Feb 28, 2010

ကဗျာမြစ်များ ဆုံစည်းဝေးကွာ (၆)

တည အိမ်နားမှာ လက်ဖက်ရည်ဆိုင်မှာ သားမွှန်းနဲ့ ထိုင်ကြရင်း သူတို့ Civil မှာ ကဗျာဆရာ တယောက်ရှိတယ်။ မိတ်ဆက်ပေးမယ် ဆိုပြီးပြောပါတယ်။ နောက်နေ့ ကျောင်းကန်တင်းက ကျွန်တော်ထိုင်နေကျ "ဝင်း" မှာ ဆုံတော့ ဘေးဝိုင်းက တယောက်ကို "ဒါ - အံ့ဆွေ၊ ဒါ - တင်မင်းထက်" ဆိုပြီး မိတ်ဆက်ပေးပါတယ်။ တကယ်က မြင်ဖူးနေကျ သူတွေ ပါပဲ။ ဒီဆိုင်မှာ ထိုင်နေကြသူတွေပါပဲ။ ယောက်ျားလေးချင်းက ခပ်ပါးပါးမို့သာ နာမည် မသိကြတာ။

"ဝင်း" က ကန်တင်းကို ကျောင်းဖက်က ဆင်းလာရင် ဘယ်ဖက်ခြမ်း အလယ်နား ကျော်ကျော်မှာပါ။ ကန်တင်းက မျက်နှာချင်းဆိုင် သွပ်မိုး ဆိုင်တန်းရှည်ကြီး ၂ ခု။ အလယ်ကွက်လပ်က တော်တော်ကျယ်ပါတယ်။ ကျွန်တော်က ဘယ်ဖက်ခြမ်းမှာ ထိုင်တာများပါတယ်။ ဆင်းလာလိုက်ရင် စစခြင်းက ရှမ်းခေါက်ဆွဲဆိုင်၊ အအေးဆိုင်လေးတွေ၊ ပြီးတော့ ဆရာဦးစိုးလွင် ရဲ့  "ကန်သာယာ" (တရုတ်ထမင်းဟင်း တကယ်ကောင်းပြီး သမိုင်းဝင်း အဆောင်ကန်တင်းက ကန်သာယာနဲ့ အတူတူပါပဲ)၊ ပြီးတော့ လမ်းကျဉ်းလေး ခြားပြီး နောက်ထပ် တရုတ်ဆိုင် တခု ဖြစ်တဲ့ "အောင်သိပ္ပံ"။ ပြီးတော့ ဝင်း၊  အခြား ဗမာ ထမင်းဆိုင် တဆိုင်၊ ကြံရည်ဆိုင် စတာတွေ ခြားပြီး "နွေးအေး"။ ပြီးတော့ အပျိုကြီး ညီအမတွေရဲ့ "ကျားပျံမောင်ကောင်း" ထမင်းဆိုင်။

ညာဖက်ခြမ်း အစွန်ဆုံးက "မေတ္တာပေါင်းကူး" က အတန်းကြီးတွေ ထိုင်တဲ့ဆိုင်ပါ။ ခင်မောင်တိုးခွေတွေ ဖွင့်တတ်ပြီး၊ ကိုနေဝင်းတို့ ကိုရဲလွင်တို့ ကျောင်းထဲလာရင်လည်း ပေါင်းကူး မှာ ထိုင်ကြပါတယ်။ ကျွန်တော်တို့ကျောင်းက မင်းသား မင်းသမီး ရုပ်ရှင်လာရိုက်တာထက်၊ ကိုနေဝင်းတို့ကို လူပိုဝိုင်းပါတယ်။ ကျွန်တော်ကတော့ အတန်းကြီးရောက်တဲ့ အထိ "ဝင်း" မှာပဲ ထိုင်ပါတယ်။ ထိုင်သာ ထိုင်တယ် "ဝင်း" က လက်ဖက်ရည်ကို အရမ်းပြင်းလွန်းလို့ ကျွန်တော် မသောက်နိုင်ပါဘူး။ နောက်ဆုံး လက်ဖက်ရည်ပါ ပြတ်သွားတဲ့ အထိပါပဲ။

ကျောင်းကန်တင်းက ဆိုင်တွေနဲ့ ဖောက်သည်ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ဝင်း နဲ့ ကျွန်တော်တို့နဲ့က ဆွေမျိုးလို ဖြစ်နေပါတယ်။ ရောင်းဖို့ ချက်တဲ့ဟင်း မစားချင်ရင် သူတို့စားဖို့ ချက်တဲ့ဟင်း တောင်းစားတာပါပဲ။

ကျောင်းက ဆိုင်နာမည်တွေက ကဗျာဆန်ပါတယ်။ နောက်တဆိုင်က "ဆုံစည်းရာ" တဲ့၊ ဘယ်ဖက်ခြမ်းလား၊ ညာဖက်ခြမ်းလား မမှတ်မိတော့ပါ။ ကျောင်းနဲ့ မျက်နှာခြင်းဆိုင် ဘတ်စ်ကားဂိတ်နားက လက်ဖက်ရည်ဆိုင်လေး ကလည်း ကျောင်းသားတွေ ထိုင်လေ့ရှိတဲ့ ဆိုင်လေးပါ။

Credit to : Titus Hlaing

***

ကန်တင်းရဲ့ အပြင်ဖက် အစွန်ဆုံး ဆိုင်တွေကနေ ကြည့်ရင် ထမင်းစားဆောင်၊ အားကစားရုံ စတာတွေကို တွေ့နိုင်ပါတယ်။ ကျောင်းသားကြီးတွေ အတွက်ကတော့ ဒါတွေထက် ပိုအရေးကြီးတာ ရှိပါသေးတယ်။ ဂျီဟောပါ။

ဂျီဟောဆောင်နဲ့ သူ့ရှေ့က လမ်းကလေးကို မြင်နေရပါတယ်။ အဲဒီလမ်းလေးကနေ ဆက်လျှောက်သွားရင် ဆရာအိမ်တွေကို ရောက်ပါတယ်။ တီချယ်မေငြိမ်းက သူ့ ယောက္ခမဖြစ်တဲ့ ပါမောက္ခကြီး တယောက် အိမ်မှာနေပါတယ်။ သူ့ အိမ်ကို ရောက်ဖြစ်ကြသလို၊ သူ အာစီတူးကိုသွားဖို့ ထွက်လာရင်လည်း ကန်တင်းမှာ ဝင်ထိုင်တတ်ပါတယ်။ သူ့ သားကြီး ကိုထူးမြတ် ငယ်ငယ်ပေါ့။
***

အံ့ဆွေ ရဲ့ ကလောင်နာမည်က မောင်နန္ဒ၊ ပန်းချီဆွဲတော့ ကိုအံ့။ သူ့ ကလောင်နာမည်က တော်တော်ကို ရိုးပေမယ့် ကျွန်တော့်ထက် အများကြီးပိုပြီး ခေတ်ပြိုင်ဆန်တဲ့ ကဗျာဆရာပါ။ သူက ပိတောက်ပွင့်သစ်မှာ အဖွင့်ကဗျာ ပါနေပါပြီ။

သူကနေ တဆင့်သိရတာက ကျွန်တော့်ထက် တတန်းကြီးတဲ့ သတ္ထုဗေဒက ညလယ်မိုး ပါ။ ဇေယျာကျော်၊ ဇေယျာကွေး၊ ကွေးကြီး၊ ညလယ်မူး စသည်ဖြင့် ဝရမ်းပြေးတမျှ နာမည်များသူပါ။ နောက်ပိုင်း ကျောင်းမဂ္ဂဇင်း လုပ်ကြတော့ သူက အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။

ကဗျာရေးတဲ့သူတွေ စုမိတော့ ထုံးစံအတိုင်း ကဗျာ စာအုပ်လုပ်ဖို့ ကြံကြတာပေါ့။ အဲဒီတုန်းက ကျွန်တော်က လေးတန်း။ သုံးတန်း တုန်းက စာအုပ် မလုပ်ဖြစ်ပါ။ ကျောင်းမှာ အကျများတာက သုံးတန်း နဲ့ ငါးတန်း ဆိုတော့ စာနည်းနည်း လုပ်ခဲ့မိတယ် ထင်တာပဲ။ ဒီတခါ စီစဉ်သူတွေကတော့ သားမွှန်း နဲ့ ကျွန်တော်။ မောင်အံ့၊ ကွေးကြီး၊ ကျွန်တော့် သူငယ်ချင်း (မိုးသွေးနဲ့လည်း သူငယ်ချင်း) ကောင်းထက် နဲ့ အောင်ထိုက် တို့ စုမိပါတယ်။ ခိုင်မြဲ ကတော့ ဘယ်သူကနေ တဆင့် ဆက်မိမှန်း မမှတ်မိတော့ပါ။

***

မောင်အံ့က ပန်းချီလည်း ဆွဲတော့ စာအုပ် ဒီဇိုင်းကို သူပဲ ဆွဲပါတယ်။ ဒီတခါတော့ ဝိညာဉ်ပြာ မှာလို ကဗျာတပုဒ်ကို ပန်းချီတပုံ မဆွဲတော့ပါဘူး။ ကဗျာဆရာ တယောက်ကို ပန်းချီတပုံ တမျက်နှာ အပြည့်ဆွဲပါတယ်။ တယောက်ကိုလည်း တပုဒ်၊ နှစ်ပုဒ် ပဲပါတာပါ။

ဝိညာဉ်ပြာမှာ လက်ရေး ရေးတဲ့ နေဝင်းအောင်က ပန်းချီလက်ရေး အစစ်လို့ ပြောလို့ပါမယ်။ မောင်အံ လက်ရေးကလည်း ကဗျာလက်ရေးမို့ ကဗျာစာအုပ်ရေးရင် အဆင်ပြေပါတယ်။ စိုးစိုး (နေဆူးသစ်) လက်ရေးကလည်း ကဗျာလက်ရေးပါပဲ။ လူမနားလည်တဲ့ ကဗျာတွေ ဖြစ်ချင်ရင်တော့ ကျွန်တော့် လက်ရေးနဲ့ စာအုပ်ထုတ်ရုံပါပဲ။ သူငယ်ချင်းတယောက် ပြောဖူးသလို ပုရွက်ဆိတ်ကလေးတွေ အရက်မူးပြီး လမ်းလျှောက်နေတဲ့ လက်ရေးမို့ ဘယ်သူမှ ဖတ်တတ်မှာ မဟုတ်ပါ။

ဒီတအုပ်မှာတော့ လက်ရေးနဲ့ မရေးဘဲ အဲဒီတုန်းက ခေတ်စားခါစ ကွန်ပြူတာ စာစီမယ် ကြံပါတယ်။ ကျွန်တော်တို့က တနှစ်မှ ကွန်ပျူတာ လက်တွေ့ခန်း ၃-၄ ခါ ဝင်ရတာမို့ ဘယ်သူမှ ကွန်ပျူတာနဲ့ မနီးစပ်ပါ။ သားမွှန်းက ကျွန်တော်တို့ သူငယ်ချင်း တယောက်က A&T မှာ လုပ်တယ် ပြောလို့ အကူအညီ သွားတောင်းကြပါတယ်။ အဆင်ပြေချင်တော့ သူနဲ့ အတူလုပ်နေတဲ့ တယောက်က ကျွန်တော့် ငယ်သူငယ်ချင်း ဖြစ်နေပါတယ်။ ပန်းချီလည်းဆွဲ၊ ကဗျာလည်း ရေးသူမို့ သူ့ဆီက ကဗျာတပုဒ်ပါ ပန်းချီနဲ့တကွ ရလာပါတယ်။ သူကတော့ IC ဂုဏ်ထူးတန်းက မောင်ချမ်း ပါ။


ရစ်သမ်မဲ့ကျိန်စာ

ကြင်နာသူရေ ...
သက္ကရာဇ်ဆွေးတွေထဲက
သွေးအေးရင်ခုန်သံစည်းချက်
ပဉ္စလက်အတတ်နဲ့ရိုက်ချိုးလိုက်နိုင်တာတော့
မှတ်တမ်းတင်လိုက်ပါတယ် ...
ကိုယ့်ဆန္ဒတွေ လေဟုန်စီးမျော
အမောဖောက်ရင်းနဲ့ ပန်းတိုင်မဲ့
ခရမ်းလွန်တံခါးအိုတွေရဲ့ကြား
ကိုးစားချက်မှ ရှာမရခဲ့ရင်
ထွက်ပေါက်မဲ့ကျဆုံးသွားနိုင်တယ်
(ကျေးဇူးပြု၍ ...)
အဆိပ်သင့်လှေခါးထစ်တွေမထွင်းခဲ့နဲ့ချစ်သူ ...

ကဲ !
COME ON ချစ်သူ
ပြိုကွဲမှုကောင်းကင်လွှာအောက်မှာ
အစာမကြေ ညီမျှခြင်းတွေ
အကြေအလည်ရှင်းချက်ထုတ်ရအောင် ...
သတိထားဖို့က
ရင်ကြားစေ့ပွဲမှာ
(စစ်တုရင် ကစားကွက်တွေ
မင်းဦးနှောက်က ခဏမေ့ထားဖို့ပါပဲ)
မရေရာကောက်ချက်နဲ့
ဒွိဟတွေဦးတည်ရာမဲ့ခဲ့ရင်တော့
ရသသစ်သီးတွေပုပ်သိုး
မျိုသိပ်ခြင်းတံခါးကျိုးတွေခြစားကုန်မယ် ...

မြားတစ်စင်းနဲ့ပန်းသီးနှစ်လုံး
(တစ်က .. နှစ်လုံးသား, နှစ်က .. ဘဝ)
ခြွေလိုတဲ့မိုက်မဲမှုနောက်မှာတော့
ဝမ်းနည်းစရာပေါ့ချစ်သူ
ကြင်နာမှုတွေ တကယ့်ကိုကျိန်စာသင့်သွားပြီ ...

မောင်ချမ်း

***
မောင်ချမ်းတို့ စာစီပေးတာနဲ့ စာအုပ်လေးက တော်တော် သပ်သပ်ရပ်ရပ် ထွက်လာပါတယ်။ ဒီတခါတော့ ဂတ်စတာနာ လှည့်ဖို့ ခက်ခက်ခဲခဲ မရှာရတော့ပါဘူး။ စမ်းချောင်းထဲက ကျွန်တော် မိတ္တူဆွဲနေကြ ဆိုင်မှာပဲ မိတ္တူဆွဲလိုက်ပါတယ်။ စာရွက်ကို ကျောကပ်ဆွဲရမှာ ဆိုတော့ သူတို့ စာရွက်နဲ့ ဆွဲတာထက် ကိုယ်က စာရွက်ပေးပြီး ဆွဲခ သပ်သပ်ပေးလိုက်တော့ ပိုသက်သာ သွားပါတယ်။ စာအုပ်ချုပ်ကတော့ ထုံးစံအတိုင်း သူငယ်ချင်းတွေကို ချွေးတပ် ဆွဲလိုက်ပါတယ်။

၁၉၉၃ ဒီဇင်ဘာမှာ "လှိုင်းရဲ့ပြတင်း" ထွက်ပါတယ်။ စာအုပ်ဖုံးနဲ့ အတွင်းပန်းချီအားလုံး (မောင်ချမ်း တပုံက လွဲရင်) မောင်အံ့ လက်ရာတွေပါ။

                                                လှိုင်းရဲ့ ပြတင်းကိုဖွင့် ... ...
                                                လှိုင်းရဲ့ ပဲ့တင်သံများ
                                                သင့် နှလုံးသားဖြင့်
                                                ဖမ်းယူနားဆင်ကြည့်လိုက်ပါ ... ...

လှိုင်းရဲ့ပြတင်းမှာ မောင်နန္ဒ နဲ့ ညလယ်မိုး ကဗျာတွေက တော်တော်ကောင်းပါတယ်။ မောင်နန္ဒက "ချစ်သူတို့၊ ယုံကြည်စွာ သောက်သုံးကြစို့၊ ဆာလောင်မှု ကျပ်တီးပြင်ထဲ၊ ဘဝဟာ၊ လက်ယက်တွင်း တစ်တွင်းပဲ" ... လို့ ရေးခဲ့ပါတယ်။ ညလယ်မိုးကတော့ "မပိုးအိမ်ရဲ့၊ ကိုယ့်ပန်းအိုးလေး အတွက်ကတော့၊ မိုးရာသီဟာ၊ နောက်ကျနေခဲ့ပါပြီ" ... တဲ့။

ကျွန်တော့် ကဗျာ ၂ ပုဒ်ကတော့ အားနည်းတယ် ပြောရမယ်။ ခုနေပြန်ဖတ်တော့ တပုဒ်ကို နည်းနည်း မကြိုက်ပြီး၊ နောက်တပုဒ်ကို လုံးဝ မကြိုက်တော့ပါ။

တီချယ်မေငြိမ်း နဲ့ မောင်အံ့တို့ ကျွန်တော်တို့ ကန်တင်းထိုင်ကြရင်တော့ ကိုယ့်ကဗျာ သူ့ကဗျာ ပေါက်တက်ကရ ဖျက်ပြီး နောက်တတ်ကြ၊ ရီတတ်ကြ ပါတယ်။ ကဗျာ သဘောတရား ဘာညာ ပြောလေ့ မရှိပါဘူး။

ထူးခြားတယ် ပြောရမယ့် ကဗျာတပုဒ်ကတော့ ကောင်းထက်ညွန့်ရဲ့ "အိမ်မက်မှတ်တိုင်" ပါပဲ။ သူ ၁၉၉၁ မှာ ထောင်ကျတုန်းက ခံစားချက်ကို ဖွဲ့ထားတာပါ။ ကောင်းထက် နဲ့ ချိုသင်းက မွေးနေ့တူပါတယ်။ သူတို့နဲ့ မွေးနေ့တူတဲ့ အခြား စာရေးဆရာမ ၂ ယောက်လည်း ရှိသေးတော့ - ကျွန်တော်က "မင်း ဇာတာက စာရေးဆရာမ ဖြစ်မယ့် ဇာတာ၊ မင်းက ယောက်ျားလေး ဖြစ်နေလို့ စာရေးဆရာမ မဖြစ်တာ" ... လို့ နောက်လေ့ရှိပါတယ်။

အိမ်မက်မှတ်တိုင်

ဖန်အိုးထဲကရွှေငါး
ပန်းခင်းထဲကလိပ်ပြာ
စဉ်းစားနေတဲ့ ငါ။

အသိမဲ့ လှုပ်ရှားမှုတွေနဲ့
နာရီလက်တံကို ဆွဲပြေးချင်ရဲ့
အင်္ဂတေ ပြက္ခဒိန်တခုမှာ
ရက်စုတွေကများခဲ့ပြီ။

ပင့်ကူရဲ့ ဂရပ်ဖစ်ဒီဇိုင်း
အင်းဆက်သင်္ချိုင်း
အလင်းလှိုင်းတွေက ခပ်ပါးပါး
သံချေးတက်ဘောင်နဲ့
အသက်ရှုတဲ့ ပန်းချီကား
အရောင်မှိုင်းနေတာက ခပ်များများရယ်။

"အမေ့အိမ်" နားထောင်နေတဲ့ ငါ့လိပ်ပြာ
လက်ဖက်ရည်ဆိုင်က ပြန်ခဲ့ဦး
ဖြူညစ်ညစ် ငါ့ကောင်းကင်အပြင်ဘက်က
ထွေးပွေ့မယ့် မိုးရေစက်
ဘယ်ရက်မှာ မျက်ရည်တွေနဲ့ရောမလဲ။

မပိုင်ဆိုင်ရတဲ့ မနက်ဖြန်
ရွှေရောင်ဝင်းပနေမလား
သေအောင်ယင်းထနေမလား ...။

ဖန်အိုးထဲက ...
... ... ... ...
... ... ... ငါ။ ။

ကောင်းထက်ညွန့်

***

လှိုင်းရဲ့ပြတင်း နဲ့ တပြိုင်တည်းလောက်ပဲ စိုးစိုးတို့၊ တီချယ်မေငြိမ်းတို့နဲ့ နောက်တအုပ် အတွက် ကဗျာစုနေကြပါပြီ။ အဲဒါကတော့ ကျွန်တော် ပါဝင် စီစဉ် ခဲ့သမျှထဲမှာ အကြိုက်ဆုံး ဖြစ်တဲ့ "တမိုးထဲအောက်မှာ" ...
***
(ဆက်ရန် ...)

10 comments:

မေငြိမ်း February 28, 2010 at 7:15 AM  

ငထက်ရေ..
ညလည်မိုး .. မဟုတ်..။ ညလယ်မိုး.. ဖြစ်မယ်။ သူ့သာသေချာမေးရမှာပဲ.. ညမှာ လည် တဲ့ မိုးလားး..။
ညလယ်မှာ ရွာတဲ့မိုးလား.. လို့။

tin min htet February 28, 2010 at 8:23 AM  

ဟုတ်သားပဲ .. သူက ညမှာ လည်လည်နေတာနဲ့ မှားသွားတာ :P

ဆောင်းယွန်းလ February 28, 2010 at 9:40 AM  

ဆက်ရန်ကို ဆက်ဖတ်ဖို့မျှော်နေပါ့မယ်ဗျာ...

နေ့ သစ် February 28, 2010 at 1:23 PM  

မပန်ဆီကနေတဆင့်ရောက်လာခဲ့ပါတယ် အစ်ကို ... ။
ဖတ်သွားပါတယ်။လင့်ခ်ချိတ်ခွင့်ပြုပါ ... ။လေးစားလျက်။
ချစ်ခြင်းအားဖြင့်-နေ့ သစ်

Kay February 28, 2010 at 1:41 PM  

အင်း.. ရူပဗေဒ စာသင်ခန်းတွေ နားလည်း မရောက်သေးပါလား...
နွေးအေးပဲ ရှိသေးတယ်..
မြန်မြန်ရေးပါဗျို့.. ( ကြာတယ်)း)

Anonymous,  March 1, 2010 at 12:48 PM  

အဲဒီကင်တင်းကလည်း ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်ခဲ့လေတော့ သတိရစရာပေါ့။ ဟိုတစ်ပတ်က ကိုနေဝင်းနဲ့ ကိုရဲလွင် အပါအဝင် ဂီတဆည်းဆာလေး တစ်ခုကို ရောက်ခဲ့ရတယ် ။ ခုထိ သူတို့နားမှာ လူတွေ ဝိုင်းနေဆဲ။ ပန်းခရမ်းပြာတို့ နောက်ဆုံးအိပ်မက်တို့ကို သံပြိုင်လိုက်အော်လို့ ကောင်းနေဆဲပေါ့။ အဲဒီနေ့က ရှင်ဒေဝီ..စမ်းသီတာ အပါအဝင် နာမည်ကြီး ကဗျာဆရာတွေလည်း ကိုနေဝင်းတို့နဲ့အတူ စီးမျောခဲ့တဲ့ ညတစ်ညပေါ့ ...
ပုရွက်ဆိတ်ကလေးတွေအပြေးပြိုင်တဲ့ လက်ရေးကို တက်ဂ်ကြွေးဆပ်မှ တင်ပေးဦးမယ်း)) ဘာတဲ့ သစ်ရွက်ကလေးတစ်ရွက် လှုပ်ခတ်တာက အစ အဓိပ္ပာယ်ရှိခဲ့ပါတယ် ဆိုလားး))
ရူပဗေဒဌာနနားရောက်ရင်တော့ မသိချင်ယောင် ဆောင်သွားပါ...း))
မနော်ဟရီ

Nay Lin March 3, 2010 at 1:34 AM  

ငထက်

ကောင်းထက်ဆိုလို့ ငါနဲ့သူ အထဲမှာ ဘော်ဘော်တွေဖြစ်ကြသေးတယ်..
အခန်းနားနီးဖြစ်တာလဲပါတာပေါ့လေ..:)
သူအခုဘယ်ရောက်နေလဲ?

sosegado March 3, 2010 at 12:53 PM  

အမှတ်တရလေးတွေပါပဲ၊ ဒီထက်မကပြန်ရေးနိုင်ရင်ကောင်းမယ်၊ ကျေးဇူးတင်ပါသည်၊

ကိုအောင်(ပျူနိုင်ငံ) March 9, 2010 at 1:10 AM  

ပို့စ်အသစ်တက်ရင် အမြဲတမ်းလာဖတ်ပါတယ် ကိုတင်မင်းထက်၊
ဆက်ရန်ကို မျှော်နေပါတယ်၊ အားပေးလျက်၊ အရာရာ
အဆင်ပြေပါစေ။

ကိုလူထွေး May 15, 2010 at 4:49 AM  

ပျော်စရာ
အားကျစရာ
လွမ်းစရာတွေ

တပုံကြီးပဲ...

းဝ)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP