May 29, 2013

မဖွဲ့နွဲ့ကြကြေး

ရီဖို့မောဖို့
ဒီလောက်ပြင်းထန်တဲ့စကားလုံးတွေ လိုလို့လား။

ငိုဖို့ကြွေးဖို့
ဒီလောက်သိုင်းဝိုင်းတဲ့ဇာတ်ကွက်တွေ လိုအပ်လား။

အရယ်ရဆုံးပြက်လုံးတွေဟာ
ငါတို့ရဲ့ ဘဝတွေကို
အမှန်အတိုင်းပြန်ပြောပြတာပါ။

အငိုရဆုံးဇာတ်ဆိုတာကလည်း
ငါတို့ရဲ့ အဖြစ်အပျက်တွေကို
အရင်းအတိုင်းဖောက်သည်ချတာပါပဲ။

မီးပေါင်လေး နည်းနည်းလျော့လိုက်
အရောင်လေး နည်းနည်းချလိုက်
ငယ်ငယ်တုန်းကလက်ဖက်ရည်ဆိုင်ကိုပဲ
သတိရမိတော့တယ်။

တင်မင်းထက်
(၂ဝ၁၃)

အာလူးကောက်သူများ

မသိနားမလည်ခြင်းဟာ
တခါတခါ အရသာရှိပါတယ်။

ကော်ဖီစစ်စစ် မစစ်စစ်
ကော်ဖီမစ်ပဲ စွဲနေလေတော့
ဘဝကို လွယ်လွယ်ကောက်မော့လိုက်။

အပျော်ဖတ်တွေဆိုတာက
တကယ်ပျော်ဖို့ကောင်းပြီး
ရောင်းတန်းဝင်ပန်းချီကားတွေကလည်း
ရောင်းပန်းဝယ်ပန်းလှတယ်။

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း
ဘာတခုမှ မမြည်းစမ်းခဲ့ရတော့
ပြန်ပြန်နွှေးပြီးကျွေးတဲ့ ကတိတွေက
ဝါးရင်း ဝါးရင်း ချိုမြလာသလိုလို။

ခပ်နက်နက်တူးကြည့်လိုက်ရင်
ရွှေထွက်မှာလား မြွေထွက်မှာလား
မစဉ်းစားချင်တော့တဲ့အခါ
အာလူးသီးတွေသာ ပိုက်ပြန်လာခဲ့ရ။

တင်မင်းထက်
၂ဝ၁၃


 (Idea, June 2013)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP