Jul 29, 2009

စာအုပ်တောမှာ (၂)

စိုင်းဝိလု

အတန်းတက်လို့ ဖတ်စာစာအုပ်တွေ ရပြီဆိုတာနဲ့ မြန်မာစာ စကားပြေ၊ ကဗျာစာအုပ်တွေကို ၃-၄ ရက်နဲ့ ကုန်အောင် ဖတ်လိုက်တာပဲ။ အိမ်က စာအုပ်တွေအပြင် စမ်းချောင်းထဲက စာအုပ်အငှားဆိုင် တဆိုင်မှာ စာအုပ်ကောင်း (အထူးသဖြင့် ဘာသာပြန်) အတော်များများ ရှိတော့ ငှားဖတ်ရပါတယ်။


အလယ်တန်းကျောင်းသား အရွယ်နဲ့ ဆိုရင် စာကြီးပေကြီးလို့ ပြောလို့ရမယ့် စာအုပ်တွေပဲ ဖတ်တာလား ဆိုတော့၊ မဟုတ်ပါဘူး။ သိုင်းဝတ္ထုကိုလည်း အသေအကြေ ဖတ်ခဲ့တာပေါ့။ အီကြာကွေး စကားနဲ့ ပြောရရင် စိုင်းဝိလု ပေါ့။ (သူ့ဟာသ တစ်ပုဒ်မှာ သူက တရုတ်ကြီးတစ်ယောက်နဲ့ လဖက်ရည်ဆိုင်မှာ ဆုံပါတယ်။ သူက စာရေးဆရာပါဆိုတော့ ဝ လဲ စာရေးဆရာပဲ။ ဘာတွေရေးလဲဆိုတော့ စိုင်းဝိလု တဲ့။ ဒီကလောင်နာမည် မကြားဖူးပါဘူးနဲ့ နောက်ဆုံးကျတော့ သိုင်းဝတ္ထုရေးတဲ့ တရုတ်ကြီးဖြစ်နေတာကိုး။)

၅တန်းလောက်ကနေ  ၈ တန်းအထိ သိုင်းဝတ္ထု တော်တော်ဖတ်ပါတယ်။ ၈ တုန်းက နယ်မှာပါ။ စာကြည့်တိုက်လေးတစ်ခု ရှိပြီး၊ ရန်ကုန်ရုံးက စာအုပ်ဆိုင်ကျတွေ ဝယ်ပို့ပေးပါတယ်။ မဂ္ဂဇင်းတွေက လွဲရင် ကျန်တာ အပျော်ဖတ် ရှဲဒိုးတွေနဲ့၊ သိုင်းတွေပါပဲ။ အဲဒီမှာ သိုင်းကိုစွဲတော့တာပဲ။ ကျွန်တော်က စာကြည့်တိုက်မှာလဲ ကူလုပ်တော့၊ စာအုပ်သစ်ရောက်ရင် သိုင်းဝတ္ထုတွေကို ဆာလာအိတ်နဲ့ ထည့်ပြီး အိမ်သယ်သွား။ မနက် ၆ နာရီကနေ မီးဖြတ်ချိန် ည ၁၀ နာရီထိဖတ်ပါတယ်။ အုပ်တွဲများလေ ကြိုက်လေ၊ တစ်နေ့ ၁၀ အုပ်လောက် ပြီးပါတယ်။ ဆရာတင်မိုး ရဲ့ "၁၆ နှစ်သားနဲ့စကားပြောခြင်း" ကဗျာ ထဲကလို ဆိုရင် "သား သိုင်းသမားတွေနဲ့နေမယ်" .. ပေါ့။


ပိုးမင်းသား
 
မြေနီကုန်းညဈေး

၉ တန်း မှာ ရန်ကုန် ပြန်ရောက် ၉ တန်းနွေမှာ အဖေနဲ့ အမေက မြေနီကုန်းညဈေးကို ခေါ်သွားပါတယ်။ ကြိုက်တာ ကိုယ့်မုန့်ဖိုးနဲ့ ကိုယ်ဝယ်ဖတ် ဆိုပြီး စာအုပ်အဟောင်းဆိုင်တွေ လိုက်ပြပါတယ်။


တခု ကံကောင်းတာက ကျွန်တော့် တသက်မှာ စာအုပ်ငှားလို့၊ စာအုပ်ဝယ်လို့ အပြောမခံရပါ။ အဖေက ဝန်ထမ်း မရှိမရှားပါ။ သူတို့ ခေတ်က စာအုပ်ဝယ်ဖတ်တဲ့ ခေတ်ဆိုတော့ ကျွန်တော့် အတွက် စာအုပ် တော်တော်များများ အမွေကျန်ပါတယ်။ ပြီးတော့ ငယ်ငယ်က စာမေးပွဲ မှာ အဆင့်ဘယ်လောက်ရရင် ဘယ်လောက် ဆိုပြီး ပေးပါတယ်။ ဒါပေမဲ့ ငွေမပေးပါ၊ စာရင်းမှတ်ထားပြီး တခုခု ဝယ်ချင်မှ ထုတ်ပေးပါတယ်။ ၉ တန်း ၁၀ တန်း ရောက်တော့ ကျွန်တော့်ညီက ပြိုင်ဘီးဝယ်စီးလိုက်ပြီး၊ ကျွန်တော်က အကုန် စာအုပ်ဝယ်ပစ်လိုက်ပါတယ်။


အဲဒီတုန်းက မြေနီကုန်းညဈေးက သစ်တိုင် သွပ်မိုး ဆိုင်တန်းရှည်တွေပါ။ အခု ဒဂုံစင်တာ နေရာမှာပေါ့။ လေဟာပြင်ဈေး ပုံစံ၊ တစ်တန်းနဲ့ တစ်တန်းကြားမှာ အမိုးမရှိပါ။ စားသောက်ဆိုင်တန်းကလည်း နာမည်ကြီးပါတယ်၊  မူးဘဲတွေ အကြိုက် အရက်နဲ့ တွဲရောင်းတဲ့ တရုပ်ခေါက်ဆွဲဆိုင်တွေ။

စာအုပ်အဟောင်းတန်းက ဘယ်ဘက်နားကျကျ ရုံတန်းပါ မျက်နှာချင်းဆိုင် ၂ တန်းအပြည့်ရှိပါတယ်။ အဲဒီအတန်းတွေနဲ့ ကျောချင်းကပ် အတန်းတွေမှာလည်း
ဆိုင်နည်းနည်း ရှိပါတယ်။ ကျွန်တော် အဲဒီနေ့က တက္ကသိုလ်ဘုန်းနိုင် ရဲ့ "မိုးညအိပ်မက်မြူ" ဝယ်ဖြစ်ပါတယ်။ ဘယ်ဖက် အတွင်းအစွန်ဆုံး ကိုကြည်ဆွေ ဆိုင်ကပါ။ နောက်ပိုင်း ကျွန်တော့် အဓိက ဖောက်သည်ဆိုင် ဖြစ်သွားပါတယ်။

စာအုပ်ဟောင်း သမားတွေက အများအားဖြင့် ကိုယ်တိုင်လဲ စာဖတ်တဲ့သူတွေဆိုတော့ တခြားကုန်ရောင်းတဲ့ သူတွေနဲ့ မတူပါ။ အမြတ်ရရင်ပြီးရော မရောင်းပါ။ သူစိမ်းဆို အမြတ်များများ တင်ကောင်းတင်ပေမယ့် (ဝမ်းရေးကိုး) ဖောက်သည်ဖြစ်သွားရင် ဈေးသိပ်မှန်ပါတယ်။ ကျွန်တော်က ငယ်လဲငယ်သေးတော့ တော်တော်ညှာကြပါတယ်။ ဘယ်စာအုပ် ဖတ်ကြည့်ဆိုတာမျိုး ညွှန်းကြသလို၊ တစ်ချို့စာအုပ်တွေကို ကျွန်တော် ဝယ်ချင်တာတောင် "ဒါသိမ်းရမယ့် စာအုပ်မဟုတ်ဘူး၊ ဖတ်ချင်ယူဖတ်" ဆိုတာမျိုးပြောပါတယ်။ နောက်ပိုင်းကျတော့ တစ်ဈေးလုံး ကြိုက်တဲ့ဆိုင်က ကြိုက်တာယူဖတ်လို့ ရပါတယ်။ ကျွန်တော်ကလည်း  အားနာတတ်တော့ နှစ်ပေါက်လောက်ပဲ ငှားတာပါ။


(ဆက်ရန် ...)


ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

3 comments:

MANORHARY July 30, 2009 at 11:03 AM  

ကိုယ်တို့ထဲ သိုင်းဝတ္ထုမစွဲခဲ့သူရှင်ခေါ်ပြစမ်းပါ
သေချာတယ်ဒင်းစာစုံမဖတ်ဘူး လို့ပြောမလို့း)း)
အဲလိုလေးတောင်ရေးချင်စိတ်ပေါက်လာပြီ ..
မတက်ဂ်ပဲရေးချင်သောစာ ..ဆိုပြီး...း)
by the way ကိုမိုးနေ မဟုတ်ဘူးနော်
ညီမလေး မိုးနေ :P

Moe Cho Thinn August 20, 2009 at 1:33 AM  

မနော်ကို ငါ စာစုံ မဖတ်ဖူးဘူးလို့ ၀န်ခံရမလို ဖြစ်နေပြီ။
ငါ သိုင်းဝတ္ထု တအုပ်မှ မဖတ်ဖူးဘူးဟ။ မိန်းကလေးမို့များလား မသိဘူး။ ငါက ဦးစံရှားပဲ အမှုတွေ အလွတ်ရတဲ့အထိ ဖတ်မိတာ။ ခုထိလဲ စွဲတုန်း။

Lotus June 16, 2013 at 4:35 PM  

မောဂ္ဂလိ စာအုပ်ဘယ်မှာ ဒေါင်းလို့ရပါမလည်း
တခုတွေ့တာက ရောင်းတာဖြစ်နေတယ်
အလကားဒေါင်းလို့ရတာရှိရင် ဖတ်ချင်လို့ပါ
ကျေးဇူးတင်ပါသည်ရှင်

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP