Dec 2, 2009

ဖော်ဝဒ်မေးလ်




ဖော်ဝဒ်မေးလ်တွေ ရတတ်ကြပါသလား။ အီးမေးလ် သုံးသူတွေရဲ့ ၁ဝဝ% က ရပါတယ်လို့ ဖြေကြမှာပါ။

အီးလ်မေးလ်ဟာ အနေဝေးနေကြတဲ့၊ တွေ့ဆုံဖို့ မလွယ်တဲ့ ဆွေမျိုး အပေါင်းအသင်းတွေ အလွယ်တကူ ထိတွေ့ ဆက်သွယ်လို့ရတဲ့ အသုံးဝင်လှတဲ့ ခေတ်ပေါ် နည်းပညာတခုပါပဲ။ ဟိုးအရင်တုန်းကတော့ စာရေးပြီး စာတိုက်ကနေ ပို့ကြတယ်။ ကိုယ်ရေးကိုယ်တာနဲ့ အတူ နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာစုံ ပါဝင်တဲ့ ပေးစာတွေကို စုပြီး ဘယ်သူဘယ်ဝါ့ ပေးစာများ ဆိုပြီး စာအုပ်တောင် စုထုတ် တတ်ကြသေးတယ်။

ဘယ်သူ့ အီးမေးလ်များ ဆိုပြီး စာအုပ် ထုတ်ဖို့တော့ မလွယ်ပေဘူး။ ကျွန်တော်တို့ပို့တဲ့ မေးလ်အများစုက အလွယ်တကူ ပို့လို့ရတဲ့ ဖော်ဝဒ်မေးလ်တွေ ဖြစ်နေတာကိုး။ မူရင်းက ဝဘ်ဆိုဒ်တခု၊ ဘလော့ဂ်တခု ဖြစ်နေတာလည်း များတာကိုး။ ဒါပေမဲ့ ဖော်ဝဒ်မေးလ်လည်း မဆိုးပါဘူး အနည်းဆုံး "သူ ငါ့ကို သတိရသားပဲ" လို့ သိရတာပေါ့။

ဖော်ဝဒ်မေးလ်တွေရဲ့ အကြောင်းအရာကလည်း စုံပါတယ်။ ဟာသတိုထွာ အစ၊ နှလုံးရောဂါ ကာကွယ်နည်း အလယ်၊ မော်ဒယ်မလေး အိပ်ခန်းထဲမှာ ဖုံးပြောနေပုံ အဆုံး အားလုံးပါပါတယ်။ အများစုက စိတ်ဝင်စားစရာပါ။ တချို့ သူငယ်ချင်းတွေ ပို့တဲ့ မေးလ်တွေကိုတော့ ရုံးမှာဖွင့်ရင် ကမန်းကတန်း ပိတ်ပြစ်ရလွန်းလို့၊ ဘယ်သူတွေ ပို့တာဆို ရုံးမှာ ဖွင့်လို့ မဖြစ်ဆိုတာမျိုး မှတ်ထားရတယ်။

မကြိုက်တဲ့ ဖော်ဝဒ်မေးလ်တွေလည်း ရှိပါတယ်။ ပထမတမျိုးက ရွှေပေလွှာ။ ငယ်ငယ်ကတော့ ဒီလို စာမျိုးတွေက စာတိုက်က လာပါတယ်။ ဆရာတော်ဘုရားကြီး အိပ်မက်ဆိုတာမျိုး။ ခုတော့ အကြောင်းအရာ ပြောင်းသွားပါပြီ။ ငွေနတ်သမီးတို့၊ ဦးဘီဂိတ် မေတ္တာဝေတယ်တို့ ဖြစ်သွားပါပြီ။ ပို့တဲ့သူရော ရတဲ့သူပါ အချိန်ကုန်ပါတယ်။ နောက်တမျိုးက Internet Hoaxes ခေါ်တဲ့ အလိမ်အညာ သတင်းတွေပါပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ထန်းပင်လောက်မြင့်တဲ့ လူတွေရဲ့ အရိုးစုတွေ့တာတို့၊ လျှာထဲက ပိုးဟပ်တို့ စသည်ဖြင့်ပေါ့။

အကောင်းအဆိုး ရောနေတဲ့ ဖော်ဝဒ်မေးလ်ကတော့ မြန်မာ ဘလော့ဂ်တွေက၊ ဝဒ်ဆိုဒ်တွေက ကောင်းနိုးရာရာလေးတွေ ကူးပြီးပို့ပေးတာပါ။ ကိုယ် လက်လှမ်းမမှီတဲ့၊ သတိမထားမိလိုက်တဲ့ သတင်း၊ ဗဟုသုတ၊ ရသစာစု စတာတွေ ပါတတ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ဆိုးတာက ရေးတဲ့သူနဲ့၊ မူလဆိုဒ် မပါတာ များပါတယ်။ စာတပုဒ်လုံးကို ဓာတ်ပုံတွေပါကူးပြီးမှ ဘာလို့ရေးသူ နာမည် ချန်ထားခဲ့ကြသလဲ စဉ်းစားမရပါ။

ဒီနေ့ မနက်ပဲ ဖော်ဝဒ်မေးလ်တစောင် ရပါတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဟောင်း နိုင်ငံခြားသူ ရေးတဲ့ စာအုပ်အကြောင်းပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထုံးစံအတိုင်း ရေးသူ နာမည်တော့ မပါပါ။ ပို့ပေးသူ သူငယ်ချင်းကတော့ ဖော်ဝဒ်မေးလ် ဖြစ်ကြောင်း၊ မူရင်းရေးသူကို ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။ ဒါနဲ့ပဲ စာပိုဒ်ထဲက ထူးခြားတဲ့ စာသားတခု ဖြစ်တဲ့ "ကိန္ဒရီ နဲ့ မာယာရီ" ဆိုတာကို ကူးပြီး Google မှာ ရှာကြည့်လိုက်တော့ မကေသွယ် ဘလော့ဂ်ကဆိုတာ သိရပါတယ်။ ဒီမှာပါ ..


Twilight over Burma

ကျွန်တော် ပြောချင်တဲ့ သတင်းစကားက ကိုယ်ကြိုက်တဲ့ (နာမည်မပါတဲ့) ဖော်ဝဒ်မေးလ်တခုကို ထပ်ပြီး ဖော်ဝဒ် မလုပ်ခင်မှာ၊ စာသားထဲက တခု နှစ်ခုကို ကူးပြီး Google မှာ ရှာကြည့်လိုက်ပါ။ မေးလ်ထဲမှာလည်း ဇော်ဂျီဖောင့်၊ မြန်မာဆိုဒ် အများစုကလည်း ဇော်ဂျီဖောင့် ဆိုတော့ မူလ စာကို တွေ့ပါလိမ့်မယ်။ ဒါဆို ခုနက ကိုယ်ကြိုက်တဲ့ မေးလ်မှာ ရေးသူနာမည်လေး ထည့်ပေးပြီး ဖော်ဝဒ်လုပ်လိုက်ရင် ပြည့်စုံတဲ့ ဖော်ဝဒ်မေးလ် တစောင် ဖြစ်သွားပါလိမ့်မယ်။

6 comments:

Anonymous,  December 2, 2009 at 1:11 PM  

အစ်ကိုရေ
စေတနာကောင်းတဲ့ ဖော်ဝပ်မေးလ်တွေနဲ့
ကော်ပီရိုက်တွေနဲ့
စေတနာကောင်းပြီး မိမိဘလော့မှာ ပြန်လည်ဖော်ပြသူတွေနဲ့
အားလုံး ဂျာအေးသူ့အမေရိုက်နေတယ်ဗျာ............

ကျနော်လည်း မျှဝေခြင်းနှင့်စပ်လျဉ်း၍ဆိုတဲ့ ပို့စ်တစ်ပုဒ်ရေးဖူးတယ်။

ဒါ့ထက်ဆိုးတာက ပြည်တွင်းက နာမည်ကြီး မဂ္ဂဇင်းတစ်စောင်က ဘလော့တွေဆီက ကောင်းနိုးရာရာလေးတွေကို စင်တင်ပေးတယ်ဆိုပြီး ဘလော့ပိုင်ရှင်ခွင့်ပြုချက်မယူပဲ ထည့်သွင်းဖော်ပြနေတာ လည်းရှိသေးတယ်ဗျ။

သက်ပြင်းပဲချမိတယ်အစ်ကိုရာ။

အစ်ကို့ပို့စ်လေးအတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

kay December 2, 2009 at 2:36 PM  
This comment has been removed by the author.
kay December 2, 2009 at 2:43 PM  

ကျမဆီလည်း တလောက မှ ညီမတွေ ဆီက..၀င်လာလို့..ပြုံးမိရတယ်။
တကယ်တော့..အင်တာနက် သုံးသူ ဗမာ တချို့အနေနဲ့.. မူပိုင်ခွင့် တို့ acknowledgement ( အသိအမှတ်ပြု ဖော်ပြ တာတို့ အပါအ၀င်..အင်တာနက် ကျင့်ဝတ်တွေ ( ဥပမာ- အဆင့်ဆင့်ဖော်ဝဒ်လုပ်လာတဲ့.. လိပ်စာတွေကို ဖျက်ပီးမှ..ဆက်ပိုသင့်တာ မျိုး ...bcc ( blind attach ) လုပ်သင့်တာ တွေကို..မယဉ်ပါး သေးတာကြောင့်လဲ.. အဲဒီလို တွေ ဖြစ်နေတယ် ထင်တာပဲ။

Anonymous,  December 2, 2009 at 2:59 PM  

အမဆီကို ၀င်လာတဲ့ မေးလ်လိပ်စာ တသီကြီးနဲ့ ပို့သူတယောက်ကို ဘီစီစီ သုံးသင့်တယ်လို့ ပြောတော့ ဘီဘီစီ အဓိပ္ပါယ် ရှင်းပြပါတဲ့။ ဘီဘီစီ မဟုတ်ပါ။ ဘီစီစီပါ လို့ ပြန်ရှင်းပြပေးလိုက်တယ်။ အဲလို မပို့ဖို့ သေချာပြန်ရေးတာကို တချို့တွေက ပြန်ရန်တွေ့နေသေးတယ် ။
တခါက ခင်မမမျိုးရဲ့ ၀တ္တုတိုတပုဒ်ကိုလဲ ရေးသူမပါပဲ ဖော်ဝက်မေးလ်ရောက်လာလို့ ရေးသူ ဘယ်သူပါ သူ့ရဲ့ မူရင်းပို့စ်က ဒီလင့်မှာပါလို့ ပြန်ပို့ပေးလိုက်ရတယ်။ ခုကိုတင်မင်းထက် ပြောသလို ရေးသူကို ရှာပြီး ပြန်ပို့ပေးတဲ့နည်းကို နောက်ပိုင်းသုံးတော့မယ်။

လေးစားစွာဖြင့် ခင်မင်းဇော်

Anonymous,  December 2, 2009 at 9:18 PM  

ဟုတ်ပ ခုပဲရလိုက်လို့ ကေ့နာမည်တပ်ပြီး ပြန်ပို့မလို့
ခါတိုင်း နိုင်းနိုင်းစနေ စာတွေတွေ့ရင်တော့ ဒါ နိုင်းနိုင်းစာပါလို့ပြန်တပ် ပို့ပေးဖြစ်တယ်။
မနော်ဟရီ

Unknown December 2, 2009 at 10:17 PM  

Hi Ko Tin Min Htet,
Good day to you.
Really glad to know your idea. Yeah, that's right! the blogger name should add in all forward mails if they come from blog. I totally agree with you.

But for me, I didn't know the way how to find the sources of them before.Thanks you for posting how to trace original one using google.

Actually, our people(including me)are living and doing business for a long time never ever pay attention on copy right law. So we are always forget to consider the right trend.
Say you once again "thanks you" for wake me up.

Wish you be the best
Aung Myo Khant

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP