Jul 30, 2009

စာအုပ်တောမှာ (၃)

တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ

စပြီး စုဖြစ်တာက တယောက်နဲ့ တယောက် အကြောင်းအရာ၊ အရေးအသား ဘာမှမတူတဲ့ တက္ကသိုလ်ဘုန်းနိုင် နဲ့ ရန်ကုန်ဘဆွေ။


တက္ကသိုလ်ဘုန်းနိုင် ထဲမှာ အစွဲခဲ့ဆုံးကတော့ "ခိုင်" ပဲပေါ့။ (တနေ့က မပန်ဒိုရာ ဝတ္ထုတို ဖတ်ရတော့ ကောင်မလေး ၂ ယောက်က ခိုင် နဲ့ မြိုင်။ နာမည်နဲ့တင် ဝတ္ထုက ဆွတ်ပျံဖွယ် ဖြစ်နေပြီ။) တက္ကသိုလ်ဘုန်းနိုင်တွေ စုတော့ ဘာဖြစ်လဲဆိုတော့ ငြိမ်းကျော်၊ မောင်စိန်ဝင်း၊ နွမ်ဂျာသိုင်းကို သင်ရိုးကုန်အောင် မဖတ်ဖြစ်လိုက်
ပါဘူး။


"မြန်မာပြည်သား" ကို ကြိုက်ခဲ့တော့ ရန်ကုန်ဘဆွေ စုပါတယ်။ သူက ဟီးရိုးရစ်ဇင်ဆန်တော့ ကျွန်တော့် လူငယ်ဘဝရဲ့ သူရဲကောင်းပါပဲ။ နောက်ပိုင်းကျတော့မှ သူ့အကြောင်း ပိုသိလာတယ်။ သူ့နိုင်ငံရေး ဘဝကိုတော့ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိ။ သူ့မှာ လူမှုရေး အမဲကွက်ကြီး တစ်ခုလဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာမှု သိပ်နိုင်နင်းပြီး၊ အနုအကြမ်း အစုံရတဲ့သူမို့ သူ့စာတွေကိုတော့ ခုထိကြိုက်ဆဲပါ။ "ရွှေဝါပြည်" "နန်းဟာဗီး" "ရဲဘော်တို့နှင့်အတူ" စတာတွေက လူသိများပါတယ်။ နာမည်သိပ်မကြီးတဲ့ သူ့ ဝတ္ထုတပုဒ်အကြေင်း ပြောပြချင်ပါတယ် -

မင်းလိုလူစားအများကြီးဟေ့


ဇာတ်လမ်းက ဖက်ဆစ် တော်လှန်ရေးအပြီးမှာ ဝါသနာပါတဲ့ ရဲဘော်ဟောင်းတွေ စုပြီး ပြဇာတ်အဖွဲ့ထောင်၊ နောက်နာမည်ကြီးလာတော့ ရန်ကုန် နေသူရိန်ရုံ အထိလာကကြ (ပြည်သူ့ရဲဘော် ရန်ပုံငွေ ထင်တယ်)။ ဗိုလ်ချုပ်တောင် သူ့ရဲ့ "စစ်ပြန်" ဆိုတဲ့ ပြဇာတ်ကို လာကြည့်တယ် ဆိုပါတယ်။ လွှမ်းမိုးရဲ့ ကိုပေါ သီချင်းက အဲဒီတုန်းက သူ့ပြဇာတ်တပုဒ်ရဲ့ ဇာတ်လမ်းပါ၊ ကိုပေါဆိုတဲ့ နာမည်က အစတူပါတယ်။ "ဘကြီးအောင်ညာတယ်" ကို မှီးတယ်ထင်ပါတယ်။

သူတို့ ပြဇာတ် စထောင်တော့ တကယ့်ဇာတ်သမားတွေ ပါပါတယ်။ သူတို့က ငါမရှိရင် မဖြစ်ဖူးဆိုပြီး အမျိုးမျိုး ပညာပြကြတော့ "မင်းတို့လိုလူစားတွေ အများကြီး" ဆိုပြီး၊ ရှိတဲ့သူနဲ့ ဖြစ်အောင်ကပါတယ်။ တီးဝိုင်းခေါင်းဆောင် စန္ဒရားဆရာ အဖြစ် ၁၂ နှစ် သားလေးကို တင်တယ်။ တယောဆရာကို လက်ထောက် ပြဇာတ်မင်းသား တင်တယ်။ သူကိုယ်တိုင်တောင် ပြဇာတ်မင်းသား လုပ်သေးတယ် ထင်တယ်။

တယောဆရာ ဇာတ်လမ်းကလည်း ဆန်းတယ်။ သူ တော်လှန်ရေးမှာ တာဝန်ကျတဲ့ နယ်မှာ သူ့လူတွေက သူလျှိုဆိုပြီး လူငယ်တစ်ယောက်ကို ဖမ်းလာကြတယ်။ စစ်
မေးကြည့်တော့ ချစ်သူပျောက်ကို လိုက်ရှာတဲ့သူ ဖြစ်နေတယ်။ ရောက်တဲ့ ဒေသမှာသိုင်းသင်ပေးပြီး ထမင်းစား၊ သူ့ တယောသံကြားရင် သူ့ချစ်သူ ထွက်လာလိမ့်မယ် ဆိုပြီး တယောတလက်နဲ့ ခရီးလှည့်နေသူ ဖြစ်နေတယ် (စစ်ကြီးထဲမှာနော်)။ သူက မသတ်ဘဲ စောင့်ရှောက်ထားခဲ့တယ်။

နောက်ဆုံး သူတို့ ပြဇာတ်အဖွဲ့ အောင်မြင်လာတော့ (ပြဇာတ်က ဘုံစနစ်ပါ) သူ့လူတွေနဲ့ စိတ်အခန့်မသင့် ဖြစ်ပြီး လမ်းခွဲလိုက်ကြတယ်။ တနေ့ ပြဇာတ်အဖွဲ့က သူ့လက်ထောက် ဆီကနေ စာတစ်စောင်ရောက်လာတယ်။ "ခင်ဗျားလို လူစားတွေ အများကြီးပါ၊ ခင်ဗျားမရှိလဲ ဖြစ်ပါတယ်" .. တဲ့။

စိတ်ဝင်စား စရာကောင်းတာက စန္ဒရားဆရာလေးဟာ နောင်တချိန်မှာ
"ဂီတလုလင်မောင်ကိုကို" ဖြစ်လာပြီး၊ တယောဆရာလူငယ်က "ဂီတနက်သန်ကိုစောညိန်း" ဖြစ်လာပါတယ်။

ဂန္တဝင်မမ


မြေနီကုန်းဈေးက ကိုကြည်ဆွေ့ဆိုင်မှာ သွားထိုင်ရင်း ထူးခြားတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ ပထမတယောက်က ကိုကြည့်ဆွေ သူငယ်ချင်း စာသမား တယောက်ပါ။ တနေ့တော့ ခပ်သုတ်သုတ် ရောက်လာပြီး ဆိုင်ခုံပေါ်ကို တက်ထိုင်နေပါတယ်။ နောက်က အဖြူအစိမ်းနဲ့ ကျောင်းသားတအုပ်က ဆိုင်ကို လာဝိုင်းပါတယ်။ သူကတော့ သူဘာမှ မသိသလိုပုံနဲ့။ ကျောင်းသားတွေကို ဖြောင့်ဖျပြီး သူ့ကို သေချာမေးကြည့်မှ ဆရာမကို ကဗျာစာအုပ် လိုက်ပေးတာတဲ့။ ပေးတဲ့စာအုပ်က ဂန္တဝင်မမ။


ဝဋ်ဒုက္ခကြီးမားစွာ
သူမလာပါပြီ။


ဝဋ်ဒုက္ခကြီးမားစွာ
ကျွန်တော်စောင့်နေပါသည်။
.. ဆိုတာကို လက်တွေ့ သွားလုပ်ကြည့်တာကိုး။

စာပေမြတ်နိုးသူကြီး


ကိုကြည်ဆွေ့ ဆိုင်မှာပဲ ဖောက်သည် အဖိုးကြီး တစ်ယောက်ကို သတိထားမိပါတယ်။ သူက တကယ့်ပင်စင်စား အရာရှိကြီး ပုံစံမျိုးနဲ့ ဆရာကြီး မဟာဆွေ စာအုပ်တွေ အမြဲဝယ်တဲ့သူပါ။ အခြားစာအုပ်တွေကို လုံးဝလောက် စိတ်မဝင်စားပဲ သူ့မှာ မရှိသေးတဲ့ မဟာဆွေ စာအုပ် ရှိသလားဆိုပြီး အမြဲလာမေးလေ့ရှိပါတယ်။ သူ့မှာမရှိသေးရင် ဝယ်သွားတာပါပဲ။

မြေနီကုန်းဈေးက ဆိုင်တွေကလဲ ဖောက်သည်ဆိုရင် ဈေးက ပြောနေ ဆစ်နေစရာ မလိုပါဘူး။ အဲဒီခေတ်က မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင် စတဲ့သူတွေရဲ့ စာအုပ်တွေမှ ၂၀ - ၃၀ ပါ။ သိပ်ရှားတဲ့ နန်းဟာဗီးလို၊ မြန်မာပြည်မြောက်ပိုင်း လိုမျိုးမှ ၅၀ လောက်ပါ။ မဟာဆွေလဲ ပုံမှန်ဆိုရင် ၂၀ - ၃၀ ပါပဲ။

ကျွန်တော်တို့လဲ သူ့ကို စာအုပ်စုတဲ့ ပင်စင်စားကြီးဆိုပြီး လေးလေးစားစား ဆက်ဆံပါတယ်။ မဟာဆွေတွေလဲ သူဝယ်တာ စုံသလောက်ရှိတဲ့ တစ်နေ့မှာတော့ သူက ခပ်တည်တည်နဲ့ မေးခွန်းတစ်ခုမေးပါတယ် "ဒီထက် ကြမ်းတာမရှိဘူးလား" .. တဲ့။

ကျွန်တော်လဲ "ဟာ" ကနဲ ဖြစ်သွားတာပေါ့။ အဲဒီတော့မှ သူ့ရဲ့ စာဖတ် ဝါသနာကို သိတာပါ။ မဟာဆွေ က တန်ဖိုးရှိတဲ့ စာတွေရေးခဲ့သလို (လူများများ ဖတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်မယ်ထင်ပါတယ်) အချစ်ခန်း ခပ်ကြမ်းကြမ်းလဲ ပါလေ့ရှိပါတယ်။ သူက အနှစ်ရော အကာရော ပြစ်ပြီး အခွံကို ယူတဲ့သူမျိုး ဖြစ်နေတာကိုး။ ကိုကြည်ဆွေကတော့ အတွေ့အကြုံများတဲ့သူ ဆိုတော့ "ရမယ်ဦးလေး နောက်နေ့ လာခဲ့ပါ" လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ဟိုခေတ်က ထုတ်တဲ့ ပုံနှိပ်စာလုံးနဲ့ အပြာဝတ္ထုတွေ ၃ အုပ်လောက်ကို သားရေဖုံးနဲ့ ပေါင်းချုပ်ပြီး ၃၀ဝ နဲ့ ရောင်းလိုက်ပါတယ်။


(ဆက်ရန် ...)


ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

10 comments:

pandora July 30, 2009 at 2:38 PM  

မင်းလိုလူစားအများကြီးဟေ့... အဲဒီစာအုပ်က ရှားပါတယ်။ အိမ်မှာတော့ ရှိတယ်။ သူတို့ ပြဇာတ်တိုက်ကြပုံ သီချင်းစပ်ကြပုံတွေကို အတော်နှစ်နှစ်ခြိုက်ခြိုက် အထပ်ထပ်ဖတ်ခဲ့တယ်။ ဂီတလုလင်မောင်ကိုကိုနဲ့ ကိုစောညိမ်းတို့ ငယ်ဘ၀ ပါလာတော့လည်း ပိုစိတ်ဝင်စားခဲ့တယ်။ မင်းလိုလူစား အများကြီးဟေ့ ဆိုတဲ့ ပြန်ပေးဆွဲသီအိုရီ တခုနဲ့ အဲဒီစာအုပ်ရဲ့ Theme ရယ် ဇာတ်သိမ်းပုံရယ်ကို တော်တော်စွဲလန်းခဲ့ပါတယ်။

အောင်သာငယ် July 30, 2009 at 3:01 PM  

အနန်းဟာဗီးတို့ ချီလေသော်လည်းတို့ ခုမှပဲ ပြန်လွမ်းမိတော့တယ်...

MANORHARY July 30, 2009 at 7:00 PM  

စာအုပ်စင်ကိုလွမ်းပါတယ်ဆိုမှ...း(
ဦးအောင်ချိမ့်ကို ဒီပို့စ်လေးပေးဖတ်လိုက်ရင်ကောင်းမယ်နော်း)

ကိုအောင်(ပျူနိုင်ငံ) July 30, 2009 at 9:04 PM  

“နင်လို လူစား အများကြီး” လို စကားက ကျနော် သိသလောက်တော့
ပါတီသုံးခုမှာ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သူတစ်ဦးကို ရုပ်ရှင်မင်းသား တစ်ဦး
က ပြောတဲ့ စကားလို ထင်ပါတယ်။ ရန်ကုန်ဘဆွေနဲ့ ဦးသိန်းဖေမြင့်
ပေးစာစာအုပ်လေး ပြန်ဖတ်ချင်တယ်ဗျာ။

tin min htet July 30, 2009 at 9:31 PM  

ကိုအောင် ခင်ဗျား "ဦးသိန်းဖေမြင့်သို့ အိပ်ဖွင့်ပေးစာ" ကျွန်တော့်မှာ ရှိပါတယ်။ ရှိတာမှ စာပြန်ရိုက်ပြီး မြန်မာကျူးပစ်မှာ တင်ထားပါတယ်။ ပီဒီအက်ဖ်လိုချင်ရင်တော့ ၃-၄ ရက်စောင့်ပါ။

T T Sweet August 1, 2009 at 1:05 PM  

အော် ... စီဘောက်မှာတော့တွေ့နေသားပဲ။ ကိုတင်မင်းထက်ဆိုတာ စာဂျပိုး ... စာပေအိုးကြီး ကိုထက်ဖြစ်နေတာကိုး ... အဲလောက်ထိတုံးတာ ... ကိုယ့်မောင်ရေးတာတွေကို နောက်မှ အေးဆေးလာဖတ်ဦးမယ်။

Moe Cho Thinn August 20, 2009 at 1:12 AM  

မှန်ကူကွက်လေး ကြည့်ရသလိုပဲ။ တဖျတ်ဖျတ်လက်နေတယ်။

ပိုင်ကြီး October 6, 2010 at 7:39 AM  

"ဦးသိန်းဖေမြင့်သို့ အိပ်ဖွင့်ပေးစာ"စာမူကိုဘယ်မှာသွားဖတ်ရမလည်းခင်ဗျား..
လိုချင်ပါတယ်..ကျွန်တော်လည်းရန်ကုန်ဘဆွေစာအုပ်တွေဆိုရင်..ကြိုက်ခဲ့ဘူးပါတယ်..
ဥပမာ..ရိုးမတိုက်ပွဲ..တို့လိုမျိုးမအောင်မြင်တဲ့စာတွေကအစ..
နောက်ဆုံး..တိုက်ယူရသောမျက်ရည်တစ်စက်လား.ပဲ.
နောက်..ရွှေဝါပြည်..စသဖြင့်ပေါ့...
အခုလိုရန်ကုန်ဘဆွေစာအုပ်အကြောင်းတွေပြောတော့..ဖေဖေကိုသတိရတယ်..ဖေဖေကရန်ကုဘဆွေအသဲဆွဲလေ...သူက..ရတဲ့နေရာမှာဝယ်စုနေကျ..

tin min htet October 6, 2010 at 11:31 AM  

"ဦးသိန်းဖေမြင့်သို့ အိပ်ဖွင့်ပေးစာ"

http://shwewarpyi.blogspot.com/2009/07/blog-post_9961.html

မြသွေးနီ March 9, 2012 at 10:52 AM  

ကျေးဇူးတင်ပါတယ် ကိုတင်မင်ထက်..။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP