မီးမီးချော ဘလော့ဂ်အကြောင်း ပြောတုန်းက၊ ပန်းချီအကြောင်း ပြောရင်း ကျွန်တော်လည်း ရှားရှားပါးပါး ၂ ကား ၃ ကား ဆွဲဖူးတယ် ပြောခဲ့ဖူးပါတယ်။
တကယ်က ပန်းချီဆွဲတယ် ဆိုပေမယ့် ခဲတံနဲ့ စုတ်တံနဲ့ ဆွဲတာမျိုး မဟုတ်ပါဘူး။ မတော်တဆ ဖြစ်တဲ့ Effect တွေ အားကိုးနဲ့ ဆွဲတာပါ။
ပထမဆုံးနည်းက Time တို့ Newsweek တို့ထဲက ရောင်စုံစာရွက်တွေ ဖြဲပြီး ပြန်ကပ်တဲ့ Collage နည်းပါ။ မူလပုံရဲ့ အရိပ်၊ အရုပ် နဲ့ အရောင်ကြောင့် မထင်မှတ်ပဲ ပိုကောင်း သွားတတ်ပါတယ်။ စီးပွား ဖြစ်လောက်အောင် ၂ ကား တိတိ ဆွဲဖူးတာ ခုတော့ ပြန်ရှာ မရတော့ပါ။ တကားကတော့ ခပ်လွယ်လွယ် ပန်းအိုးပုံပါ။ ရောင်စုံ စက္ကူစ သေးသေးလေးတွေကို အစုလိုက် အစုလိုက် ကပ်လိုက်တော့ ပန်းရောင်စုံ ဖြစ်ရော။ နောက်တကားကတော့ ပန်းချီကိုမြိုး ကို တုထားတာပါ။ ယောကျာ်းလေး ကိုယ်တပိုင်းပုံ၊ ဆံပင်လွင့်နေတာက တိမ်တွေ၊ ကိုယ်လုံးနေရာမှာက ကျောက်တောင်ပုံတွေ၊ ရင်ဘတ်မှာ အပေါက်တပေါက်၊ အဲဒီကမှ ရိုးတံတခု ထွက်လာပြီး နှင်းဆီတပွင့် ပွင့်နေတဲ့ပုံ။ (ပြစရာ မရှိတော့ ပြောချင်တိုင်း ပြောလို့ ရတာပေါ့။)
နောက်တနည်းကတော့ အဆင့်မြင့်နည်းပညာ တခုဖြစ်တဲ့ ဆေးစက်မှုန်လေးတွေနဲ့ ဆွဲတဲ့နည်းပါ (မူကြိုတွေမှာ သုံးလေ့ရှိပါတယ် :P)။ သားပွတ်တံနဲ့ ဆေးကိုတို့ပြီး အမှုန်လေးတွေ ဖြန်းတဲ့ နည်းပါ။ သူက ၂ မျိုး လုပ်လို့ရတယ်။ ဆိုင်းဘုတ်မှာ နာမည်ရေးသလိုမျိုး ကဒ်ပြားပေါ်မှာ ဆေးထိစေချင်တဲ့ နေရာတွေကို အပေါက်ဖေါက်ထားပြီး ဆေးနဲ့ ဖြန်းတာပါ။ ဒါမှမဟုတ် ပထမနည်းနဲ့ ပြောင်းပြန်၊ ကဒ်ကလေးတွေကို ဖြတ်ပြီး မထိစေချင်တဲ့ နေရာကို အုပ်ထားတာပါ။ ဒါမျိုးပေါ့ ..

ehow.com
အဲဒီနည်းနဲ့ ကံကော် ၂ ပွင့် ပုံဆွဲဖြစ်ပါတယ်။ အရွက်တွေ ပွင့်ဖတ်တွေ နေရာကို ကဒ်ကလေးတွေ ဖြတ်ပြီး ဖုံးထား။ ကောင်းကင် အပြာနဲ့ သစ်ရွက် အစိမ်းကို သားပွတ်တံနဲ့တို့ ပြီးတော့ ဘီးပေါ်မှာ ခြစ်ပြီး ဆေးဖြန်းပါတယ်။ ဆေးမှုန်လေးတွေ ရောသွားတော့ ကြည့်လို့ကောင်းပါတယ်။ ကံ့ကော်ဝတ်ဆံ နေရာကိုတော့ ဆေးအဝါ ထူထူပုံ၊ ဆူးချွန်နဲ့ ဆွလိုက်တော့ စက္ကူသား ပွပြီး ဝတ်ဆံနဲ့ တူသွားပါတယ်။
ကံကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ ..
ပထမဆုံး တကားကတော့ ကျွန်တော့် ကောင်မလေးဆီ ရောက်သွားတာပေါ့ (ရန်ကုန်အိမ်က နံရံမှာ ချိတ်ရက်သား ကျန်ခဲ့ပါတယ်။) နောက် ဆင်တူ ၂ ကား ထပ်ဆွဲပြီး ကျောင်းတုန်းက သူငယ်ချင်း အတွဲ ၂ တွဲ ကို မင်္ဂလာလက်ဖွဲ့ လိုက်ပါတယ်။ ထူးထူးခြားခြားလေးလည်း ဖြစ်တာပေါ့။ (လက်ဖွဲ့ဖိုးလည်း သက်သာ :P)
ဒီပုံကတော့ (ကောင်း + အေး) ကို လက်ဖွဲ့ခဲ့တဲ့ ကားပါ ..
.
Read more...