Jul 28, 2009

စာအုပ်တောမှာ (၁)

စာအစ ရွှေသွေး၊ တေဇ

စာကို ကိုယ့်ဖာသာ စာလုံးပေါင်းပြီးဖတ်တော့ ၁ တန်း။ ကျွန်တော်တို့ခေတ်က ကလေးတိုင်း ကြိုက်နှစ်သက်ကြတဲ့ ရွှေသွေး၊ တေဇ နဲ့ စတာပေါ့။ ရွှေသွေးက သတင်းစာရဲ့ တဝက်အရွယ် ဆိုဇ်သေး။ မျက်နှာဖုံး ရောင်စုံဇာတ်လမ်းက ဆရာကြီး ဦးဘကြည် ဇာတ်လမ်းပါတာ များတယ်။ ကလေးတွေအတွက် စိတ်ဝင်စားစရာလည်းကောင်း၊ ယဉ်ကျေးမှုလည်းသင်၊ လိမ္မာရေးခြားလည်း ရှိစေတဲ့ ဇာတ်လမ်းတွေ။ မှတ်မိသေးတယ် "ငိုရင်ပုလဲ၊ ရီရင်ရွဲ" "အစားပုတ်ပျားတုတ်" စတာတွေ။ ခုတော့ ခြင်ဆိုတာကမှ ပြတိုက်မှာသွားကြည့်လို့ ရဦးမယ်။ ကလေးစာပေစစ်စစ်က ဘယ်မှာနေသည် မသိ။

ပြီးတော့ ဆရာဇဝန (ငယ်ငယ်ကတော့ အမြဲတမ်း ဇနဝ လို့ မှားခေါ်တယ်) ကဗျာတွေလည်း ပါသေးတယ်။ ဘယ်မှာပါမှန်း မမှတ်မိတဲ့ ဒီတပုဒ်ဆို သိပ်ကြိုက်ပေါ့ ..

ဒေါက်တာငွေမက် ဦးဇီးကွက်

ဆရာဝန်ကြီး ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိတ်စ်ဝိုင်ဇက်။

တစ်နေ့မနက် စောစောမှာ
မောင်ကျီးညိုလေး ရောက်လို့လာ။

လုပ်ပါ နှုတ်ပါ ထုတ်ပါဦး
ကျနော့်ဖင်က လောက်စာလုံး။

ဘယ့်နှယ်တုန်းကွယ့် မောင်မောင်ညို
လောက်စာလုံးတောင် မရှောင်မျို။

ငတ်လှသကို အစားပုတ်
မအံ့ပေါင် မောင်ဝမ်းချုပ်။

မဟုတ်ပါဘူး ဆရာရယ်
ကျနော်မှန်ရာပြောပါ့မယ်။

နွားကျောင်းသားငယ် လေးနဲ့ပစ်
လောက်စာလုံးဝင်လို
့ ဖင်ဝတစ်။

ဖြစ်ရလေဟယ် အံ့စဖွယ်
မပူပါနဲ့ ပျောက်စေ့မယ်။

ထွက်ရလွယ်အောင် ရေနဲ့ဆေး
ဆရာဝန်ခ သုံးဆယ်ပေး။

မောင်မောင်ညိုလေး ရောဂါစင်
ဆေးကုသခ မပေးချင်။

ညအိပ်ရာဝင် ဦးဇီးကွက်
ခေါင်းလာဖောက်လို
့ ဦးဏှောက်ထွက်။

ဒေါက်တာငွေမက် ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိပ်စ်ဝိုင်ဇက်။

ဇဝန

(ကဗျာအတွက် ကိုရင်အုန်းကို ကျေးဇူး အထူးတင်ပါတယ်။ ဆရာဇဝနက ငွေမက်တဲ့သူတွေကို သရော်ခြင်းသာ ဖြစ်ပြီး၊ ဆရာဝန်တွေကို စော်ကားလိုစိတ် မရှိဘူးလို့ ယုံပါတယ်။)


နောက် ရွှေသွေးအထူးထုတ်၊ တေဇအထူးထုတ် ဆိုပြီး တနှစ်တခါ ထွက်သေးတယ်။ ဖတ်ပါလေ့ အထူကြီးတွေ။ နောက် ဦးဘကြည်ပဲ ဆွဲခဲ့တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ (မဟော်သဓာဇာတ်
ကို အကြိုက်ဆုံးပေါ့)။ အောင်ရှိန်၊ ကာတွန်းမြင့်သိန်း၊ တင်အောင်နီ၊ မောင်ဝဏ္ဏ၊ သော်က တို့ကိုလည်း ဘယ်အလွတ်ပေးမလဲ။

ဦးဘကြည်၏ မဟော်သဓာဇာတ်မှ

လုံးချင်းစဖတ်ခြင်း

ကျွန်တော် လုံးချင်း စဖတ်တာက ၄ တန်း နွေ
ကျောင်းပိတ်မှာ၊ စဖတ်တာက တက္ကသိုလ်စိန်တင် ရေးတဲ့ "အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း"။ အောင်ဆန်းသူရိယဆု ရသူ ၆ ယောက်ထဲမှာ တဦးတည်းသော အသက်ရှင်လျက် ဆုရသူ ဆိုတော့ ပြည့်ပြည့်စုံစုံ ရေးနိုင်တယ်။ စွန့်စားခန်းတွေ စစ်တိုက်ခန်းတွေက အပြည့်။ ဆိုင်ကယ်အတိုက်ခံရလို့ သေပြီထင်ပြီး ရင်ခွဲရုံ ရောက်လာပြီးမှ သတိရပြီး ဆေးရုံမှာ လျှောက်ပြေးတဲ့ အခန်း။ တောဝက်ပက်လို့ ထွက်လာတဲ့ အူတွေကို ဗိုက်ထဲပြန်ထည့်တဲ့ အခန်းတွေ ကောင်းကောင်း မှတ်မိနေသေးတယ်။

နောက်တအုပ်က ထင်လင်း ဘာသာပြန်တဲ့ "မောဂ္ဂလိ"။ ကလေးတွေကြိုက်တဲ့ ဇာတ်လမ်းဆိုတော့ ဘယ်နှစ်ကြိမ် ဖတ်ခဲ့ဖူးမှန်းတောင် မမှတ်မိတော့။ ဝက်ဝံကြီး ဘာလူး၊ သစ်နက်ကြီး ဗဂီရာ ဆိုတာတွေ မှတ်မိသေးတယ်။ ကဲ မောဂ္ဂလိ
လို နှုတ်ဆက်လိုက်ဦးမယ် .. "အမဲသားငါးများပါစေ"
 
တတိယ
စာအုပ်က ရန်ကုန်ဘဆွေ ရဲ့  "မြန်မာပြည်သား"။ အကုန်တော့ နားမလည်သေးဘူးပေါ့။ မြန်မာမှု သိပ်ပီပြင်တဲ့ စာအုပ်ပါပဲ။ အမိုက်တုန့်-အမှောင်တုန့် ကစလို့၊ လူပျိုလှည့်ပုံနဲ့ စကားထာဓလေ့၊ ထိုးကွင်းမှင်ကြောင်ဓလေ့ စတာတွေကို ဖတ်ရပါတယ်။ ၁ဝ တန်းမှာ ကျွန်တော်အကြိုက်ဆုံး စာအုပ်တအုပ် ဆိုပြီး စာစီစာကုံးရေးရတော့ "မြန်မာပြည်သား" ကိုရေးခဲ့တာပေါ့။

နောက် အိမ်မှာရှိတဲ့ "ကမ္ဘာ
ကျော်မိုင်၈ဝဝဝ စစ်ခရီးကြမ်း" "ရှစ်စပ်ကဂျင်ခြေလည်သူ"  စသည်ဖြင့် အတော်စုံစုံ ဖတ်ဖြစ်ပါတယ်။

(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

10 comments:

မမသီရိ,  July 28, 2009 at 4:03 PM  

ကာတွန်းဦးဘကြည်ပုံတွေ ကို ခုထိ နှစ်သက် စွဲလမ်းဆဲ ပါ

MANORHARY,  July 28, 2009 at 4:44 PM  

အဲဒီကဗျာလေး ကိုယ်လည်းမကြာခဏငယ်ငယ်ကရွတ်နေတတ်တာပေါ့း)
နောက်တစ်ပုဒ်ရှိသေးတယ် မုံရွာဝင်းဖေရေးတာ
မိုးရွာပြီးစခဏကြာ
ဝက်ဝံကလေးလမ်းလျှောက်လာ
သာယာစိမ်းမြသစ်ကိုင်းကြား
ငှက်ငယ်တစ်ကောင်နား
ငှက်ကကြည့်စမ်းဟောဟိုမယ်
သက်တံထွက်နေတယ်
.........................
ဆိုတဲ့ချစ်စရာကဗျာလေး...
သက်တံအဆုံးမှာရွှေအိုးရှိသလားလို့ ကလေးပီပီ စိတ်ကူးယဉ်ခဲ့တဲ့ကာလ
တွေပေါ့...း)

tin min htet,  July 28, 2009 at 6:03 PM  

အဲဒီ သက်တန့်ကဗျာလည်း စွဲခဲ့တဲ့ အထဲမှာ ပါတာပေါ့ :)
နောက် ဇဝန တပုဒ်က၊ အကုန်တော့ မရတော့ဘူး -

သူ့နာမည်က မောင်ချစ်ခင်
လူတကာနဲ့ ရန်ဖြစ်ချင်
နာမည်ခေါ်တွင် မောင်သန့်ရှင်း
သူ့ကိုယ်မှာတော့ ပွေးနဲ့ညှင်း
ူသူ့သူငယ်ချင်း မောင်မြင့်သူ
ပုပြတ်ပြတ်နဲ့ နှပ်ချေးထူ
.. .. .. .. .. ..
ပေးလိုရာရာ နာမည်ပေး
နှင်းဆီပန်းက မွှေးမြဲမွှေး

(အဲဒီကဗျာတွေဟာ၊ ကလေးတွေ ရွတ်လို့လည်းကောင်း၊ အသိပညာ တခုခုလည်းပေး။ ကလေးကဗျာတွေ အကြောင်းတော့ ကလေးကဗျာဆရာကြီး သမီး ကစ်ဘောင်ဆင် ထိုးတဲ့ တယောက်ကို ရေးဖို့ တောင်းဆိုရင် ကောင်းမယ်။ :P )

kay,  July 28, 2009 at 9:34 PM  

ဦးဘကြည် ကာတွန်းလေးမြင်လို့ပြေးလာတာ။ လွမ်းလိုက်တာ။
မနော်ကတော့..ကဗျာနဲ့ပတ်သတ်ရင်..ဘယ်အရွယ်က စမ်းစမ်း ပဲ..း) နံရိုးချည်းပဲ။း)
မချိုသင်းကို ထောင်ပေးလိုက်ကြပါလား။

MANORHARY,  July 30, 2009 at 11:01 AM  

အကြံကိုဆက်လက်အကောင်အထည်ဖော်စေ ....း)

နှောင်းအတိတ်ဂန္တ၀င်,  August 18, 2010 at 3:53 PM  

ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား
သော်တာဆွေ ရဲ့ ပုဂံသူရဲကောင်းများ
စာအုပ်များရှိရင် မျှဝေပေးပါခင်ဗျာ

mgthonnya2@gmail.com

http://kandawyakethar.blogspot.com
ကျေးဇူးတင်ပါတယ်
မောင်သုည

ငြိမ်းချမ်းကို,  September 29, 2010 at 11:22 PM  

ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား စာအုပ်လေး လိုချင်လို့ ကူညီပါအုံး

tin min htet,  September 30, 2010 at 10:58 AM  

မြန်မာပြည်သားက ကျွန်တော့်မှာ စာအုပ်ပဲရှိတယ်။ တင်ပေးဖို့က သိပ်မလွယ်လှဘူး။ ပီဒီအက်ဖ် ကျွန်တော့်မှာရှိတာ ရွှေဝါပြည်၊ သူပုန်ဆိုးပေ၊ သိန်းဖေမြင့်သို့ အိတ်ဖွင့်ပေးစာ။ ၃ အုပ်ပဲ ရှိတယ်။ အဲဒါတွေ လိုချင်ရင်တော့ တင်ပေးပါ့မယ်။

lin,  October 20, 2012 at 7:30 PM  

အကိုရေ ရှစ်စပ်ကဂျင်ခြေလည်သူ PDF ရှိရင် link လေးတင်ပေး ပါလား

Anonymous,  November 4, 2023 at 1:54 PM  

ကဗျာနာမည်လေးမှတ်မိရင် ပြောပြပါဦး။မေမေက အဲ့ကဗျာကို ပြန်ရှာနေတာကြာပြီ

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP