Jan 25, 2013

ရေသေ

တခြားသူတွေလိုပါပဲ
ကိုယ့်ဖာသာပြန်တည်ဆောက်ရင်း ပျောက်ဆုံး

ရန်သူနဲ့ မိတ်ဆွေမသဲကွဲတော့တဲ့အခါ
ကျောချင်းကပ်ထားရမှလား ကျောခိုင်းသွားရမှာလား

ပဲ့တင်သံကြားသမျှ လိုက်ပဲ့တင်နေမိတော့
ဆိုစရာသီချင်းသစ်လည်း မရှိတော့

ပျောက်ဆုံးရင်းနောက်တခါ ပြန်တည်ဆောက်
တခြားသူတွေလိုပါပဲ

တင်မင်းထက်
၂၃၀၁၁၃

Jan 10, 2013

ပျော်လို့ရေးတဲ့ကဗျာ


ပျော်စရာမကောင်းဘူးလား
မနက်စောစော အိပ်ရာကထ
ပုံစံတကျဇွန်ဘီတွေလို
အိမ်ကတန်းစီထွက်လာကြ။

ပျော်စရာမကောင်းဘူးလား
မီးလန့်ရာကို ပြေးလိုက်နေရတဲ့
မီးသတ်သမားလို တနေ့တာ
ကိုယ့်ဖာသာကိုယ် မီးသတ်သမားလား
မီးသတ်လှေကားလား မီးသတ်ကားလား
မသိတော့တဲ့ အထိ။

ပျော်စရာမကောင်းဘူးလား
ဂိုဒေါင်ငှားစားတဲ့သူလို
ဘဝကို ငှားစားကြ
တနေ့ဘယ်လောက် တလဘယ်လောက်
တဘဝလုံးဘယ်လောက်။

ပျော်စရာမကောင်းဘူးလား
ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရင်း
ချစ်ကြည်ညိုစရာကောင်းလွန်းလို့
လက်သီးတွေသာ ပစ်သွင်းလိုက်ရ။

တင်မင်းထက် 
ဝ၉.ဝ၁.၁၃

မပြည့်အိုး

မြေသားဘဝ အသွားအပြန်ခဏ
ကွဲလွယ်ရှလွယ်

သူလိုငါလို အပြောက်အမွန်းမျှသာ
လူးကာလိမ့်ကာ

ရေတဝက်နဲ့  ပဲ့တင်ထပ်ပြ
နာနာကျင်ကျင်

တင်မင်းထက်
၀၈.၀၁.၁၃

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP