Jan 23, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၁)

ကဗျာမြစ်များ ဆုံစည်းဝေးကွာ


photo: www.cristcyan.cc.cc

ပင်လယ်

မြစ်တွေက
ငါ့ဆီကျမှ
ချစ်ခြင်းဆုံခွင့်ရသတဲ့ ...။
ငါကတော့ ...
အဖော်မဲ့ပေါ့။

နီမာရှင်း
(တမိုးထဲအောက်မှာ၊ ၁၉၉၄)

သူငယ်ချင်းကတော့ "ပင်လယ်" ရယ်လို့ ဖွဲ့ခဲ့ပေမယ့် ၁၅ နှစ် ကြာတဲ့ တနေ့မှာ သူ ပြန်ဖတ်မိတော့ သူတို့တတွေ စီးဆင်းခဲ့ကြ၊ ဆုံစည်းခဲ့ကြ၊ ခွဲခွာခဲ့ကြရာ၊ ခုချိန်မှာ ပင်လယ်ထက်ပင် အဖော်မဲ့နေတဲ့ အချည်းနှီး ကံ့ကော်တို့ကို အထီးတည်း ပွင့်နေရသော မြကျွန်းညို တခွင်ကို လွမ်းမိပါတော့သည်။

ဟိုးတောင်ပေါ်က နှင်းငွေ့များကို သယ်ဆောင်လာသူ၊ သဲမုန်တိုင်းများနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့ရသူ၊ မီးလောင်နေသော ယာခင်းများကြားမှ တိတ်တဆိတ် ဖြတ်သန်းခဲ့သူ၊ ညိုပြာပြာ လတာပြင်ခြေရင်းက ဗေဒါပန်းများ ပန်ဆင်လာသူ။ သူတို့အားလုံး တူညီသည့် အချက်ကတော့ သူတို့ခေတ်က ရေစီးကြမ်းသည်။

သူတို့သည် ပင်လယ်၊ ပင်လယ်သည် သူတို့ ... ဖြစ်ခဲ့။

ခုတော့ ... ဆုံစည်းဝေးကွာ။

* * *

(စဖြစ်သွားအောင် ပို့စ်တင်ထားလိုက်သော်လည်း သိပ်တော့ မြန်မယ် မဟုတ်ပါ။ စကားပြေ မကောင်းလှတာလည်း တကြောင်း၊ သေသချာချာ ပြန်ဖတ် ပြန်ပြင်ချင်တာလည်း တကြောင်းကြောင့်၊ တချို့ အပိုင်းတွေ ပြီးပေမယ့် ပြန်ဖတ် ပြန်ပြင်နေပါသည်။ တီချယ်မေငြိမ်း ရဲ့ "မြသီလာအလွမ်းပြေ" ဖတ်ရကတည်းက ရေးချင်နေခဲ့တာ၊ မကေသွယ် ရဲ့ "စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်" အပြီးမှာတော့ ရေးဖြစ်သွားပါတယ်။

ကျွန်တော် ကျင်လည်ခဲ့တဲ့ ၉၁-၉၅ ကာလက ကျောင်းထဲက လက်ရေးကဗျာ စာအုပ်လေးတွေ အကြောင်း၊ စာအုပ် အတူလုပ်ခဲ့တဲ့ သူငယ်ချင်းများ အကြောင်းကို ရေးမှာပါ။ မှတ်မိသလောက်ပေါ့။)

8 comments:

johnmoeeain,  January 23, 2010 at 4:27 AM  

သူ့ ရင်ခွင်မှာ အားလုံးက ၀ရုန်းသုန်းကား ဆူညံ
ချစ်ခြင်းကတော့ တိတ်တဆိတ်ပေါ့
ပင်လယ်....
အထီးမကျန်သလိုနဲ့
အထီးကျန်နေတယ်.....။

ရွှေရတုမှတ်တမ်း,  January 23, 2010 at 7:16 AM  

ပင်လယ်အော်သံလဲတိတ်ဆိတ်နေပေါ့...

မေငြိမ်း,  January 23, 2010 at 9:03 AM  

အင်း မြသီလာကတော့ နတ်ကြီးတယ် ငထက်ရေ.. တီချယ်ကြီးတောင် လက်ကုန်သွားသလိုပဲ.. ခုထိ မြသီလာကိုပဲ ဆက်ရေးချင်နေပြီး တခြား ဘာကမှ တိုးမပေါက်တော့..။ ခုထိ လွမ်းမကုန်...။

မေငြိမ်း,  January 23, 2010 at 9:05 AM  

ဟုတ်တယ်.. တကယ်ပဲ မြသီလာကသာ ပင်လယ်..။

MANORHARY,  January 23, 2010 at 4:29 PM  

ငါတို့စီးဆင်းခဲ့ကြဖူး
ငါတို့လှိုင်းထန်ခဲ့ကြဖူး
ငါတို့ကမ်းမဲ့ခဲ့ကြဖူးတဲ့
ပင်... လယ် ...
ကံ့ကော်ပင်လယ်လို့မှတ်ပြီး...
နေပျော်ခဲ့ဖူးတာလေးက အမြတ်ပေါ့ဟာ ..

နွေဆူးလင်္ကာ,  January 23, 2010 at 8:29 PM  

ကဗျာလေးက လှတယ်နော်။ ပင်လယ်ဆိုတာ ဒဏ်ရာတွေကို ဟိုးအနက်ရှိုင်းဆုံးမှာ သိုဝှက်သိမ်းဆည်းပြီး တည်ငြိမ်ချင်ယောင် ဆောင်နေရဲ့။

kay,  January 26, 2010 at 12:49 AM  

စပြီ ဆိုလို့.. ၀မ်းသာပါတယ်..
စောင့်ဖတ်ရပြီပေါ့..တခါ..း)

tin min htet,  February 2, 2010 at 11:33 PM  

မဂျွန်မိုးအိမ် နဲ့ ဘကျောက် - ခုတော့ ပင်လယ်က တိတ်ဆိတ်နေပေမယ့်၊
မနော် - ပြောသလို ကံ့ကော်ပင်လယ်မှာ သူငယ်ချင်းတတွေနဲ့ အစုန်အဆန် မျောခဲ့ဖူးတာ အမြတ်ပါပဲ။
ကိုနွေဆူး - နီမာရှင်းက ကျွန်တော်တို့ နှစ်တွေမှာ ကျွန်တော် အကြိုက်ဆုံး တယောက်ပါပဲ။ ခုတော့ လုံးလုံးပျောက်နေတယ်။
မကေ - စတော့ စလိုက်တာပဲ။ ဘယ်တော့ ဆုံးမလဲသာ မသိတာ
တီချယ်ကြီး - ကျွန်တော်ကတော့ ရေးချင်တာလေးတွေချည်း ရွေးရေးမှာ စိတ်မပင်ပန်းဘူးထင်ထားမိတယ်။ တကယ်ရေးတော့ မောသား။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP