Jan 25, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၂)


ကျွန်တော် အာအိုင်တီ စတက်တော့ ၁၉၈၈။ အမှောင်ကို တွန်းလှန်ဖို့ ကြိုးစားကြ ...

"မီးဒုတ် ... မီးဒုတ် ... ရှို့ရှို့" ဆိုသည့် အထဲတွင် ကျွန်တော်က ဖယောင်းတတိုင်မျှသာ။ ရောင်နီကို မြင်ခဲ့ကြ။ အဲဒီနောက်မှာတော့ အမှောင်၊ ပိန်းပိတ်အောင် မှောင်သည့် အမှောင်ခေတ်။

တက္ကသိုလ်ဆိုတာ ဘာမှန်း မသိသေးခင် ကျောင်း ၃ နှစ် ပိတ်သွားခဲ့။ ပိတောက်တွေလှိုင်ခဲ့၊ ခမောက်တွေနိုင်ခဲ့။ ဒါကုန်ရင် ဖျာပုံပြန်မယ် ဆိုတဲ့သူတွေကလည်း၊ တနိုင်ငံလုံး မကုန်သေးလို့လားတော့ မသိ မပြန်တော့။ ကျွန်တော်ကတော့ စာအုပ် အဟောင်းတန်းမှာ စာအုပ်မွှေရင်း စစ်တုရင် ထိုးရင်း၊ အိမ်ကပ်ရင် ပြီးရောဆိုပြီး အမေခွင့်ပြုထားသည့် ဖဲဝိုင်းမှာ သူငယ်ချင်းတွေနဲ့ ရှိုးရိုက်ရင်း။

လူငယ်ဘဝရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ်   ကိုး   ကင်း   နေ့တွေ။

တင်မင်းထက်
(၇၁-၉၃၊ ရာစုသစ်မြစ်ကျဉ်း ၂၊ ၁၉၉၃)

၁၉၉၁ မှာ ကျောင်းတွေ ပြန်ဖွင့်၊ အရင်က ဖတ်ဖူး ကြားဖူးခဲ့တဲ့ "ဘဝမှာ ရွှေရောင်တောက်ပခဲ့တဲ့ ကောလိပ်နေ့ရက်များ" နဲ့တော့ မတူတော့ပေ။ သူငယ်ချင်း တချို့ရဲ့ ထိုင်ခုံနေရာတွေ လစ်လပ်၊ ကျောင်းသားနံ့ မနံတဲ့ တစိမ်းတချို့က ကျောင်းခန်းထဲမှာ။ နောက်တော့လည်း နွေးအေးမှာ ဆုံစည်းရာမှာ ထိုင်ရင်း၊ ကျောင်းရဲ့ ရှားပါးဖြစ်တဲ့ မိန်းကလေးများကို စက္ကူမြားနဲ့ ပစ်ရင်း၊ အာစီတူးကို ဟိုင်းလပ်ကား အမိုးပေါ်ကနေ သက်စွန့်ဆံဖျား သွားကြရင်း ပျော်လာပါတယ်။

တသက်တာ ပေါင်းရမယ့် သူငယ်ချင်း တယောက်ရခဲ့ ... "မိုးသွေး"

ကျွန်တော့်ထက် စာဖတ်နာသူ။ ကဗျာတွေ ဗလာစာအုပ်နဲ့ အပြည့်ရေးထားသူ။ လက်ဝဲဆန်တဲ့ စာရေးဆရာ တယောက်ရဲ့သား။ ကဗျာဆရာ၊ စာရေးဆရာ လုပ်မယ့်သူတဲ့။ ရခိုင်ရိုးမကိုလည်း ခြေလျင်ဖြတ်ချင်သေးသတဲ့။ ကျွန်တော်ကတော့ ဘာဖြစ်ချင်မှန်း မသိသေးသူ။

***

ကျွန်တော်တို့နှစ်က သိပ္ပံ-ဝိဇ္ဇာခွဲသည့် စနစ်သစ် ပထမဆုံးနှစ်၊ ဒီတော့ အင်စတီကျု မမှီလိုက်သည့် မိန်းကလေးများက အရင်နှစ်တွေလို အီကိုမှာ မစုဘဲ၊ ရူပ နဲ့ ဓာတုမှာ သွားစုနေကြသည်။ လူစည်ကားသည့် အဲဒီ အဆောင်တွေရဲ့ အဆုံး အဆောင်ကန်တင်းဘက် အထွက်မှာက သူတို့ မဲဇာလို့ ခေါ်သည့် ဘူမိဆောင်။ အစဉ်အဆက် ပေးထားကြသည့် နာမည်လေးတွေက လှသည်၊ ဘူမိကို မဲဇာ၊ စက်ဝိုင်းပုံ သီရေတာဖြစ်သည့် သင်္ချာဆောင်ကို မျောက်ရွာ၊ မိန်းကလေးတွေ ကျောင်းကား စောင့်ကြသည့် ကျောင်းထိပ်က ကုန်းလျောလေးကိုတော့ လင်မျှော်ကုန်း တဲ့။

မဲဇာမှာက ကျွန်တော်နဲ့ ရင်းနှီးသူ မှုန်ကြီး နဲ့ တွတ်ပီလို့ခေါ်ကြသည့် ကျော်သီဟ ရှိသည်။ သူတို့ ၂ ယောက်နဲ့ ပတ်သက်ပြီး ကိုနေလင်း စသည့် အဆောင် ကျောင်းသားများနှင့်ပါ တွဲဖြစ်သည်။ မေဂျာမတူ၊ ဇာတိမတူပေမယ့် ကျောင်းသားချင်းမို့ ရင်းနှီးခင်မင်လွယ်သည်။

ဘူမိမှာ ဆရာ့ သမီး ချိုသင်းလည်း ရှိသည်။ ကျောင်းဖွင့်စ သူတို့ဆီ သွားနှုတ်ဆက်တော့ စာသင်နေချိန်။ ကျောက်သင်ပုန်းဘေး အတန်းနဲ့ မျက်နှာချင်းဆိုင် ပြတင်းပေါက်ကနေ အတန်းထဲကို ကြည့်လိုက်တော့ တွေ့ပါပြီ။ ချိုသင်း၊ မိချော နဲ့ နိုင်နိုင်တို့ တန်းစီထိုင်နေကြတာ မျက်နှာချိုချို ဝိုင်းဝိုင်းလေးတွေနှင့်မို့ ပစ်တိုင်းထောင်လေး ၃ ရုပ် တန်းစီ ထောင်ထားတာနှင့်ပင် တူနေသေးသည်။

***

ကဗျာ စရေးဖြစ်သည်။ မိုးသွေးကို ကျွန်တော့် ကဗျာ ပေးဖတ်ရင်း လက်ရေးကဗျာစာအုပ် လုပ်ကြမယ်လို့ တိုင်ပင်ဖြစ်သည်။ ၁၉၉၁ ပြန်ဖွင့်တာက သုံးလသာ၊ နောက် ဒုတိယနှစ် အတက် ၁၉၉၁ နှစ်ကုန်ပိုင်းမှာပဲ ကျောင်းတွေ ရက်ရှည်ပိတ်သွား ပြန်သည်။

ကျောင်းတွေပိတ်တုန်း မိုးသွေး ဆီကိုတော့ တခါတလေ ရောက်ဖြစ်သည်။ မိုးသွေး အခန်းလေးက ပုံနှိပ်တိုက်၏ အပေါ်ထပ် ခပ်မှောင်မှောင် အခန်းလေး။ အေးအေးဆေးဆေး ရှိသည်။ အရင် စာအုပ်ထုတ်ဝေရေး လုပ်စဉ်က သူတို့တိုက်မှ ထုတ်ခဲ့သည့် နိုင်ဝင်းဆွေ စာအုပ်တချို့နှင့် အခြားစာအုပ်တွေရှိသည်။

မိုးသွေး ကဗျာရေးသည့် မှတ်စုစာအုပ်ကို ငှားလာပြီး ဖတ်နေစဉ်မှာပဲ မိုးသွေး ဆေးရုံတက်ရသည်ဟု ကြားသည်။ တပတ်လောက် အကြာမှာတော့ -

နှင်းဆီ ဈာပန

အပိုင်း (က)
နှင်းဆီဟာ နာကျင်နေတယ်။
နှင်းဆီဟာ ကြေကွဲနေတယ်။
နှင်းဆီဟာ သတိရနေတယ်။
 

အရောင်စုံ တိမ်တွေအောက်မှာ ...
ပန်းရိုင်းပွင့်တွေကြားမှာ ...
အရည်ပျော် ဆီးနှင်းပွင့်တွေလို
အေးစက်တဲ့ညရဲ့ ရယ်သံလို
ရိုးသားတဲ့ ကဗျာတပုဒ်ရဲ့
သွားရာလမ်းလို
ဓားတလက်ဟာ ရင်ဘတ်ထဲကို
ခပ်နက်နက် စူးဝင်ခဲ့ပြီ
ရိုးသားခြင်းဟာ ...
မင်းတို့အတွက် ဆူးတချောင်းလား ...။

သစ္စာတရားဟာ ...
မင်းတို့အတွက် အဆိပ်ဖြစ်နေမလား။
 

ဘာပဲဖြစ်ဖြစ်
သွေးတစက်နဲ့ မျက်ရည်တစ
တန်ဖိုးခြင်း အတူတူပါပဲ
တစုံတရာကို သွေးထွက်စေမှ
ရာဇဝတ်မှု မဟုတ်ပါဘူး။
မျက်ရည် ကျအောင် လုပ်ရင်လဲ
ရာဇဝတ်မှုပါပဲ။
မျက်ရည်တစက်ဟာ
သွေးစက်ပေါင်းများစွာ ဖြစ်စေနိုင်ရဲ့။ 

မျှော်လင့်ခြင်းတွေနဲ့
နှင်းဆီဟာ တက်ကြွခဲ့တယ်။
အင်အားသစ်တွေနဲ့
နှင်းဆီဟာ ပျော်ရွှင်ခဲ့တယ်။
လောကကို
မြတ်နိုးခြင်း မျက်လုံးတွေနဲ့ ကြည့်ခဲ့တယ်။
စိတ်ကူးယဉ် အိပ်မက်တွေနဲ့ နှင်းဆီ။
နေ့သစ်ကို စောင့်မျှော်နေတဲ့ နှင်းဆီ။
ရင်ခုန်ခြင်း နှင်းဆီ။

အပိုင်း (ခ)
နှင်းဆီဟာ နာကျင်နေတယ်။
နှင်းဆီဟာ ကြေကွဲနေတယ်။
နှင်းဆီဟာ သတိရနေတယ်။
နှင်း ဆီ သေ သွား ပြီ။ ။

မိုးသွေး
(နှင်းဆီဈာပန၊ ၁၉၉၁)

၁၉၉၂ မေ၊ အသက် ၂၁ နှစ် မှာပဲ မိုးသွေး ကွယ်လွန်ခဲ့ပါတယ်။ ဒီကမ္ဘာမြေမှာ နေထိုင်သွားတယ်ဆိုတဲ့ သက်သေအဖြစ် ကဗျာ တချို့ ချန်ခဲ့ပါတယ်။

***

(ဆက်ရန် ..)

11 comments:

kay January 26, 2010 at 1:03 AM  

ဖတ်ကောင်းပြီဗျို့.. နဲနဲလေး ပိုရေးပါ..း)
ကိုတွတ်ပီ..ကိုနေလင်း..မချော..မနိုင်.. မြင်ယောင် သတိရလျက်..

ရွှေရတုမှတ်တမ်း January 26, 2010 at 6:38 AM  

ကိုတင်မင်းထက်ရေ...၁၀၀ ပြည့်အောင်တော့ရေးဗျာ..
မကေလိုတော့နဲနဲ နဲ့ရပ်မပစ်နဲ့

ငြိမ်းဝေ January 26, 2010 at 9:56 AM  

ခင်ဗျားရဲ့ သူငယ်ချင်း မိုးသွေး အတွက် ကျနော် ကြေကွဲမိတယ်။ သူဟာ တကယ်ပဲ ကမ္ဘာမြေကို ချစ်ခြင်းများနဲ့ နှုတ်ဆက်သွားတဲ့ နာမကျန်းသည် အိုနှင်းဆီပါ..။ ကျနော်တို့ ဒီလိုပဲ လှပစွာ ကြေကွဲကြရတော့မှာလား..။

Unknown January 26, 2010 at 4:53 PM  

ကိုထက်... သူ့အိမ်ကို ပြန်ပေးလိုက်ရတယ်ဆိုတဲ့ သူ့လက်ရေးမူကဗျာစာအုပ်ပြန်ရပီလား...
မရသေးရင် ကြိုးစားဆက်သွယ်ပြီး တောင်းကြည့်ပါလား...
သူ့ကဗျာတွေအားလုံး နှစ်ခြိုက်မိတယ်...
း-)

နွေဆူးလင်္ကာ January 26, 2010 at 8:19 PM  

အော် ငယ်ငယ်ရွယ်ရွယ် ကဗျာကောင်းတစ်ပုဒ် နှင်းဆီလို လွှင့်ကြွေခဲ့ဖူးပါလားနော်။ ကျနော်လည်း ဝတ္တုတွေထဲကလို မဟုတ်တဲ့ ကျောင်းတော်ကြီးတွေထဲမှာ စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။

johnmoeeain January 26, 2010 at 11:38 PM  

"ကဗျာမြစ်များ ဆုံစည်းဝေးကွာ "

မျှော်နေပါ့မယ်.....

လူငယ်ဘဝရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ် ကိုး ကင်း နေ့တွေ... က ရှိမြဲ.. ရှိနေဆဲ ဖြစ်မယ်ထင်တယ်....။ ဒါပေမယ့်... တစ်ခါ တစ်ခါ ခုနောက်ပိုင်း GTC တွေ TU တွေမှာ မြင်နေရတဲ့... ဖဲဝိုင်း ဆိုတဲ့ အဓိပ္ပါယ်အတွက် စိတ်တော့ မကောင်းဖူး...။

MANORHARY January 28, 2010 at 3:31 PM  

တစ်မိုးတည်းအောက်မှာ ... မှာ မိုးသွေးကို စသိတော့
သူမရှိတော့ဘူး။ ကျောင်းသားနံ့မရှိတဲ့ သူစိမ်းတွေတဲ့
တစ်ခုခုကိုပြေးမြင်မိသလိုပဲ ...
အဲဒီတုန်းက ချောဆီသွားရင်း ချိုသင်းတို့နဲ့တွေ့ခဲ့ဖူးတာ
သတိရတယ်။ ဘူမိခန်းမှာ အမ မေငြိမ်း စာသင်တယ် လာကြည့်ဆိုတဲ့ မိချောရဲ့ သတင်းပေးမှုနဲ့ ရောက်ခဲ့တာလေ။
ကိုယ့်အလှည့်ကျ ဆက်လွမ်းနိုင်ပါ့မလားပဲ ..း(

Nay Lin February 1, 2010 at 10:40 PM  

ငထက်..

ကောင်းပါလေ့..ငါကတော့ ဘွဲ့နှင်းသဘင်ရှေ့ က ခြင်္သေံ့ပေါ်ခွစီးရတာကြိုက်တဲ့..
(ဇာတိများ ပြောပါတယ်..ဟား..ဟား)

ခြင်္သေံ့ဆိုတော့ အင်္ဂါံသားသမီးများဝေးဝေးရှောင်သင့်ပါတယ်..:)

စကားပြောရင် မျက်မှန်ပင့်တင်
ပြီးပြောလေ့ရှိတဲ့...

နဖူးပြောင်ပြောင်(မဟာနဖူးလို့ဆိုလိုချင်တာပါ)ပုဂ္ဂိုလ်ကိုမှတ်မိနေသေးတယ်..:)

tin min htet February 2, 2010 at 11:45 PM  

မကေ - ချောချောနဲ့ ကျွန်တော်နဲ့က ငယ်သူငယ်ချင်း။ မြို့မက ထွက်တာလေ။

ဘကျောက်ရေ - ပို့စ်တရာတော့ ပြည့်မပြည့် မသိဘူး။ အသက်တရာထိတော့ ရေးချင်သား။

ကိုငြိမ်းဝေ၊ မစုချစ်၊ ကိုနွေဆူး - ကျေးဇူးပါ။ မိုးသွေး ကဗျာစာအုပ်တော့ ဒီတခါ ရန်ကုန် ပြန်ရောက်ရင် သွားမေးကြည့်ဦးမယ်။

မဂျွန်မိုးအိမ် - တစ် ကိုး ကင်း အဖြစ်ဆိုးခြင်း။ ကျွန်တော် အဆောင်မှာတော့ တခါမှ မရိုက်ဖူးဘူး။ ကျောင်းသားအရွယ်မှာ အပျော်သဘောလောက်ကတော့ ရှိကြတာပါပဲ။ နောက်ပိုင်းမှာ အကြီးအကျယ် ဝိုင်းတွေ ဖြစ်တယ်ဆိုတာက၊ ကျောင်းသားဘဝတွေ ကျောင်းသားလို ပျော်စရာ၊ စိတ်ဝင်စားစရာတွေ မရှိလို့ အခြားဖက်က အပျော်ရှာကြတာလည်း တပိုင်းပါမှာပါ။

မနော် - ကျောင်းသားနံ့မနံတဲ့ တစိမ်းတွေ ဆိုတာက သိသိသာသာ သူတွေပါ။ မသိသာတဲ့ သူတွေလည်း ရှိသေးတယ်လေ၊ မျက်စိထဲ မြင်လာတယ် မဟုတ်လား။

ကိုနေလင်း - လာဖတ်လို့ ဝမ်းသာပါတယ်။ ခြင်္သေ့စီးတာ ကျွန်တော်လည်း မှတ်မိနေတယ်။ (စိုးစိုးလည်း ပါတယ်ထင်တယ်။) သေချာမှတ်မိရင် ကျွန်တော့်ကို ပြောပြပါဦး။

Moe Cho Thinn February 6, 2010 at 7:15 AM  

ငါအခုမှ ဖတ်မိတာ..
နင်ရေးတော့ လွမ်းရအုံးမှာပေါ့။

(ပစ်တိုင်းထောင်တော့ ပစ်လိုက်တိုင်း ထောင်မတ်နေနိုင်အောင် ကြိုးစားဆဲ သူငယ်ချင်းရေ့..)

မေငြိမ်း February 8, 2010 at 7:02 PM  

မြကျွန်းညိုညိုနဲ့ ပတ်သက်ရင် ခုထိ စိတ်မခိုင်သေးဘူး..။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဘ၀ဆိုတဲ့ အသိကိုက နာကျင်.. ကြေကွဲစရာ...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP