Dec 20, 2010

ကားမှတ်တိုင်

ကားမှတ်တိုင်

နောက်ထပ် ကားတစီးရောက်လာတယ်
မရင်းနှီးတဲ့လူတွေကို ထားခဲ့ပြီး
ပြန်ထွက်သွားတယ်
ဓာတ်တိုင်ရဲ့ အရိပ်မှာခိုကပ်ပြီး
ရပ်နေခဲ့တာ
ဘယ်လောက်ကြာပြီလဲလို့ မမှတ်မိတော့ဘူး
အနက်ရောင်ထီးတွေ
ခါတိုင်းထက်ပူတဲ့ နေရောင်မှာ
ကူးခတ်နေကြ
ဒီအချိန်ဆို အိမ်ကထွက်လာပြီ
ဒီအချိန်ဆို ကားပေါ်ရောက်နေပြီ
အဲဒီလို အတွေးတွေတောင်မှ
ညောင်းညာနေကြပြီ
အကြည့်ကို ခါချလိုက်တယ်
ငှက်တကောင်မှ မရှိတဲ့ကောင်းကင်
တိမ်တစတောင် မပျံတဲ့ကောင်းကင်
စကားသံတွေ သိပ်ဆူတယ်
မျက်နှာတွေက ငြီးငွေ့စေတယ်
ဘတ်(စ်)ကားမှတ်တိုင်ဆိုတာကလည်း
သက်တောင့်သက်သာ မရှိဘူး
နာရီကို ချွတ်လိုက်ပြီး
အင်္ကျီအိတ်ထဲထည့်လိုက်တယ်
ဒီနေ့ကို လွှင့်ပြစ်လိုက်ပြီးမှ
နောက်ထပ်ကားတစီး ရောက်လာတယ်
ဟိုဟိုဒီဒီ ရှာနေတဲ့
မျက်လုံးလေးတစုံကို ကောက်ရတယ်
ကြည်လင်နူးညံ့တဲ့အကြည့်
အနားကိုလှမ်းလာတဲ့
ခြေလှမ်းလေးတွေမှာ
ပန်းလေးလို တဖြည်းဖြည်းပွင့်လာတဲ့
ဂီတသံကိုကြားရတယ်။

တင်မင်းထက်
၁ဝ.၃.၉၅

(ပျောက်နေပြီထင်တဲ့ ကဗျာလေး တပုဒ်ပြန်တွေ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဘတ်(စ်)ကားမှတ်တိုင်မှာ ရေးထားတာပါ။)

10 comments:

Moe Cho Thinn December 20, 2010 12:54 PM  

အေးဟာ.. အဲဒီလိုအချိန်လေးတွေ ငါတို့ လူငယ်ဆန်ဆန် ဖြတ်သန်းဖူးကြတယ်နော်။
ကားပေါ်က ပန်းပွင့်ရေခဲတုံးလေး ဖျတ်ကနဲ ကျလာတာ ဖြစ်မယ်။ :)

ရွှေရတုမှတ်တမ်း December 20, 2010 2:58 PM  

အနားကိုလှမ်းလာတဲ့ ခြေလှမ်းလေးက ထီလှည်းလေး တွန်းလာတယ် ထင်တယ်နော်...
ဂီတသံတွေ ကြားနေရတယ်ဆိုလို့....

မြူးမြူး December 20, 2010 3:17 PM  

ရန်ကုန်ပြန်တုန်း ရန်ကုန်ကအိမ်မှာ မြေလှန်ရှာခဲ့တာလား..း)

rose December 20, 2010 5:56 PM  

ကဗျာ လာခံစားသွားတယ် ဦးထက်ရေ...ဖတ်ပြီး တစ်မျိုးလေး ရင်ထဲ ကျန်ခဲ့တယ်။ ရန်ကုန်မှာ ဘတ်စ်ကား စီးခဲ့ရတဲ့ အချိန်ကို လွမ်းသလိုလို၊ ဘ၀ ဆိုတဲ့ ခရီးသည်တွေ အားလုံးကို တင်ဆောင်ထားတဲ့ ယာဉ်ကြီးကို ရည်ညွှန်းသလိုလို ခံစားရတယ်။

ကိုအောင်(ပျူနိုင်ငံ) December 21, 2010 6:45 AM  

ကဗျာက ကောင်းတယ် ကိုတင်မင်းထက် ...

Aung Din December 28, 2010 6:52 AM  

ဟုတ်ရဲ့လား ရဲဘော်ရယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုတာ၊ အခုရေးတာဆိုရင်တော့ မောင်ရင့်မဟေသီ က ပြသနာ ရှာမယ်ထင်တယ်၊

လေးစားစွာ၊ အောင်ဒင်

ဆူးသစ် December 31, 2010 9:35 PM  

သတိရတိုင်း ကဗျာတွေ ပြန်ရှာနိုင်ပါစေဗျာ

ဂျစ်တူး ( မုံရွာ ) January 26, 2011 7:16 PM  

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆရာ့တင်မိုးတပည့်မို့ ကဗျာတွေကောင်းနေတာလားဗျာ-
ပျောက်နေတာဆိုတာရင်ထဲမှာမို့ လား--
“ကားမှတ်တိုင်” ဆိုတာ“မာလာဆောင်”ရှေ့ က
ကားမှတ်တိုင်ကလေးကိုလွမ်းမိသား-ကျောင်းအဆင်းမှာ
မျက်နှာချင်းဆိုင်ကားမှတ်တိုင်ကနေကောင်မလေးတွေကို
နေ့ တိုင်းကြည့်ကြည့်နေရတာသိပ့်သတိရတာဘဲဗျာ-

T T Sweet February 1, 2011 2:26 PM  

ခုရေးတာမှတ်လို့
ညက်လုံးလေးတစ်စုံဆိုတာနဲ့ အိုင်းရစ်လေပြေဦးလေးအစား ရန်လာထောင်တာ ...

nelayne September 20, 2011 12:45 PM  

ငှက်တကောင်မှ မရှိတဲ့ကောင်းကင်
တိမ်တစတောင် မပျံတဲ့ကောင်းကင်
စကားသံတွေ သိပ်ဆူတယ်

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP