Feb 5, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၃)

မိုးသွေး ကွယ်လွန်တော့ ကဗျာစာအုပ်က ကျွန်တော့်ဆီမှာ ကျန်ခဲ့သည်။ ဒါပေမဲ့ သူ့အိမ်က သိမ်းထားချင်မှာပဲ ဆိုပြီး ရက်လည်နေ့မှာ ပေးလိုက်မိသည်။ ထူပူနေချိန်မို့ ကဗျာများကို မိတ္တူ ကူးထားဖို့ လုံးလုံး သတိမရလိုက်။ ကဗျာစာအုပ်လုပ်ရင် ထည့်ဖို့ဆိုပြီး သူ နှင့် ကျွန်တော် ရွေးထားသည့် ၄-၅ ပုဒ် သာ လက်ထဲမှာ ကျန်ခဲ့သည်။

မိုးသွေး ရက်လည်မှာ ကျောင်းပိတ်ထားလို့ သိပ်မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်း တော်တော်များများ ဆုံဖြစ်ကြသည်။ သူ့ သူငယ်ချင်း တော်တော်များများသည် ကျွန်တော့်နှင့်လည်း သူငယ်ချင်းများ ဖြစ်ကြသည်။ တကယ်တော့ ရန်ကုန်သည် ကျဉ်းကျဉ်းလေးသာဖြစ်သည်။ တက္ကသိုလ် ဆိုတာကတော့ ပိုတောင်ကျဉ်းသေးသည်။ ဘူမိမှ မှုန်ကြီး နဲ့ ကျော်သီဟက မိုးသွေးနဲ့ တကျောင်းထဲ ထွက်သူများ ဖြစ်ကြသည်။ လူတော့ သိပ်မစုံ အာအိုင်တီကပဲဖြစ်သည့် ကောင်းထက်က အထဲမှာ။ ကိုနေလင်းလည်း အဆောင်မှာ ဝင်ဖမ်းလို့ ပါသွားတယ်လို့ ဘူမိကလူတွေ ပြောပါတယ်။

အဲဒီညက သူငယ်ချင်း အယောက် ၁၄-၅ ယောက် အုပ်စုလိုက်ကြီး ခြေဦးတည့်ရာ လျှောက်သွား နေမိကြသည်။ ကျောက်မြောင်းကနေ ပုဇွန်ထောင် ပန်းခြံထဲက အရက်ဆိုင် ရောက်ကြတာ၊ ကန်တော်ကြီး ကန်ပတ် တံတားလေးမှာ သွားထိုင်ခဲ့ကြတာ ကိုတော့ မှတ်မိနေပါသည်။

အာအိုင်တီကန်တင်းက အပြန် တနေ့လည်၊ အက်ဖ်ဆောင်နားက ကံ့ကော်ပင်ရိပ် မြက်ခင်းမှာ အိပ်ရင်း မိုးသွေးနဲ့ ကျွန်တော် စကားပြောခဲ့တဲ့ အကြောင်း၊ သူ စိတ်ဝင်စားနေသည့် ဆရာမလေး နေ့လည်က သူ့ ရက်လည်ကို လာသည့် အကြောင်း စသည်ဖြင့် မိုးအလင်း စကားပြောဖြစ်ကြပါသည်။

***

၁၉၉၂ နှစ်ကုန်ပိုင်းလောက်မှာ ကျောင်းတွေ ပြန်ဖွင့်တယ်။ ကျောင်းမဖွင့်မှီမှာ နှစ်ရှည် ထောင်ဒဏ်ချထားခဲ့သူ အများစုကို ပြန်လွှတ်ပေးလိုက်လို့ ကျွန်တော်တို့နဲ့ အတူ ပြန်တက်ကြရ ပါတယ်။

ကျောင်းပေါင်းစုံကတော့ စည်ကားဆဲ အာစီတူး (လှိုင်) ကို ခပ်စိပ်စိပ်နဲ့ အာစီသရီး (ကြည့်မြင်တိုင်) ကို ခပ်ကျဲကျဲ ရောက်ဖြစ်ပါတယ်။ အထက်တန်းကျောင်းကြီးနဲ့ တူသည့် အာစီဝမ်း (ဗိုလ်တထောင်) ကိုတော့ တခေါက် နှစ်ခေါက်ပဲ ရောက်ဖူးတယ်။

အာအိုင်တီ ၁ တန်း ၂ တန်းက ကျောင်းသားများ အစဉ်အလာအရ အရောက်အပေါက် အများဆုံးကတော့ အာစီတူး ပါပဲ။ အတန်းငယ်များ နေရသည့် စဥ့်ကူ၊ ပုပ္ပါး စသည့် အဆောင်များက သမိုင်းဝင်းထဲမှာ ဆိုတော့ အာစီတူးက လမ်းအလွန်သင့်သည်။ ဘုရားပွဲက တဲတန်းရှည် ဆိုင်တန်းတွေနဲ့တူသည့် အဆောင်ကန်တင်း ကလည်း အာစီတူး နောက်ပေါက်နှင့် မဝေးလှ။

အဆောင်ကန်တင်းက ရွှေကြယ်မှာ၊ တောင်တွင်းကြီးမှာ လက်ဖက်ရည်သောက် သီချင်းနားထောင်ရင်း၊ မာလာဝင်းမှာ လက်ဖက်ထမင်းလေး၊ ပုံမှန်လေး စားရင်း၊ ပိုက်ဆံရွှင်ရင် ကန်သာယာမှာ တရုပ်စာ စားရင်း အာစီတူးကို ကူးလို့ရတယ်လေ။ (လက်ဖက်ထမင်း ဦးထုတ်ဆောင်းဆို ကြက်ဥမွှေကြော် အုပ်ပေးသေးတယ်။ ပုံမှန် ဆိုတာက ထမင်းကို ဟင်းရည်ဆမ်းပြီး လက်ဖက်၊ ခရမ်းချဉ်သီး စသည်ဖြင့် ပုံပေးတာ။ တပွဲ ၂ ကျပ်လို့ ထင်တာပဲ။)

နေ့ကျောင်းသားတွေ ကလည်း အတန်းလွှတ်ပြီ ဆိုတာနဲ့ တန်းလုံးကျွတ် သွားကြတယ်။ ကားမရရင် ဟိုင်းလပ်ကားကို ခေါင်မိုး အပြည့်တက်စီးကြသည်။ အာစီတူးထဲ စာသင်ခန်း အပြင်မှာ ရုံးစုရုံးစု အဖွဲ့တွေကို ကြည့်လိုက်ရင်တော့ ကျောင်းမှာ မြင်နေကြ မျက်နှာတွေပါပဲ။

***

အဲဒီ နှစ်မှာ ကိုနေလင်းတို့က တဆင့် သိလာသူ တယောက်ကတော့ စိုးစိုး (နေဆူးသစ်) ပါ။ ကျွန်တော့်ထက် တတန်းငယ်သည့် မျက်နှာချိုချို နှင့် ပုသိမ်သား။ အဆောင်ကို စရောက်ကတည်းက အားလုံးက သူ့ကို ကဗျာဆရာလို့ သိကြတယ် (နဖူးမှာ စာကပ်လာသလား မသိ)။ သူက ကိုမြင့်မိုးအောင် စသည့် ပုသိမ်ဆက် ကဗျာဆရာများနှင့်ရော အခြား စာပေလောကသား တချို့နဲ့ပါ သိကျွမ်းသူ။

ဝါသနာပါသူချင်း စုမိတော့ လက်ရေးကဗျာစာအုပ် လုပ်ဖို့ ပြန်ပြောဖြစ်ကြတယ်။ အဲဒီတုန်းက ကျောင်းမှာ ကဗျာ စာအုပ် ယဉ်ကျေးမှု အဆက်ပြတ်နေချိန်။ အသိုင်းအဝိုင်းကလည်း သိပ်မကျယ်ပြန့်သေး။ ဘူမိက လူတွေက သူတို့ ဆရာမ မမေငြိမ်း ဆီက ကဗျာတောင်းပေးမယ် ဆိုတော့ တော်တော်အားတက်သွားသည်။ နောက် နီးစပ်ရာ စုကြတော့ ဖရက်ရာများ ဖြစ်ကြတဲ့ အာစီသရီးက ရဲလွင် (ဖဲရိုက်ဖက်)၊ အာစီတူးက ထားထားစိုး (ကျွန်တော့် ငယ်သူငယ်ချင်း) တို့ဆီက ကဗျာတချို့ရသည်။ နာမည်ရစ ပြုနေပြီဖြစ်သည့် သရဝဏ် (ပြည်) ကိုတော့ စိုးစိုး မှတဆင့် ဆက်သွယ်မိသည်ထင်သည်။ ကျော်သီဟနဲ့ ကိုနေလင်းနဲ့ ပတ်သက်ပြီး ဘူမိမှ ကဗျာ တော်တော်များများ ရသည်။

***

ကဗျာတွေ အတော် စုမိတော့ ပန်းချီဆရာ ရှာရပြန်တယ်။ ဘယ်သူနဲ့ ဘယ်လို ဆက်စပ်မိသည် မသိ နေဝင်းအောင် နှင့် ဆက်မိသွားတယ်။ သူက ကျွန်တော်နဲ့ တနှစ်ထဲ အဆောင်ကျောင်းသား ဖြစ်ပြီး၊ ကဗျာလည်း ရေးတော့ သူ့ကဗျာလည်း ထည့်ဖြစ်ပါတယ်။ (ခုတော့ ပရော်ဖက်ရှင်နယ် ပန်းချီဒီဇိုင်းဆရာ ဖြစ်နေပါပြီ။) သူ နေသည့် သမိုင်းဝင်းထဲက အင်းလေးဆောင်မှာ စိုးစိုး နှင့် ကျွန်တော် သွားပြီး ကဗျာတွေ အပြီးသတ်ရွေး၊ စာအုပ် ပုံစံချကြတယ်။

ပထမဆုံး စာအုပ်ဆိုဒ် ရွေးရတာပေါ့။ ပုံနှိပ် စာအုပ်များက ပုံနှိပ်စက်များမှာ သုံးသည့် ဒီမိုင်းဆိုဇ် (Quad Demy 45" x 35") ကို အခြေခံသည်။ မဂ္ဂဇင်းဆိုဇ် ဆိုတာက ဒီမိုင်းကို ၈ ချိုး ချိုးထားသည့် ဆိုဇ်။ ဝတ္ထုစာအုပ်တွေက ၁၆ ချိုး။ ကျွန်တော်တို့က စီစစ်ရေး မတင်ဘဲ ကျောင်းထဲမှာသာ ဖြန့်ချီမယ့် စာအုပ်ဖြစ်လို့ ဒီမိုင်းဆိုဇ်ကို အခြေမခံ၊ စာကူးစက်လှည့်မှာ ဖြစ်လို့ လျှောက်လွှာ စာရွက်ဆိုဇ်ကို အခြေခံရသည်။ စာရွက် မပုတ်ချင်ရင် လျှောက်လွှာကို လေးခေါက် ချိုးရုံသာ။ ကဗျာရေးလို့ အဆင်ပြေအောင်၊ နည်းနည်းလည်း ဆန်းအောင် ဆိုပြီး လေးထောင့် စပ်စပ် မချိုးပဲ၊ အရှည်လေး ချိုးဖို့ ရွေးဖြစ်ကြသည်။

ပုံမှန်အားဖြင့်တော့ စာကူးစက် လှည့်ဖို့ ဖယောင်းစက္ကူမှာ ရေးရသည်။ ပြီးမှ ဂတ်စတာနာ လှည့်ချင်လှည့်၊ စက်မရှိရင် ဖယောင်းစက္ကူပေါ်မှာ မှင်ထည့်ပြီး မီးချောင်းနဲ့ လှိမ့်လို့လည်း ရသည်။ (ကျွန်တော်တို့ စာကူးစက်ကို ဂတ်စတာနာ ခေါ်ကြတာ တကယ်တော့ မြန်မာပြည်မှာ အသုံးများသည့် တံဆိပ် Gestener ကို အစွဲပြုပြီး ခေါ်တာ ဖြစ်ပါတယ်။)

ကျွန်တော်တို့ကတော့ ဖယောင်း မရေးဖြစ်ဘဲ၊ ပြီးမှ ကြည့်စီစဉ်မည် ဆိုပြီး စာရွက်ပေါ်မှာသာ ရေးဖြစ်ပါတယ်။ စာအုပ်အတွက် စာမျက်နှာဖွဲ့ပြီး ရေးတာဖြစ်လို့ စာရွက်ပေါ်မှာ ထိပ်တိုက်ရေးရသည်။ ဒါမှ စာအုပ်ချုပ်တဲ့ အခါ စာရွက်ကို ခေါက်ချလိုက်ပြီး ချုပ်လို့ လွယ်သည်။ နေဝင်းအောင် လက်ရေးက တကယ့် ပန်းချီလက်ရေးဆိုတော့ ကဗျာစာအုပ် ရေးလို့ကောင်းသည်။ ကဗျာသရုပ်ဖော်ပုံ ကိုလည်း အပုဒ်တိုင်း အတွက် သေသေချာချာ ဆွဲပေးသည်။ စာအုပ်လေး ရုပ်လုံးပေါ်လာလေ စိတ်လှုပ်ရှားလေပါပဲ။

ဒီဇိုင်း အပြီးမှာတော့ ဒုက္ခ စပါပြီ။ ဆရာမင်းလူ ဝတ္ထုတွေမှာ ဖတ်ဖူးသလို ကဗျာစာအုပ် ထုတ်ဖို့ နာရီချွတ်ကြ၊ လက်စွတ်ချွတ်ကြတော့ လုပ်စရာ မလိုပါ။ ကျွန်တော်တို့ ၃-၄ ယောက် စုလိုက်တော့ လောက်လောက်ငှငှ ရှိပါသည်။ ပြဿနာက စာအုပ်လှည့်ပေးမယ့်သူ မရှိတာပါ။ ၃၄ လမ်း၊ ၃၅ လမ်း တလျှောက် ဆိုင်ပေါက်စေ့ လိုက်မေးရပါတယ်။ ဆိုင် ၂ဝ ကျော် ၃ဝ လောက် ရှိလိမ့်မည်။ အရေးအခင်းတွေ တခုပြီး တခုဖြစ်ပြီးချိန်၊ ကျောင်းသားတွေ စုထုတ်မည့် ကဗျာစာအုပ်ကို ဘယ်သူမှ မလှည့်ပေးရဲပါ။ မျက်နှာငယ်လေးတွေနဲ့ ဘာမှ မငြိပါ ဖတ်ကြည့်ပါ ဆိုသော်လည်း စီစစ်ရေး မတင်ရင် မလုပ်ရဲပါတဲ့။ ပိုက်ဆံပိုပေးမယ် ဆိုတာတောင် ပြဿနာ ဖြစ်လို့ စက်သိမ်းခံ၊ လူအဖမ်းခံရရင် မတန်ဘူး ဆိုပြီး ငြင်းကြပါတယ်။

***

နောက်ဆုံးမှာတော့ လှည့်ပေးမယ့် စက် တခုတွေ့ပါတယ်။ ပုံမှန်ဈေးရဲ့ ၂ ဆ လောက် တောင်းပေမယ့် ကျေကျေနပ်နပ် ပေးကြပါတယ်။ သူ လုပ်ပေးတာက ကျွန်တော်တို့ ဒီဇိုင်းတွဲထားတဲ့ စာရွက်တွေကို ကွန်ပြူတာနဲ့ ဖယောင်းဖောက်ပေး၊ စာကူးစက် လှည့်ပေးတာပါ။ အဖုံးကို မှင်အမဲ၊ အတွင်းကို မှင်ပြာလို့ ရွေးလိုက်ကြပါတယ်။ အကုန်အကျ သက်သာအောင် စာအုပ်ချုပ်တော့ မအပ်တော့ပါ။ ကျွန်တော်က စာအုပ်ချုပ်နေကြ ဆိုတော့ ကိုယ့်ဖာသာ ချုပ်ကြမယ်။ ဖြတ်တာတော့ အိမ်နားတင် ဖြတ်နေကြ ဓားစက်ရှိပါတယ်။

စာအုပ်က စုစုပေါင်း ၅ဝဝ (သေချာ မမှတ်မိတော့ပါ အနည်းဆုံး ၅ဝဝ ကတော့ သေချာပါတယ်)။ ကျွန်တော့် ဘူမိနက်သန် ဖဲရိုက်တဲ့ ထပ်ခိုးလေးမှာ စိုးစိုးတို့ ရဲလွင်တို့ အပြင် ဝိုင်းသားတွေကိုပါ ချောဆွဲပြီး ချုပ်ကြပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး၊ စာရွက်လေးတွေ ခေါက်ပြီး အလယ်က စတပ်ပလာနဲ့ ချုပ်တာပါပဲ။ စာအုပ်လေး ဖြစ်လာတော့ ပျော်တဲ့ အပျော်ကိုတော့ ပြန်မပြောပြတတ်ပါဘူး။ နောက် သုံးနှစ် အကြာမှာ ရည်းစားရတော့ ပျော်တာထက် နည်းနည်းပဲ လျော့မယ် ထင်ပါတယ်။

ပြောဖို့မေ့နေလိုက်တာ၊ စာအုပ်နာမည်က စိုးစိုးပေးတာ - 

ဝိညာဉ်ပြာတို့ မိုးကောင်းကင်


စာအုပ် အဖွင့်မှာ ရေးထားတာက -

ခံစားမှုစစ်မှန်စွာ
အနာဂတ်အလင်းတံခါးကို
ဖွင့်လိုက်တဲ့အခါ
သင်ဟာ -
"ဝိညာဉ်ပြာတို့ မိုးကောင်းကင်" ကို
ရရှိပါလိမ့်မယ် ... ...

(ဆက်ရန် ..)

11 comments:

MANORHARY February 6, 2010 at 12:21 AM  

ဝိညာဉ်ပြာတို့ မိုးကောင်းကင် စာအုပ်ကလေး လည်း ရှိတယ်။ တစ်ယောက် လက်ဆောင်ပေးထားတာ။ ပေးတဲ့ သူလည်းခု မရှိတော့ဘူး။ ဆုံးသွားပြီ...
ကိုသရဝဏ်ကြီးကိုလည်း သတိရသွားတယ် ပျောက်ချက်သားကောင်းနေသလိုပဲ ...

tin min htet February 6, 2010 at 12:33 AM  

ကိုညီ ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြို့ထဲမှာ အမှတ်မထင် တွေ့သေးတယ်။

"ရာစုသစ်" တွေကို ခပ်ပါးပါးပဲ ရေးမှာနော်။ သိပ်လည်း အသေးစိတ်မသိဘူး။ မနော် ရေးဖို့ပြင်ထားဦး။ မနော်က အဲဒီတုန်းက သူတွေနဲ့ အဆက်အသွယ် တော်တော်လေး ရှိနေသေးတာ မဟုတ်လား။

Nay Lin February 6, 2010 at 12:50 AM  

ငထက်

စာအုပ်ဒီဇိုင်းမြင်မှ မှတ်မိသွားတယ်..ကဗျာတွေပါတင်လေကွာ..
စိုးစိုးက နဖူးမှာစာကပ်ထားလို့မဟုတ်ဘူးဟ..
သူကိုယ်တိုင်တွေ့သမျှလူတွေကို သူကဗျာရေးပါတယ်
လို့ပြောတာ..:))
ငါ့ကို စကားလာစပြောတော့ သူနာမည်
နေဆူးသစ်ပါဆိုလို့ ငါတောင် ကြောင်သွားသေးတယ်..

ဒါပေမဲ့သူ့ကဗျာလေးတွေကောင်းတယ်..ငါကိုပြတိုင်း
နားမလည်လို့ ခဏခဏပြန်မေးရတယ်..ဟား..ဟား
(စိုးစိုး..နောက်တာနော်ဟေ့ကောင်..တော်ကြာခင်ဗျားကြီးနဲ့ စကားမပြောတော့ဘူးဆိုရင်..
Gtalk မှာ ငါ့ခမျာ အထီးကျန်နေဦးမယ်..:)))

johnmoeeain February 6, 2010 at 1:26 AM  

>>(လက်ဖက်ထမင်း ဦးထုတ်ဆောင်းဆို ကြက်ဥမွှေကြော် အုပ်ပေးသေးတယ်။) <<
ဒီအသုံးအနှုန်းကို ခုမှ ကြားဖူးတယ်... မျက်စိထဲ တန်းခနဲ ပေါ်တာပဲ :) သနားစရာ ကျွန်တော်တက်ခဲ့တဲ့ ကျောင်းလေးမှာတော့ လက်ဖက်ထမင်းတောင် မရဖူးတဲ့.. ။ ယမ်ယမ်နဲ့စူပါ ခြေဆန့်တာလေးကိုပဲ လက်ခံထားတဲ့ ကင်တင်းကို ပြန်တမ်းတမိတဲ့အခါ သူငယ်ချင်းတွေကိုတောင် သတိရသွားတယ်....။
ကျောင်းကြီးပြန်ဖွင့်တဲ့နောက်ပိုင်း ဆုံစည်းဖြစ်တဲ့ ကဗျာမြစ်များ တစ်စင်းပြီး တစ်စင်းပါလား...။ နောက် ကဗျာမြစ်များ မွေးဖွားရာ အာစီ 1-2-3 နဲ့ RIT ကအကြောင်းတွေ ဆက်မျှော်နေပါ့မယ်...။

MKT February 6, 2010 at 1:32 AM  

ကထက်ရေ

ဆက်ရေးပါအုံး.. မျက်စိထဲမှာကို ပြန်မြင်ယောက်နေတာပဲ၊ ညီညီ့ကို အဆက်အသွယ်ပြတ်နေတာ ကြာပေါ့၊ စာလဲ ရေးရင်း တိုးဂိုက်လဲ လုပ်နေတယ်ကြားတာ..

ရွှေရတုမှတ်တမ်း February 6, 2010 at 7:26 AM  

ပျောက်ချက်သားကောင်းနေတာ ခုမှပေါ်လာတော့တယ်

Moe Cho Thinn February 6, 2010 at 7:29 AM  

အေးဟယ်၊ သတိရစရာတွေ..။ အဲဒီတုန်းက စိုးစိုးကလဲ ပြုံးပြုံး ပြုံးပြုံး နဲ့။
ငါ ဘန်ကောက်ရောက်တုန်းက ကော်ဖီဆိုင်မှာ ဆုံကြရအောင် ဆိုတာ မလာတတ်ဘူးတဲ့ဟ။ တကယ်က သူက အဲဒီတုန်းက ဘန်ကောက်မှာ နေနေတဲ့သူ၊ ငါက အလည် လာတဲ့သူ။ :)

ငါကတော့ ကင်တင်းမှာ စားစရာတွေ ရေးထားတဲ့ list ကို သဘောကျလို့ တနေ့တခု အစဉ်လိုက် တန်းကုန်အောင် စားတာပဲ မှတ်မိတော့တယ်ဟာ..

kay February 6, 2010 at 10:08 AM  

ကိုနေလင်း ပြောလို့.. ( ကျနော်..နေဆူးသစ်ပါ) ကို.. ပြုံးမိသွားတယ်။ တကယ်က..ရန်ကုန်တက္ကသိုလ် တဂ် မှာ ကိုနေလင်း ကို ထဲ့လိုက်ရမှာ.. စဉ်းတော့ စဉ်းစားသေးတယ်။ ဒါမဲ့..ခုလို သိုင်းသိုင်းဝန်းဝန်း လာလာ ရေးတော့..ပိုပျော်ရ ပါတယ်လေ.. နော..ကိုနေလင်း..( ကျမက.. ကိုနေလင်းကို အခန်းပေါင်း များစွာ တောင် ထဲ့ရေးပေးထားတာ.. ဘာမုန့် မှ လဲ မကျွေးဘူးး(

ရွှေကြယ် လား..ဖက်တီးလား.. ၀တုတ် တုတ် မိသားစု ကြီးတွေ ရဲ့ ရိပ်အေးနေတဲ့ ခြံဝိုင်းလေး ထဲက..လက်ဖက် ထမင်း ကို အင်မတန်မှ သတိရ သွားပါကြောင်း...။

မေငြိမ်း February 8, 2010 at 7:10 PM  

ဟုတ်ပါ့.. တီချယ်ကြီးဆီမှာလည်း ရှိသေးတယ်.. အိမ်မှာ သိမ်းထားတယ်..။ အားလုံးက... မနေ့တနေ့ကလိုပဲ..ပြန်ဖြစ်သွားတယ်..။ မေ့နေခဲ့.. မေ့ထားခဲ့တာလေးတွေလည်း ပြန်ပေါ်လာသပေါ့...

Nay Lin February 8, 2010 at 8:51 PM  

ကေ

ကျွန်တော်က အားလုံးဝိုင်းရေးနေကြတဲ့
အမိတက္ကသိုလ်ကျောင်းကြီးရဲ့story ထဲမှာ
ရှေ့ကဖြတ်လျှောက်တဲ့သူတစ်ယောက်ပါ..
ဇါတ်ဆောင်တစ်ယောက်မဟုတ်ခဲ့ပါဘူး..:)))
နောက်ပြီးရေးရင်လည်း ဆရာမမေငြိမ်းရေးခဲ့သလို
ကောင်းတာနည်းနည်း..
ချိုသင်းပြောသလို ဆိုးတာကို ဘုံထုတ်လိုက်ရင်
၁၀၀လောက်ရှိတဲ့သူဆိုတော့...
တော်ကြာ..သိကျွှမ်းဖူးတဲ့သူတွေတောင်...
ဝေါင်ဝေါင်ရှေးကုန်ကြမှာစိုးလို့..:)))
ဒါပေမဲ့လျှာရှည်ရင်းစွဲရှိတဲ့သူမို့..
comment ရှည်ရှည်တွေရေးဖြစ်နေဦးမယ်ထင်ပါတယ်.

:-)
P.S: မုန့်ကတော့အခုလောလောဆယ် online မှာ
ဝယ်စားထားဦး..နောက်တော့ရှင်းပေးတာပေါ့..ဟီး.ဟီး

Nay Lin February 8, 2010 at 9:13 PM  

ငထက်

သရဝဏ်(ပြည်)ဆိုလို့..လွန်ခဲ့တဲ့ ၁၅နှစ်လောက်(၉၄။၉၅)
တနေ့..
ငါ့ဖားသားကြီးကပြည်မှာသူ့အမှု့သယ်ရုံးချိန်းရှိလို့
ကားလိုက်မောင်းပို့ပေးရတယ်..

ငါလဲတရားရုံးရှေ့မှာယောင်လည်လည်လုပ်နေတုန်း.
ရုံးဝန်းထဲကိုဝင်လာတဲ့ကားတစ်စီးခေါင်းခန်းကနေ
လူတစ်ယောက်တိုက်ပုံနဲ့မျက်နှာကြီးကဖြီးဖြီးနဲ့
ဆင်းလာတာ..
လား..လား..ကိုညီဖြစ်နေတယ်..

သူကငါ့ကိုတွေ့တော့..ဝမ်းသာအားရနဲ့ သူ့မင်္ဂလာ
လက်မှတ်ထိုးပွဲကိုလာတာလားပေါ့..အရမ်းပျော်နေပုံပဲ..:)))
ငါလည်းကြောင်တောင်တောင်နဲ့ဟုတ်ပါတယ်ပေါ့..:)

သူ့သတို့သမီးကိုတောင် ကျောင်းကဘော်ဘော်ဆိုပြီး
မိတ်ဆက်ပေးသေးတယ်..အဲဒါနဲ့ သူ့လက်မှတ်ထိုးပွဲကို
နောက်တန်းကနေကြုံခဲ့သေးတယ်.
:))

ပဌာန်းဆက်တွေများပြောပါတယ်...ဟား..ဟား

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP