ့ "ကျွန်မချစ်သောကဗျာများ" မှာ ဖော်ပြခဲ့ဖူးပါတယ်။

Read more...

Aug 17, 2009

စာအုပ်တောမှာ (၆)

စာတိုငညို

စာအုပ်စုတဲ့သူ အများစုက စာအုပ်ခိုးရင် ငရဲမကြီးဘူး ထင်နေတတ်ကြတယ်။ ငှားတယ်လို့ပဲ စိတ်ထဲမှာ ထားကြတာ၊ ပြန်မပေးတာက တပိုင်းပေါ့။

ဒါပေမဲ့ ကျွန်တော့်ဆီက ပါသွားတာက အများကြီး ပိုများပါတယ်။ တမင်ပြန်မပေးတာက မှတ်မှတ်ရရ တအုပ်ပဲ ရှိပါတယ်။ ကျွန်တော့်ဆီက သီချင်းစာအုပ် တထပ်ကြီးငှားပြီး ပြန်မပေးတဲ့ သူငယ်ချင်းဆီကပါ။ သူ့စာအုပ်တွေက စိတ်ကြိုက်တအုပ် (မှော်ရုံတော်မှာ မောလှပြီ) ကိုငှား၊ ပြီးတော့ အပျောက် ရိုက်လိုက်ပါတယ်။

စာအုပ် မပျောက်အောင် အကောင်းဆုံးကတော့ စာအုပ်မငှားတာပါ။ ဒါပေမဲ့ စာအုပ်ကောင်း တအုပ်ဖတ်ရရင် ဘယ်သူတော့ ကြိုက်မယ်ဆိုပြီး ပေးဖတ်ချင်ပါတယ်။ အိမ်တိုင်ရာရောက်တောင် သွားပေးလိုက်သေး။ အဲဒီတော့ ပျောက်တာပေါ့။ "ဘောင်းဘီဝတ်မိုးတိမ်" ဖယောင်း လက်ရေး စာအုပ်လေးဆို ကဗျာချစ်သူ တယောက်က ငှားသွားတယ်။ "နန်းဟာဗီး" ဆို အဖုံးလေးပဲ ကျန်ခဲ့တယ်။

အထိအနာဆုံးက ဆရာကေ (ဦးခင်ဇော် ထင်တယ်) စာအုပ်တွေပါ၊ သူ့စာအုပ်တွေမှာ စာရေးဆရာ လက်မှတ်တွေ ပါပါတယ်။ လူထုဦးလှ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် စသည်ဖြင့် အများကြီးပါ။ ဖြစ်ချင်တော့ ကျွန်တော့်ထက် စာပေမြတ်နိုးသူ တစ်ယောက်က လက်မှတ်ပါတဲ့ စာအုပ် ၁ဝ အုပ်လောက်ကို ရွေးငှားပြီး ပြန်မပေးတော့ပါဘူး။ ငှားတာကလည်း သင်္ဘောတက်ရင် ဖတ်ဖို့တဲ့၊ ကျွန်တော်ကိုက "အ" တာပါ။

ကျွန်တော် အများဆုံးလုပ်တာက မဂ္ဂဇင်းတွေထဲက ဖြုတ်တာပါ။ အသစ်ကိုတော့ မလုပ်ပါဘူး။ သိပ်ကြိုက်တဲ့ ဝတ္ထု၊ ဆောင်းပါး ပါရင်၊ လကုန်မှ တခါပြန်ငှားပြီး ဖြုတ်ပါတယ်။ ဖြဲယူတာ မဟုတ်ဘူးနော်၊ စာအုပ်ကို လုံးဝ ဖြုတ်ပစ်ပြီး ကြိုက်တာယူ၊ ဟန်မပျက် ပြန်ချုပ်ပေးပါတယ်။

Silver Pages

Yellow Pages လိုမျိုး မဟုတ်ပါဘူး။ စီစစ်ရေးမိလို့ ငွေမှင်သုတ် ခံရတဲ့ စာမျက်နှာတွေပါ။ စီစစ်ရေး မိရင် လုပ်ကြရတာက မျိုးစုံ၊ ကျွန်တော်ကလည်း နည်းမျိုးစုံ သုံးပြီး ဖတ်တာပဲ။ ဖြဲထားတယ် ဆိုရင်တော့ ဘာမှ လုပ်မရပါ။၊ စာရွက် ၂ ရွက်ကို ပူးပြီးကော်နဲ့ ကပ်ရင် စာရွက်လေးဖြဲ ရေစိမ်ပြီး ပြန်ခွာ။ နည်းနည်းပါးပါး ထိလို့ စက္ကူအပိုင်းနဲ့ ပိတ်ကပ်ရင် ရေဆွတ်ပြီး ပွတ်ထုတ်၊ ငွေမှင်သုတ်ရင် လက်သည်းဖျက်ဆေးနဲ့ ဖျက် (ဝယ်ကိုဆောင်ထားတာ၊ အိမ်မှာ လက်သည်းဆိုးတဲ့သူ မရှိ)။

ချယ်ရီမှာ ပါတဲ့ မောင်သစ် နဲ့ မောင်သော်က ဆောင်းပါးတွေဆို ၂ ပုဒ် လုံးလွတ်တဲ့ လက ခပ်ရှားရှား။ တခါတလေကြတော့ ကိုယ်ကသာ ကြိုးစားပမ်းစား ခွာရတယ်၊ ဘာမှလည်း မဟုတ်။ စီစစ်ရေးက အတွေးခေါင်ပြီး ပိတ်ထားတာ။ အဲ .. သခင်ကိုယ်တော်မှိုင်း နာမည်ကို ငွေမှင်သုတ်တဲ့ ခေတ်လည်း ရှိဖူးပါတယ်။

ကာတွန်းဦးဖေသိန်း (ကောင်းကင်မဂ္ဂဇင်းမှ)
စာအုပ်လိုင်း

စာအုပ်စုရာမှာ တချို့က စာရေးဆရာ ကို လိုက်စုတယ်။ တချို့က အမျိုးအစားကို လိုက်စုတယ်။ လူထုဦးလှ စုတဲ့သူ၊ ခရီးသွားဆောင်းပါး စုတဲ့သူ စသည်ဖြင့်ပေါ့။ ပုဂံတိုက်ထုတ် စာအုပ်မှန်သမျှ စုတဲ့သူလည်း တွေ့ဖူးပါတယ်။ သူက စာအုပ် အပြင်အဆင်၊ စာအုပ် စီစဉ်ပုံ နမူနာ ယူချင်လို့ပါ။

သူငယ်ချင်း တယောက်ကတော့ ရွှေငါးမွေးနည်းကနေ နွားမွေးမြူရေးအထိ၊ ဗူး ဖရုံ သခွားကနေ စပါးမျိုးစပ်နည်း အထိ အင်္ဂလိပ် မြန်မာ စာအုပ်စုံ စုပါတယ်။ ထူးဆန်းတာက မြေနီကုန်းမှာနေတဲ့ သူ့မှာ ဘာပင် ဘာကောင်မှ မရှိပါဘူး။ အခုတော့ အက်ဖ်အီးစီ ပွဲစားလုပ်နေတယ်။

စင်ဖြိုခြင်း

စာအုပ်စုတဲ့ သူတွေအဖို့ တစ်ကယ့်ကို စိတ်မကောင်းစရာပါ။ အကြောင်း အမျိုးမျိုးကြောင့် စာအုပ်စင် တစ်စင်လုံး ပုတ်ပြတ်ရောင်းတာကို စင်ဖြိုတယ် ခေါ်ပါတယ်။ အများအားဖြင့် တစ်အုပ်စီ ဈေးမဖြတ်တော့ပါဘူး၊ စာအုပ် အဆိုးအကောင်း အနေအထားကို ကြည့်ပြီး တစ်အုပ် ဘယ်လောက်ဆိုပြီး ပျှမ်းမျှနှုန်း ဖြတ်ပါတယ်။ တစ်ခါမှတော့ လိုက်မသွားဖူး ပါဘူး။ စင်ဖြိုပြီး စာအုပ်တွေ အပုံလိုက် ရောက်လာတာတော့ တွေ့ဖူးပါတယ်။ ဝယ်ရတဲ့သူလဲ စိတ်မကောင်းပါဘူး။

တချို့ကြတော့လဲ စင်မဖြိုပေမယ့်၊ အရင် စုဆောင်းထားတဲ့ သူတွေရဲ့ တူ၊ သား စတဲ့ နောက်လက်ထက်မှာ နည်းနည်းစီခွဲပြီး ကုန်အောင် ရောင်းတတ်ပါတယ်။ ကျွန်တော့်မှာ "မောင် .. .. .. ကိုယ်ပိုင်စာကြည့်တိုက်" ဆိုတဲ့ တံဆိပ်တုံးနဲ့ စာအုပ်လေးတွေ တော်တော်များများရှိပါတယ်။ တစ်ဆိုင်ထဲက ရတာပါ။ မေးကြည့်တော့ ဆုံးသွားတဲ့ သူ့အဖေ စုထားတာတွေ၊ သားက လာရောင်းတာတဲ့။ နောက်ဆုံးကျ စာအုပ် ဗီဒိုကြီးပါ ရောင်းသွားပါတယ်။

(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

Aug 13, 2009

စာအုပ်တောမှာ (၅)

ဘော်တယ်ဆိုင်

ဘော်တယ် (Bottle) ဆိုင် ဆိုတာကတော့ "နို့ဆီခွက်တွေ ဝယ်
၊ ပုလင်းတွေ ဝယ်" ဆိုတဲ့ အထမ်းနဲ့ အဟောင်းလိုက်ဝယ်တဲ့ သူတွေဆီက ပြန်ကောက်တဲ့ ဆိုင်လေးတွေပါ။ သတင်းစာဟောင်း ဝယ်သလို၊ စာအုပ်ဟောင်းကိုလည်း ပိဿာချိန်နဲ့ ဝယ်တာပါပဲ။ အဲဒီခေတ်က ဘားပြာတွေ ဘားကြောင်တွေ ခေတ်မစားသေးတော့ အများစုက ဆေးလိပ် ဖင်စီခံ ဖြစ်သွားပါတယ်။ အဲဒီဆိုင်လေးတွေကို ဦးမောင်နန္ဒာတို့လို လိုက်ပြီး စာအုပ်ကောက်တဲ့သူတွေ ရှိပါတယ်။ ဒီနေ့ အလုံ၊ နောက်နေ့ ကမာရွတ် စသည်ဖြင့် လှည့်ကောက်တာပါ။ အုပ်ချင်းဈေးနဲ့ မဟုတ်ပါဘူး။ ဆိုင်က ပိဿာ ၂ ကျပ် ဆိုပြီးကောက်ထားရင်၊ စာအုပ်သမားက တပိဿာ ၅ ကျပ် လောက် ပေးပြီး ပြန်ကောက်တာပါ။ ဘော်တယ်ဆိုင်ကလည်း ဈေးပိုရတော့ စာအုပ်သမား ပယ်ခဲ့တာတွေကိုမှ အခြားကို ပြန်ရောင်းပါတယ်။

ကျွန်တော်လည်း အခြားမြို့နယ်က ဆိုင်တွေ မရောက်ဖူးပေမယ့်၊ စမ်းချောင်း၊ မြေနီကုန်းထဲတော့ ကြုံရင် ဝင်မွှေပါတယ်။ ဦးနုရဲ့ "လူပေါ်လူဇော် လုပ်နည်း" တောင် ဘော်တယ်ဆိုင်က ရဖူးသေး။ (ကျွန်တော်က တက်ကျမ်း ဖတ်လေ့ မရှိတော့ ဆုံးအောင်တောင် မဖတ်ဖြစ်ပါဘူး၊ ပြန်ရောင်းလိုက်တယ်။)


ဘော်တယ်ဆိုင်က ရရင်တော့ အသက်သာဆုံးပေါ့။ အဟောင်းဆိုင်မှာ ရောင်းတဲ့ဈေးကလည်း ကျောင်းသား တယောက်တတ်နိုင်တဲ့  ဈေးမျိုးပါ။ ၈၈မှာ ပထမနှစ် တက်တော့ တပတ် မုန့်ဘိုး ၅
။ တပတ်ကုန်ရင် စာအုပ်ကောင်းကောင်း တအုပ် ယ်လို့ရပါတယ်။ ဘုန်းနိုင်တအုပ် ၂ -၂၅။ ဆွေလှိုင်ဦးက တစ်ကျပ်ပုံမှာပါ။ နောက် "မအေးပွင့် မြင့်မြင့်စန်း" ရုပ်ရှင်ထွက်လာပြီး၊ ပြန်ဟော့ လာပါတယ်။ ကျွန်တော် တစ်အုပ်မှ ဆုံးအောင် မဖတ်ဖူးပါ။

ဆိုင်ပြန်

အငှားဆိုင်တွေက လကျော် စာအုပ်တွေ ပြန်ရောင်းတာကို၊ ဆိုင်ပြန်လို့ ခေါ်ပါတယ်။ မြေနီကုန်းမှာလဲ ၂ ဆိုင် ၃ ဆိုင်ရှိပါတယ်။ နယ်က အငှားဆိုင်တွေက တခါပြန် ဝယ်ကြပါတယ်။ သူတို့က စာအုပ်အဟောင်း သမားတွေနဲ့ မတူပဲ၊ စီးပွားရေး သက်သက်မို့ မရင်းနှီးပါ။ အဲဒီခေတ်ကလဲ ခုလို စာအုပ်ဟောင်း စာအုပ်ကောင်းတွေ ပြန်ထုတ်တာ ခေတ်မစားသေးတော့၊ သူတို့ဆီကလဲ
ယ်စရာ သိပ်မရှိပါ။ တစ်ခါတစ်လေတော့ တ္ထုတို ပေါင်းချုပ်လိုမျိုး၊ ပေါသွပ်လိုမျိုး ရတတ်ပါတယ်။ ဒါပေမယ့် လိုင်းင်တဲ့ စာအုပ်မျိုးဆို ဈေးထဲက လူတွေက ကောက်သွားတာ များပါတယ်။

စာအုပ်ထဲက ဇာတ်လမ်းတွေ


စာအုပ်ထဲမှာ ရေးထားတဲ့ ဇာတ်လမ်းတွေကို ပြောတာ မဟုတ်ပါဘူး။ အပို ဇာတ်လမ်းလေးတွေပါ။ တချို့စာအုပ်တွေမှာ ကဗျာ အတိုအစလေးတွေ၊ မှတ်စု အတိုအစလေးတွေ ရေးထားတတ်ပါတယ်။ တခါတလေလည်း စာအုပ်ထဲမှာ ဈေးစာရင်း စာရွက်လိုမျိုး ညှပ်ပါလာတတ်ပါတယ်။ စိတ်ဝင်စား စရာပါ။


ခုထိ မှတ်မိနေသေးတဲ့ တခုက ပလတ်စတစ် အိတ်လေးနဲ့ သေချာထည့်ထားတဲ့ ဘာရွက်မှန်း မသိတဲ့ သစ်ရွက်ခြောက်လေး တရွက်ပါ။ သစ်ရွက်ပေါ်မှာ "ခင်" လို့ ရေးထားတယ်။ လက် ၂ လုံးလောက် စာရွက်ပိုင်းလေးလဲ ပါတယ်။ ဖောင်တိန်နဲ့ ရေးထားတဲ့ မိန်းကလေး လက်ရေိးုငိးုင်းလေးနဲ့ "ဒါ...ခင်လေး ကို စောင်းရေးထားတာ ပေါ့လေ ... မခံနိုင်ပေါင်" ... တဲ့။ သူတို့ဇာတ်လမ်း ဘယ်လို အဆုံးသတ် သွားတယ်တော့ မသိ၊ အဲဒါလေး ၂ ခု ကို ကျွန်တော် ၁ နှစ်လောက် သိမ်းထား ခဲ့ပါတယ်။ နောက်ဆုံး မြန်မာပြည်က ထွက်လာတော့မှ ဘယ်မှာ ကျန်နေခဲ့တယ် မသိ။
 

ရိုးရိုးချုပ်၊ ခန့်ချုပ်

စုတဲ့ စာအုပ်တွေက အခြေအနေ အမျိုးမျိုး၊ တစ်ချို့က နဂိုအဖုံးနဲ့၊ တစ်ချို့က စာအုပ် အငှားဆိုင်ကလို နောက်က ကတ်ထူ ရှေ့ကဖလင်၊ တစ်ချို့က ခန့်ချုပ်။ အစက Original အဖုံးရဲ့ တန်ဖိုး၊ ပထမနှိပ်ခြင်းရဲ့ တန်ဖိုးကို မသိသေးဘူး။ အဲဒါနဲ့ အားလုံး ဆင်တူဖြစ်အောင် ဆိုပြီး။ အကုန်လုံး ခန့်ချုပ် အပ်လိုက်တယ်။ အပ်တာက စာအုပ်အဟောင်း ရောင်းတဲ့သူတွေကို ပါပဲ။ အကုန်လုံးလောက်က စာအုပ် ချုပ်တတ်ကြတယ်။ ဆိုင်လူပါးတဲ့ အချိန်
မှာ ပြင်စရာရှိတဲ့ စာအုပ်ပြင်၊ ချုပ်စရာရှိတာ ချုပ်ကြတာပဲ။ ကျွန်တော်လဲ နောက်တော့ ချုပ်တတ်သွားပါတယ်။

ခုနက စကား ပြန်ဆက်ရရင် - ခန့်ချုပ်အပ်တော့ နဂို အဖုံးကောင်းနေတာ၊ နှမြောစရာကြီး ပြောတာကို မရဘူး အတင်းအပ်တာပဲ။ နောက်ပိုင်း နဂို အဖုံးတန်ဖိုး သိလာတော့၊ မချုပ်တော့ပါဘူး။ ဆိုင်တွေမှာ အဖုံးပါတာ တွေ့ရင် ကျွန်တော့် အဖုံးမပါတာနဲ့ လဲတယ်။ ပုဂံတိုက်ထုတ်တွေ့ရင် အခြားတိုက်ထုတ်တာနဲ့ ပြန်လဲတယ်။

အငှားဆိုင်ချုပ် ကိုတော့ သိကြမှာပါ။ ခန့်ချုပ်ဆိုတာက ဒီလိုမျိုး -


 
ကဒ်ထူပြား ၂ ခုကို ရှေ့နောက်ထည့်ပြီး အပေါ်က သားရေတု (သို့) ဗြုတ်ပါတဲ့ စက္ကူ တစ်မျိုးနဲ့ အုပ်လိုက်တာပါ။ ပြီးတော့ ရေခံ (End Paper) စက္ကူနဲ့ ထိမ်းရပါတယ်။ ပုံထဲမှာ ပြထားတဲ့နည်းက နည်းနည်း ပိုခက်တယ်။ စာအုပ်တန်းမှာ အသုံးများတာက အနှောင့်ကို ပိတ်စ (များသောအားဖြင့် အမဲ) နဲ့ ကပ်၊ ကဒ်ထူကို ပေါ်ကို စိမ်းပြာရောင် စက္ကူ အပြောင်နဲ့ ဖုံးတယ်။ ပြီးမှ နဂိုအဖုံး ရှိရင် အပေါ်က ထပ်ကပ်။ စာအုပ် ဘေးသားကို မှင်နီနဲ့ သုတ်လိုက်သေးတယ်။ (တကယ်ကတော့ ညစ်ပတ်နေတာတွေ ပျောက်အောင်။)

နောက်ပိုင်းတော့ စာအုပ်ရဲ့ နဂိုရုပ် မပျောက်အောင် ချုပ်တတ်လာတယ်။ Original အဖုံးက ကျိုးနေရင်၊ အပေါ်ဆုံး အလွှာကို ခွာ (မရရင် ရေစိမ်ခွာ)။ ပြီးတော့ ကဒ်ထူ တရွက်ကို ရေခံနဲ့တွဲပြီး ဖုံးလိုက်တယ်။ အပေါ်ကမှာ ခုနက ခွာထားတာကို ကပ်လိုက်ရင်၊ မူလ စာအုပ်အတိုင်း ဖြစ်သွားရော။ ဘေးသားတွေ မညီရင်၊ သိပ်ညစ်ပတ်နေရင်တော့ ဓားစက်မှာ သွားဖြတ်လိုက်တယ်။

အဲဒီတုန်းက စာအုပ်ကလဲ သိပ်မရှားသေး၊ စာအုပ်ရောင်းတဲ့ သူတွေ ဆိုတာကလဲ စီးပွားရေးအပြင်၊ ဝါသနာပါလို့ လုပ်ကြတာဆိုတော့၊ သိပ်ဂျီကျလို့ ကောင်းတယ်။ သူတို့ဆီက ကျွန်တော်ယ်ဖူးတဲ့ စာအုပ် သန့်သန့်လေး ရရင်၊ ဆိုင်တောင် တင်မရောင်းဘူး၊ ကျွန်တော် (အလကား မူးတင်းနဲ့) ပြန်လဲဖို့ သိမ်းပေးထားတယ်။


နောက်သူတို့လုပ်ပေးတာ တခုက စာအုပ်ဖြုတ်ရောင်းတာပါ။ ကျွန်တော်က ရန်ကုန်ဘဆွေ စုတော့၊ တ္ထုတိုက စုရခက်ပါတယ်။ ပေါင်းချုပ်တွေမှာ ပြန်ပြန်ထပ်လို့ပါ။ တချို့အပုဒ်တွေဆို လေးငါးအုပ်မှာ ပြန်ပါ ပါတယ်။ ဒီတော့ တ္ထုတို ပေါင်းချုပ် ၃-၄ အုပ်ကို ဖြုတ် ကျွန်တော့်မှာ မရှိသေးတာချည်း ရွေးပြီး ရောင်းပေးကြပါတယ်။ တစ်အုပ်စာပဲပေးရပါတယ်။ ကျွန်တော်ရွေးကျန်တာကိုမှ ဘိုင်းနင်းပြန်ချုပ်ပြီး ရောင်းပါတယ်။ အဲဒီလောက် စေတနာ ကောင်းကြပါတယ်။

ခုတော့ သူတို့လဲ ဘယ်တွေ ရောက်နေကြပြီလဲ မသိ ...

(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

Aug 6, 2009

၂၁

Yue Minjun's Execution
ဆိုဗီယက်ဟာသတပုဒ်ကို
ဖြတ်ညှပ်ကပ်လိုက်တော့
မြန်မာ့ရိုးရာဟာသဖြစ်သွားတယ်
မရီရပါဘူး ...။

အာဖရိကခေတ်ပေါ်ပန်းချီထဲမှာ
ငါ့ကိုယ်ငါ ပြန်တွေ့တယ်
သူငယ်ချင်းများစွာနဲ့ ...။

မြောက်ကိုရီးယားကျောင်းသားလေးသာ
ငါ့သူငယ်ချင်းကဗျာ ဖတ်ရရင်
မျက်ရည်ကျရှာမယ် ...။

နောင်လာမယ့် ၂၁ နှစ်မှာ
ဒီသီချင်းတွေ နောက်တခါပြန်ဖွင့်ရင်
ငါတို့ကို ခွင့်မလွှတ်ပါနဲ့ ...။   ။

တင်မင်းထက်
(၆.၈.ဝ၉)

Read more...

Aug 4, 2009

ခုတလော ...

 
blog.madrona.com
တွေးနေမိတာက
?+?= ???? ...
(ကျမ်းကိုး - အော်ပီကျယ်)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
IQ တမတ်ဖိုး၊ EQ ၁ဝပြားဖိုး အားကိုးနဲ့
တကျပ်ဖိုး အပျင်းကြီး၊ ပြင်ဖို့လည်း စိတ်မကူးမိသေး။

ကျန်းမာရေး
ဝိတ်လျော့လိုက်ရင်ကောင်းမှာ ...(ဆို-အဲလက်စ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကဗျာ တချို့ ၊ ဆောင်းပါး နည်းနည်း
ပညာရပ်ဆိုင်ရာက မုန့်ဖိုးတောင်းကောင်းရုံ (မှားလို့) လခထုတ်ကောင်းရုံ။

ရောက်နေဖြစ်တာက
အိမ်နဲ့ သိပ်မဝေးတဲ့ (ပင်လယ်နဲ့ သဲရှိလို့သာ ကမ်းခြေလို့ ခေါ်လိုက်ရတဲ့) ကမ်းခြေတခု။

ရေးဖြစ်နေတာက
ကဗျာ။ တသက်လုံးမှ ၁ဝ ပုဒ်လောက် ရေးဖူးတာ။ ခုတလော ၁ဝ ပုဒ် ပြည့်တော့မယ်။
ပင်စင် ယူလို့တောင် ရပြီ :P

နားထောင်ဖြစ်နေတာက
ရွှေပွင့်လွှာ (ကိုစောညိန်းသီချင်းများ + ကေဇော်၏ ကံစီမံရာလရောင်များ)

ရွတ်နေမိတဲ့ကဗျာက
မောင်နန္ဒ ရဲ့ မျှော်လင့်ခြင်းမိုး (အကုန်တော့ ဘယ်အလွတ်ရပါ့မလဲ)

ဖြစ်ချင်နေတာက
လက်ဖြောင့်သော သိကြားမင်း (ကျမ်းကိုး - အော်ပီကျယ်)

စားဖြစ်နေတတ်တာက
စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ ...(ဆို-အဲလက်စ်)

သနားနေမိတာက
အကိုင်းအခက်တွေကို ကိုက်ဖြတ်ကာ
"မင်္ဂလာပါ" လို့ စာလုံးဖော်ခံနေရတဲ့
ပျိုး ... ပင် ... တွေ ... (တင်မင်းထက်)

လွမ်းနေမိတာက
အပေါင်းအသင်း ၇ ယောက်ရဲ့ အကြား ခင်မင်သူ တရာကျော်နဲ့
ဘဝမှာ ရွှေရောင်တောက်ပခဲ့တဲ့ ကောလိပ်နေ့ရက်များ .. (ခင်ဝမ်း)

မေ့လျော့ပစ်နေမိတာက
လူငယ်ဘဝရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ၊
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ် ကိုး ကင်း နေ့တွေ။ ။ (တင်မင်းထက်)

ခါးသက်နေမိတာက
အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရ
တခါတလေတော့ ခါးတယ် ... (တင်မင်းထက်)

တမ်းတနေမိတာက
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြမယ့် အချိန် ...

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်တော်တာ ကိုယ်အသိဆုံး :P
(ရွှေဥဒေါင်း စကားနဲ့ဆို ကိုယ့်ကျောတောင် ကိုယ်ပြန်သပ်လိုက်ချင်သေး)

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ်ညံ့တာက အများကြီး ပိုများတာလည်း ကိုယ်အသိဆုံး :(

ဆန္ဒမရှိတဲ့နေရာ
မျက်နှာစာအုပ် (စွဲမှာစိုးလို့)
ဖဲရိုက်တာက ၃ နှစ်၊ ဘောလုံးမန်နေဂျာလုပ်တာက ၃ နှစ် ကြာခဲ့တယ်။
အခုလဲ ဖိုရမ်၊ ဘလော့ဂ် တော်လောက်ပါပြီ။ နောက်တမျိုး ထပ်မစွဲချင်တော့။

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာများအတွက်မြန်မာ နဲ့ မြန်မာကျူးပစ်မှ သူငယ်ချင်းများ စုပြီး
စာသင်ကျောင်းလေး တဆောင်ဆောက်လှူကြရန်။  (Myanmar for Myanmars)

မုန်းတီးနေမိတာက
ယောင်ထုံးကိုယ်စီနဲ့
၂ဝ၁ဝလင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။ (သစ်ကောင်းအိမ်)

ချစ်နေတာက
ဟောင်းနွမ်းမသွားတော့မယ့် အချစ်နဲ့
ပြောင်းလဲမသွားတော့မယ့် အချစ်နဲ့
မအိုမင်းတော့မယ့် အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်မယ် ... (ဆို-ရာပြည့်)

စိတ်ပျက်နေမိတာက
ကျွန်တော့် မန်နေဂျာ လက်ရေး။ (ဆရာ-ဆရာမတွေကို ပဲပင်ပေါက် လက်ရေးနဲ့
နှိပ်စက်ခဲ့သမျှ ဝဋ်လည်တယ်ပဲ သဘောထားလိုက်ပါတယ်။)

စွဲလန်းနေမိတာက
ဖိုရမ်၊ ဘလော့ဂ်၊ ယူနိုက်တက် (ကမ္ဘာတုလေးတွေ)

လိုအပ်နေတာက
ငွေက ကိုယ့်နောက်လိုက်ဖို့ ပေကတ်ကတ် လုပ်နေတုန်းမို့
ကိုယ်က ငွေနောက်လိုက်နေရတုန်း ..

တောင်းနေမိတဲ့ဆု
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ လူ့အဖြစ်ကို ကျွန်တော်ရလို၏။(ကေဇော်)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
၃၉ ပင်လယ်ပြင် ရွက်သင်္ဘော တစီး ဝင်လာတယ်
သူရဲကောင်းများက အားပါးတရ ကမ္ဘာသစ်မြင်ခဲ့ သတင်း
သူတို့ အရပ်မှာအော်နေကြ သူတို့ နှလုံးသားလေး လိုနေတယ် ... (ဆို - ခိုင်ထူး)

ဝန်ခံချင်တာက
စရေးတုန်းကတော့ မနော်တဂ်လို့သာ ရေးရတယ် ခပ်ပျင်းပျင်း။
နောက်တော့ သူ့မေးခွန်းတွေက စိတ်ဝင်စားစရာကောင်း၊
သူများတွေ ရေးထားကြတာလည်း ကောင်းဆိုတော့
စိတ်ပါလက်ပါ ရေးလိုက်တာ "စုတုခိုး" တော့ နည်းနည်းများသွားတယ်။

Read more...

Aug 3, 2009

စာအုပ်တောမှာ (၄)

ကြည်အေး နဲ့ နိုင်ဝင်းဆွေ

တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ ပြီးတော့ ကြိုက်သွားတာက ကြည်အေး။ အဲဒီတုန်းက ကြည်အေး စာအုပ်တွေ ပြန်မထွက်သေးပါဘူး။ ဟိုးတုန်းက ထုတ်တဲ့ စာအုပ်တွေ၊ တမ်းတတတ်သည်၊ ဖုန်းသက်တိုင်တို့၊ ကျမပညာသည် တို့က ပြားခြောက်ဆယ်တန် စာအုပ် ပါးပါးလေးတွေ။ ကျွန်တော်က မဂ္ဂဇင်းထဲပါဖူးရင်၊ မဂ္ဂဇင်းထဲက မူကို ရအောင်ရှာပါတယ်။ ခုနက ပြောတဲ့ ၃ အုပ် အပါအဝင် တော်တော်များများက မဂ္ဂဇင်း ဝတ္ထုရှည်။ "မောင်၊ ကိုကိုနဲ့ မြနန္ဒာ" နဲ့ "မေတ္တာမီးအိမ်" က ၃ လဆက်။


မေတ္တာမီးအိမ် (ဗဂျီအောင်စိုး)

အဲဒီတုန်းက အကြိုက်ဆုံးက အပြင်ကလူ။ "ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။" ဆိုတဲ့ အဖွင့် စာသားနဲ့တင် စွဲခဲ့တာပေါ့။

နောက် ဝတ္ထုတိုတွေကို တစ်ပုဒ်ချင်း စုရပါတယ်။ အများစုက ရှုမဝ၊ တချို့က သွေးသောက်၊ မြဝတီ နဲ့ ပေဖူးလွှာ။ မဂ္ဂဇင်းတွေက လက် ၂ လုံး ၃ လုံးထူတာကြီးတွေ။ ကဗျာတွေကိုတော့ လက်ရေးနဲ့ ကူးရပါတယ်။ ကြည်အေးကဗျာ ပေါင်းချုပ် ကို အားမာန်သစ်ကထွက်တော့ မကျေနပ်ပါ။ ပထမ အချက်က အမှား အများကြီး ပါပါတယ်။ နောက်တချက်က ကိုယ်ခက်ခက်ခဲခဲ ရထားတာလေး ပေါသွားလို့ (အဲဒီတုန်းက စိတ်ပုတ်တ
၊ အခုရောလို့တော့ မမေးကြေး)။

ကြည်အေး စုရင်း တစ်သက်တာ မိတ်ဆွေ တစ်ယောက်ရပါတယ်။ မြေနီကုန်းဈေးမှာ ကဗျာ ထိုင်ကူးနေရင်း သူ့ဆီမှာလဲ ကူးထားတာတွေ ရှိတယ်ဆိုလို့၊ သူ့အိမ်လိုက်ပြီး ကိုယ့်မရှိတာ အပြန်အလှန်ကူးကြရင်း၊ ခင်သွားတာပါ။ သူကနောက် ဒဂုန်တာရာ၊ ကြည်အေးတွေ ပြန်ထုတ်တဲ့ ယွန်းရွှေအိမ်စာပေက ကိုဇော်မြင့်ပါ။ သူ့စာအုပ်စင်က ကျွန်တော့်စင်ထက် ၃-၄ ဆ ကြီးပါတယ်။ (ကျွန်တော့်မှာ အုပ် ၅
ဝ လောက်ရှိခဲ့ပါတယ်)။

ကြည်အေး ကြိုက်မှတော့ နိုင်ဝင်းဆွေလည်း ငြိပြီပေါ့။ ထုံးစံအတိုင်း စဖတ်ဖြစ်တာက မဟူရာမေတ္တာ။ အဲဒီ စာအုပ်နဲ့ ပတ်သက်လို့ သတိရမိတာက။ စာရွက် အပြဲဖာရင်း မလုပ်တတ်သေးတော့ စာရွက်တွေ တွန့်ကုန်တာ နှမြောလွန်းလို့ တစ်ညလုံး အိပ်မရတာပါ။ (စာရွက်အပြဲတွေကို ရေပါးစက္ကူနဲ့ ဖာပါတယ်။ စုမယ့် စာအုပ်ဆို တိပ်နဲ့ မကပ်ပါနဲ့၊ ကြာရင်ပြန်ကွာသွားပြီး၊ စက္ကူလဲ ပျက်ပါတယ်။)

နိုင်ဝင်းဆွေရဲ့ နောက်ပိုင်း ဝတ္ထုတွေက လက်ဝဲ အတွေးအခေါ် သိပ်လွှမ်းနေပါပြီ။ ဒါပေမဲ့ သူ့ အနုပညာက အားကောင်းလွန်းတော့ ဖတ်လို့တော့ ကောင်းပါသေးတယ်။ ဘဝစာမျက်နှာများ ဆို ဖတ်ရတာ သိပ်မောတာပဲ။ အကြိုက်ဆုံးကတော့ ရိုးရိုးလေးဖွဲ့သွားတဲ့ နွေတည ပါ။ (ရှုမဝ သုံးလဆက်၊ နောက် စာအုပ်ပြန်ထွက်)



နွေတည (ပန်းချီ ဘရင်လေး)


ရွှေမန်းရှေ့စာအုပ်တန်း၊ ဗိုလ်ဖရက်ဒီ၊ ကဗျာဆရာမောင်နန္ဒာ

ကျွန်တော်အထိုင်ကျတဲ့ နောက်တနေရာက ရွှေမန်းနဲ့ မျက်နှာချင်းဆိုင်၊ ပဒုမ္မာကွင်းစပ်က လမ်းဘေး စာအုပ်တန်းပါ။ ဆိုင်ငှားခ မရှိတာရယ်၊ စာအုပ်ကို ဆိုင်မှာ
ကြာကြာတင် ထားရင် မိုးစို၊ နေပူနဲ့ ပျက်စီးတာရယ်ကြောင့် သူတို့က မြေနီကုန်းဈေးထက် ပိုလျော့ရောင်းပါတယ်။ သူတို့ဆီမှာ ဈေးကြီး စာအုပ်ရရင် သူတို့က မြေနီကုန်းကို သွားသွင်းပါတယ်။ ပန်းဆိုးတန်းက၊ မြေနီကုန်းက လူတွေလဲ စာအုပ်လာကောက် တတ်ပါတယ်။ စာအုပ်ဟောင်း ပြန်ရောင်းချင်တဲ့ သူတွေလဲ သူတို့ဆီ လာရောင်းတတ်ပါတယ်။ သူတို့နဲ့ ဈေးမတည့်ရင် ကျွန်တော် ယူထား လိုက်တာမျိုးလဲ ရှိပါတယ်။ ကျွန်တော်က သိမ်းဖို့ဆိုတော့ ပိုပေးနိုင်တာကိုး။

အဲဒီမှာ ဆိုင် ၄-၅ ဆိုင်ရှိပြီး လူစုံပါတယ်။ မူးရင် စာအုပ်တွေကို ဘောလုံးလုပ်ကန်တဲ့ ဒဿနိက ကျောင်းသားရှိသလို၊ အလံနီ အလင်းဝင်လဲ ရှိပါတယ်။ ကျွန်တော်လဲ တစ်နေကုန် စားတည်းချနေတာ၊ ထမင်းစားချိန်ကျ အိမ်ကို လမ်းလျောက်ပြန်၊ ပြီးရင်ပြန်လာ။ ဆိုင်ရှင်မရှိရင် ကျွန်တော် ရောင်းထားလိုက်တာပါပဲ။ ရွှေမန်းရုံဘေးမှာက စမ်းချောင်းက စာရေးဆရာတွေထိုင်တတ်တဲ့ ဇွန် လဘက်ရည်ဆိုင်။


စာအုပ်ဆိုင် အမြဲလာနေကြ သူတွေနဲ့လဲ ခင်နေပါတယ်။ သူတို့ထဲက တစ်ယောက်က ကိုဖရက်ဒီ (နာမည်ရင်းမဟုတ်)။ တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ ပျော်ပျော်ကြီး တက်နေတဲ့သူပါ။ နောက် သူလည်း စာအုပ်အဟောင်းဆိုင် ဖွင့်မယ်ဆိုတော့ သူ့အမတွေက စတီး လေးဆင့်ချိုင့်ကြီးနဲ့ ထမင်းထည့်ပေးကြပါတယ်။ သူတို့က ပြည့်စုံပေမယ့် လမ်းဘေး ဈေးရောင်းတာကို ရှက်စရာလို့ မထင်ပါ၊ သူတို့မောင် အလုပ် စိတ်ဝင်စားလာတာကို ကျေနပ်ကြပါတယ်။ တကယ်က သူ့မှာ ဒီထက်လေးနက်တဲ့ အစီအစဉ် ရှိပါတယ်။ တရက်မှာ သူ့စာအုပ်ခင်းလေးနဲ့ ထမင်းချိုင့်ကြီး ထားပြီး ပျောက်သွားပါတယ်။ တော်တော်ကြာမှ သူတောခို သွားတယ်ဆိုတာ သိကြပါတယ်။ နောက်ပိုင်းကြမှ သူ အလင်းဝင်လာတာ သတင်းစာမှာ တွေ့ပါတယ်။ သူက ထောင်ထောင်မောင်းမောင်း၊ ဥပဓိကောင်းကောင်း နဲ့ ဆိုတော့ ဗိုလ်ဖရက်ဒီ တောင် ဖြစ်ခဲ့ပါသေးတယ်။

နောက် စိတ်ဝင်စားစရာ တစ်ယောက်က မောင်နန္ဒာ ပါ။ မောင်နန္ဒာ  ဆိုပေမယ့် အသက် ၆
လောက်၊ ပိန်ပိန်ညိုညို။ ဘော်တယ်ဆိုင် ပတ်ပြီး စာအုပ်ကောက်တဲ့ အလုပ်လုပ်ပါတယ်။ အရင်းလေး ရှိရင် စာအုပ်လေး စုမိရင် စာအုပ်ခင်းလေး ခင်းလိုက်။ သူ့မိန်းမ နေမကောင်းရင် သူ့စာအုပ်ခင်းကို အချင်းချင်း တွန်းထိုးရောင်း လိုက်နဲ့ပါ။ သူက ကျွန်တော့်ကို စာအုပ်ကောင်းတွေ ညွှန်တတ်သလို၊ ကျွန်တော့်မှာ ရှိတဲ့ မကြိုက်တကြိုက် စာအုပ် အများစုကလည်း သူ့ဆီက ပါပဲ။ ကြိုပွိုင့်တောင် ဝယ်ဖူးသေး၊ ဘယ်လောက်ဖိုး ဆိုပြီးပေးထား၊ နောက်မှ စာအုပ်နဲ့ နှိမ်ယူတာပါ။ သူ့ကလောင်နာမည်က မောင်နန္ဒာ ဘဲလား၊ ဓားတောင် ထဲက နာမည်ကို စွဲပြီး ခေါ်ကြသလားတော့ မသိပါ။ နာမည်ရင်းတောင် မသိပါဘူး။ ကျွန်တော်တို့က ကဗျာဆရာမောင်နန္ဒာ လို့ပဲ ခေါ်ပါတယ်။ စာစီသမား လုပ်ဖူးတယ်တော့ ပြောပါတယ်။ သူက ဟိုတုန်းက စာရေးဆရာတွေ အကြောင်း၊ ရှားပါး စာအုပ် အကြောင်းတွေ တော်တော် သိပါတယ်။


(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP