Feb 11, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၄)

စာအုပ် အဖုံး ဒီဇိုင်းကလည်း နေဝင်းအောင် ပါပဲ။ တကယ်က အဖုံးက ၂ ထပ်ပါ။ အတွင်း တထပ်က ကျော်သီဟ နဲ့ ကျွန်တော့် ဒီဇိုင်းပါ။ အပြင်အဖုံးနဲ့ အိုင်ဒီယာကတော့ အတူတူပါပဲ။ ခေတ်ပေါ် ပန်းချီ ပုံစံမျိုး ဖြစ်ပါတယ်။

ကျောင်းထဲမှာ ထုတ်တဲ့ ကဗျာစာအုပ်တွေ တော်တော်ကို အဆက်ပြတ် နေချိန်မှာ ထွက်လာတာ ဆိုတော့ စိတ်ဝင်စားကြပါတယ်။ (ကျွန်တော် မှတ်မိသလောက်တော့ ၉ဝ ခုနှစ် နောက်ပိုင်း အရင်ဆုံး ပြန်ထွက်တဲ့ စာအုပ် ဖြစ်မယ်ထင်ပါတယ်။) အထဲမှာကလည်း တပုဒ်ချင်းစီကို သရုပ်ဖော်ပုံလေးနဲ့ ဆိုတော့ စာအုပ်လေးက ပုံစံသွက်နေပါတယ်။


ကိုယ်တိုင် လိုက်ရောင်းသလို၊ ကဗျာပါတဲ့ သူတွေရော၊ နီးစပ်ရာ သူငယ်ချင်းတွေကိုရော ခွဲပေးပြီး ကျောင်းပေါင်းစုံမှာ လိုက်ရောင်းခိုင်းပါတယ်။ မိန်းထဲကိုတော့ မရောက်ဖြစ်ပါဘူး။ အာစီတူး ထဲမှာတော့ နေရာ အနှံ့ပါဘဲ။ အလယ်ကန်တင်း၊ လူငယ်ကန်တင်း၊ ကျောင်းကားစောင့်တဲ့ နေရာ စသည်ဖြင့်ပေါ့။ အဖော်ကလည်း ကောင်း၊ ပျော်ကလည်း ပျော်နေတော့ ရှက်တယ် ဘာတယ် မရှိပါဘူး။

မာနလည်း နည်းနည်းတော့ ထားပါတယ်။ ကဗျာ မဖတ်တတ်ဘူး၊ စိတ်မဝင်စားဘူး၊ အားနာလို့ ဝယ်လိုက်မယ် ဆိုရင် အတင်းမရောင်းပါဘူး။ ဟုတ်တယ်လေ၊ စီးပွားရှာတာမှ မဟုတ်တာ။ မဖတ်တဲ့ သူတယောက်ဆီ တအုပ်ရောက်သွားရင် တအုပ်နာပါတယ်။ စာအုပ်က တလ မပြည့်ခင် ကုန်သွားပါတယ်။

ရောင်းရငွေကတော့ ကဗျာ စာအုပ်တို့ ထုံးစံအတိုင်း ရောင်းပေးတဲ့ သူတွေနဲ့ လက်ဖက်ရည် သောက်လိုက်ကြ၊ သူများကျောင်း သွားရောင်းကြရင်း ထမင်းစားလိုက်ကြနဲ့ ကုန်တာပါပဲ။

***

အဖွင့်ကဗျာက တီချယ်မေငြိမ်းပါ။ "အိပ်မက်ပျော်" ... တဲ့။

အိပ်မက်ပျော်

ရင်တစ်ခုန်
အပြုံးတစ်ချက်
ထွက်သက်ဝင်သက်နဲ့ငြိ
ပီဘိပီတိ ...

အောင်မြင်ခြင်း
ပန်းခင်းများ
တေးသီချင်းနဲ့အတူ
လိပ်ပြာလူတွေ
သာယာတဲ့သက်တန့်ထဲ
ပျော်စရာတွေနဲ့နေ ...

ကမ္ဘာ
လှပစွာ
ပန်းတွေပွင့်
နေခြည်သာ
စမ်းရေစီး
ဂီတာတီးလို့လဲကောင်း ...

စုတ်တစ်ချက်
အရောင်လွင်
နုနွဲ့ပြောက်မွှန်း
တောက်ရွှန်းတဲ့ရောင်စဉ်တွေဖန်တီး
ရှုမငြီးနိုင် ...

ချစ်သူ
မငြူစူ
ဖြူစင်ပြုံး
အမုန်းဆိုတာမသိ
ရင်ထဲငြိစရာ အသံချိုနဲ့ ...။

မေငြိမ်း

သူက အဲဒီ ခေတ်မှာ လုံးချင်းနဲ့ နာမည်လည်း ကြီးနေပြီး အာစီတူးမှာ ဆရာမလည်း ဖြစ်တော့ ကျောင်းအသိုင်းအဝိုင်းမှာ လူသိများပါတယ်။ တီချယ်မေငြိမ်းလည်း ပါပါတယ် ဖတ်ကြည့်ပါဦး စသည်ဖြင့် သူ့ ကဗျာ ပြပြီး ရောင်းရတာလည်း မနည်းပါဘူး။

တီချယ်မေငြိမ်းက စာရေးဆရာမ ပုံ အပြည့်၊ မေးရိုးပေါ်ပေါ် လူဟန်သွယ်သွယ်၊ ရင်ဖုံးအင်္ကျီ ခပ်ပွပွနဲ့၊ ဘူမိက သူတွေက အမေလို့ ခေါ်ကြပါတယ်။ ကျွန်တော်နဲ့လည်း အဲဒီ ကထဲက စပြီး ခင်သွားလိုက်တာ ကျောင်းတက်နေချိန် တလျှောက်လုံးသာမက ခုထက်ထိလည်း အဆက်အသွယ် မပြတ်ပါ။ ဆရာတပည့်လိုရော၊ သူငယ်ချင်းလိုရော ပေါင်းဖြစ်တယ်လို့ ပြောရမလားပဲ။

စာအုပ် စုလုပ်ပြီးတဲ့နောက် ကျွန်တော်တို့ အားလုံး ရဲဘော်ရဲဘက်တွေလို ခင်သွားကြပါတယ်။

***

"ဝိညဉ်ပြာ ..." မှာ စာစီအမှား တခုတော့ ပါသွားပါတယ်။ နောက်ဆုံး အပိုဒ် ဖြစ်တဲ့ စိုးစိုး ရဲ့ ကဗျာမှာ စာကြောင်းတကြောင်း ကျန်ခဲ့ပြီး၊ စာပုဒ်စီတာလည်း မှားသွားပါတယ်။ သူ့ စာအုပ်ထဲက မူအဟောင်းကို နေဝင်းအောင်က ကူးလိုက်မိတာ ဖြစ်နိုင်ပါတယ်။ သူ နဲ့ ကျွန်တော် ပရုဖ်ဖတ်နေရင်းနဲ့ ဘယ်လို လွတ်သွားတယ် မသိပါ။ အကြွေးဆပ်တဲ့ အနေနဲ့ အခု တင်ပေးလိုက်ပါတယ်။

သက္ကရာဇ် ၂၀ဝ၀ ရဲ့ ကျန်းမာရေး

ကောင်းကင်ကို အရင်းတည်
စီးဆင်းသွားစေ
ရေအလျဉ်မက်လုံး
ဖုန်းဆိုးမြစ် အကြွင်းအကျန်များ
မီးလိုပဲပြုစား ...။

ကန္တာရနဲ့ပင်လယ်
အာဟာရမွတ်သိပ်
အဆိပ်သင့်သက်ပြင်း
ဖြောင့်ချက်စစ်မှန်ရဲ့လား ...။

လေညင်းကလေးတွေအတွက်
ပြတင်းတံခါးဖွင့်ထားပါ ...။ ။

နေဆူးသစ်

အဲဒီတုန်းက အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ ဆိုတာကလည်း ခေတ်စားနေ။ အနာဂတ်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတဲ့ ကဗျာပေါ့။ ခုတော့ သက္ကရာဇ် ၂ဝ၁ဝ၊ ကမ္ဘာကြီးရော၊ မြန်မာပြည်ရော၊ ကျွန်တော်တို့ရော မကျန်းမာ ကြသေးပါဘူး။

***

စာအုပ်ထွက်လို့ ကျောင်းမှာ လိုက်ရောင်းတော့ တချို့ကလည်း အံ့ဩကြတယ်။ ကျွန်တော်က ကဗျာဆရာပုံ မပေါက်တဲ့ အပြင် ၁ တန်း တုန်းက အတန်းထဲမှာ မြားပစ် ချန်ပီယံ (၁ တန်း ဆိုတာ ပထမနှစ်)။ တက္ကသိုလ်ရောက်ရင် စက္ကူမြားပစ်ကြတယ်လို့ ကြားဖူးတော့ ပစ်လိုက်ကြတာ။ အခြား ကျောင်းတွေမှာတော့ မြားမှာ စာလေးတွေ ရေးပြီး ပစ်လိုက်ကြတယ် ထင်ပါရဲ့။ ကျွန်တော်တို့ ကတော့ ရှိသမျှ ဗလာစာအုပ် ကုန်အောင် ကလေးတွေလို ပျော်ပျော်ကြီး ပစ်ကြတာပါ။ ဆက်ရှင်ဘီ မှာဆိုတော့ မိန်းကလေးက ၁ဝ ယောက်တည်း၊ ယောကျာ်းလေးက ၁၉ဝ။ ဘဲအုပ်ကြီး ပစ်သမျှ မဗေဒါတွေမှာ အလူးအလဲပါပဲ။

***

ကျွန်တော်တို့ ပုံစံကလည်း ဝတ္ထုထဲက၊ ရုပ်ရှင်ထဲက ကဗျာဆရာတွေနဲ့ မတူပါဘူး။ ကိုညီ (သရဝဏ်) တယောက်ကတော့ ပါးလျလျ၊ ခပ်ဆွေးဆွေး ဟန်နဲ့မို့ ကဗျာဆရာနဲ့ အတူဆုံး ပါပဲ။ ပင်းယမှာ နေတဲ့ ကိုညီက အမြဲတမ်းလို အင်္ကျီအဖြူ နဲ့ ကချင်ပုဆိုး ဝတ်ပါတယ်။

တကယ်တော့ ကျောင်းသားအားလုံး အင်္ကျီအဖြူပဲ ဝတ်ကြတာ များပါတယ်။ ဘောင်းဘီ ဝတ်ခဲကြပြီး ကချင်ပုဆိုး၊ ယောပုဆိုး ခေတ်စားပါတယ်။ ဘောင်းဘီ မချွတ်တန်း ဝတ်တဲ့သူက လက်ချိုးရေလို့ ရပါတယ်။ လွယ်အိတ်ကတော့ ကျော်သူ စတိုင် အထုံးနဲ့။

မိန်းကလေးတွေ ဝတ်စားပုံကိုတော့ ရွှေတိုး (ကျွန်တော့် မဒမ်) ကိုပဲ နမူနာ ပြရမှာပဲ။ အာစီတူး မှာတုန်းက ဒူးခေါင်းအောက် တဘီတိုတို၊ အင်္ကျီပွပွ၊ သိုးမွှေးလွယ်အိတ်၊ နားဆွဲကြီးကြီးနဲ့။ မဟာတန်းတက်တော့ အပျော့သား လုံချည် ခပ်ပျော့ပျော့ကို ခပ်နွဲ့နွဲ့ဝတ်တဲ့ ခေတ်ဖြစ်နေပါပြီ။

မိန်းကလေးတွေ ဖက်ရှင်ပြောင်းတယ် ဆိုတာ အင်္ကျီ ပွလိုက် ကျပ်လိုက်၊ လုံချည် ရှည်လိုက် တိုလိုက်၊ ဆံပင် ကောက်လိုက် ဖြောင့်လိုက်ပဲ မဟုတ်လား။ ဒါပေမဲ့ ကျောင်းထဲမှာ ဘယ်သူမှ လျှပ်ပေါ်လော်လီတဲ့ ပုံမျိုး မဝတ်ကြပါဘူး။ အာအိုင်တီကတော့ ပိုတောင် ရှေးဆန်ပါသေးတယ်။ ၁ တန်း တုန်းက ဘောင်းဘီရှည် ဝတ်လာတဲ့ ကျောင်းသူကို တန်းလုံးကျွတ် ဝိုင်းနောက်ကြတာ မှတ်မိပါသေးတယ်။

***

(ဆက်ရန် ...)

(စကားမစပ် .. မစုချစ်သူ နဲ့ ဘကျောက် တဂ်ထားတဲ့ ကိုယ့်အကြိုက် ကို ရေးပြီးသွားပြီနော်။ ရွှေတိုး ဝတ်တာ မှန်သမျှ ကျွန်တော့် အကြိုက်ပဲ ဖြစ်နေတာကိုး :P)

9 comments:

Kay February 12, 2010 at 12:02 AM  

သြော်..သြော်..ရှည်လိုက်..တိုလိုက်..ပွလိုက် ကျပ်လိုက်..ကောက်လိုက ဖြောင့်လိုက် လေး တွေ နဲ့ပဲ..ဘ၀သံသရာ ကြီးပေါ့လေ..။း)

ကျမ က တော့..အာစီတူးမှာ..ကဗျာ စာအုပ် လိုက်ရောင်းရင်.. ထွက်ပြေး တာပဲ..း)

Anonymous,  February 12, 2010 at 12:45 AM  

အတည်ပေါက်ရေးနေတာကို နည်းနည်းဝင်နောက်မယ် အကို ။
”မဖတ်တဲ့ သူတယောက်ဆီ တအုပ်ရောက်သွားရင် တအုပ်နာပါတယ်။” ဒီလို မျိုး ကဗျာချစ်စိတ်ကို ကဗျာစာအုပ်ရောင်းဖူးမှသိမည်လော၊ ရော ၊ ကြိုက်သည်။
”အပျော့သား လုံချည် ခပ်ပျော့ပျော့ကို ခပ်နွဲ့နွဲ့ဝတ်တဲ့ ခေတ်ဖြစ်နေပါပြီ။ ” ဒီအရေးအသားမှာ ခပ်နွဲ့နွဲ့ ဆိုတာကို သတိထားမိတယ် ။ ဘယ်လို့ နွဲ့တာလဲကို စဥ်းစားကြည့်မိတယ် ။ ရေးတာလေးလှတယ် ။

”မိန်းကလေးတွေ ဖက်ရှင်ပြောင်းတယ် ဆိုတာ အင်္ကျီ ပွလိုက် ကျပ်လိုက်၊ လုံချည် ရှည်လိုက် တိုလိုက်၊ ဆံပင် ကောက်လိုက် ဖြောင့်လိုက်ပဲ မဟုတ်လား။” ဖော်လိုက်၊ ဆွဲချလိုက် ။ဆွဲဖုံးလိုက်လို့ ဆက်ရေးရင် ရွှေပွဲလာ ပရိသတ်ထဲမှ အမျိုးသမီးထုကြီး ကြိုက်ချင်မှကြိုက်မည်လော ၊ ရော ။

”ဆက်ရှင်ဘီ မှာဆိုတော့ မိန်းကလေးက ၁ဝ ယောက်တည်း၊ ယောကျာ်းလေးက ၁၉ဝ။ ဘဲအုပ်ကြီး ပစ်သမျှ မဗေဒါတွေမှာ အလူးအလဲပါပဲ။” ဒါလေးက မေးခွန်းလေးဖြစ်ရင်ဘယ်လိုနေမလဲ ။ ကောင်မလေး တယောက် လက်ချာတစ်ချိန်အတွင်းရနိုင်မည့် မြား အရေ အတွက်ကို စိတ်ဝင်စားပါက ဆက်လက်တွက်ချက်ပါ ။ ဆိုတာမျိုး ။ ( envents အဖြစ်အပျက်တွေက ရှေ့ နောက် မှခိုမနေဘူး၊ သူရတဲ့ မြားပေါ်ကစာနဲ့ ကိုယ်ရတဲ့ မြားပေါ်ကစာ ဘယ်တူလို့ ဖြစ်မတုန်း ၊ လိုင်းပူးရင် ရှော့ရိုက်သွားမှာပေါ့)
ပျော်စေ ၊ ပျော်စေပါ ၊ ပျက်စေ မဟုတ်ပါ
စာကြွင်း ၊ သရဝဏ် (ပြည်)ဆိုတာ ခရီးသွားဆောင်းပါးတွေရေးနေတဲ့ ဆရာလား၊

Pwint Myue Zin February 12, 2010 at 7:30 AM  

ကြိုက်တယ်.. မင်းလုပ်သမျှကြိုက်တယ်ဆိုတဲ့ တင့်တင့်ထွန်းသီချင်းလိုပဲပေါ့လေ.. တို့အစ်ကိုကြီးကတော့ ဟင်းကောင်းစားရအောင်းကြံနေသလားပဲ..

မေငြိမ်း February 12, 2010 at 8:55 AM  

ငထက်ရေ..
အလွမ်းမပြေဘဲ.. ပို လွမ်းလာတယ်.. အဲဒီတုန်းက... တကယ့်လက်တွေ့မှာ အပျော်တွေ မရလို့ အိပ်မက်ထဲ ထည့်မက်ပေမဲ့.. ကျောင်းက ဆရာမဘ၀ထဲမှာတော့ တကယ် နေပျော်ခဲ့တာ...။ သတိရတယ်..။

MANORHARY February 12, 2010 at 11:32 AM  

ကမ္ဘာကြီးလည်းမကျန်းမာသေးဘူး
ငါတို့လည်းမကျန်းမာသေးဘူး
ကမ္ဘာကြီးရဲ့နာမကျန်းမှုတွေကို ကုသဖို့
ကျွန်တော် ကဗျာဆရာလုပ်မှဖြစ်မယ်ဆိုတဲ့
ကဗျာဆရာတစ်ယောက်လည်း ခြေကုန်လက်ပမ်းကျလို့
အမမေငြိမ်းပြောသလိုပဲ ပိုလွမ်းလာတယ်
ငါတို့ကို မနေနိုင်မထိုင်နိုင် ကဗျာစာအုပ် လုပ်ချင်စိတ်
ဖြစ်စေခဲ့တဲ့ ၉၀နောက်ပိုင်း ပထမဆုံးကဗျာစာအုပ်ဟာ
ဝိညာဉ်ပြာတို့ မိုးကောင်းကင် ပဲပေါ့ ...

လင်းဒီပ February 12, 2010 at 10:51 PM  

အစ်ကိုခေတ်ကို ငေးကြည့်ခံစားသွားပါတယ်...။

ကျွန်တော်တို့ခေတ်မှာတော့
ပိုမိုနာမကျန်းဖြစ်လာတဲ့ ခေတ်ကြောင့် မျှော်လင့်ချက်တွေကလည်း ပိုမို လျော့ရဲလာခဲ့ရတယ်..။

အခုတော့လည်း ပြီးသွားခဲ့ပါပြီ...
ကျောင်းသားဘဝရဲ့ဒိုင်ယာရီဆိုတာ တစ်မျက်နှာစာတောင် ကြယ်မစုံခဲ့ဘူး ။

လင်းဒီပ February 12, 2010 at 10:52 PM  

အစ်ကိုတို့ခေတ်ကို ငေးကြည့်ခံစားသွားပါတယ်...။
(စာရိုက်တာ မှားသွားလို့.. အသက်ကြီးပြီဆိုတော့ :P)

ရွှေရတုမှတ်တမ်း February 13, 2010 at 7:23 AM  

မဒမ် ဝတ်တာမကြိုက်လို့မရဘူးလေ
ကြိုက်ကို ကြိုက်ရမယ်...အရေးအကြီးဆုံး ကိုယ့်အကြိုက်က အဓိကပဲလေ...

Moe Cho Thinn February 15, 2010 at 1:18 PM  

ရွှေတိုးရေ.. မြားပစ်ချန်ပီယံ တဲ့ဟ..

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP