Aug 28, 2009
Aug 26, 2009
ကျွန်တော်နဲ့ ဆိုကရေးတီး
ဂရိ တွေးခေါ်ပညာရှင် ဆိုကရေးတီး (Socrates) အကြောင်း မဟုတ်ပါဘူး။ SONATA-CANTATA မှာ မသီတာ ဆို-က-ရေး-တီး အကြောင်းရေးထားတာ တွေ့တော့ ကျွန်တော့်ရဲ့ ပါရမီကို ကြုံရင်ရေးပါ့မယ်၊ ပြောထားမိပါတယ်။
ဆို
ကျွန်တော့် အသံဟာ အမေ့အသံကို ၁ဝဝ% အမွေဆက်ခံပြီး ဘယ်ကီးမှ မဝင်၊ သီချင်းဆိုရင် စာရွတ်နေသလား အမေးခံရပါတယ်။ အလယ်အလတ် သီချင်းတွေကို မကြိုက်။ တခုခု ဆန်းသစ်မှ ကြိုက်ပါတယ်။ အသံမကောင်း၊ အဆိုမပိုင်ပေမယ့် ခင်မောင်တိုး - မွန်းအောင် အစ၊ ထူးအိမ်သင် - လေးဖြူ အလယ်၊ ကြက်ဖ - အရိုး အဆုံး သီချင်းပေါင်း များစွာ အလွတ်ရပါတယ်။ ဆိုရခက်တဲ့ ကိုစောညိန်း။ ခင်ဝမ်း စတဲ့ သီချင်းတွေကို ဟိုအော် ဒီအော် လုပ်တတ်ပါတယ်။
ငယ်ငယ်က အိမ်မှာ သူငယ်ချင်းတွေနဲ့ ဖဲစုရိုက်ကြပြီဆို၊ ကျွန်တော် ရှုံးနေလို့ကတော့ နားမသက်သာဖူး မှတ်ပေတော့။ ကိုနေဝင်း သီချင်းဖွင့် နည်းနည်းပါးပါး လိုက်ဆိုလိုက်ရင်၊ သူငယ်ချင်းတွေ စိတ်ညစ်။ လူမရွှင်တော့ ဖဲကျ ဖြစ်ကုန်ကြပါတယ်။
က
စင်ကြောက်တဲ့ သူဆိုတော့ တသက်မှာ တခါပဲ စင်ပေါ် တက်ကဖူးပါတယ်။ ၈ တန်းတုန်းက နယ်မှာပါ။ ကျောင်းက ၈ တန်း ၄ ယောက်ပဲ ရှိတဲ့ တွဲ-အလက မှာ။ သီတင်းကျွတ်မှာ ဆရာကတော့ပွဲ နဲ့ ကျောင်းကပွဲ လုပ်ပါတယ်။ ပွဲငတ်တဲ့ ဒေသဆိုတော့ ရွာလုံးကျွတ် လာအားပေး ကြမှာပါ။ ကျောင်းမှာက လူက နည်းနည်းလေး ဆိုတော့ ဘယ်လိုမှ ပြေးမရ။ ဖိုးသူတော် ယိမ်းထွက်ရပါတော့တယ်။
အဲဒီတုန်းက ဖြူဖြူသွယ်သွယ်ဆိုတော့ မိန်းကလေးလို ဝတ်ပြီး တေးသရုပ်ဖော်လိုမျိုး ကခိုင်းဖို့ ဆရာ / ဆရာမများက ရက်ရက်စက်စက် ကြံကြပါသေးတယ်။ မှတ်မိသေးတယ် "ကမ်းစပ် တို့ဟာကမ်းစပ် မင်းဟာ ရေလှိုင်းလေးပေါ့" .. ဆိုတဲ့ သီချင်းနဲ့ပေါ့။ အက သင်ပေးတဲ့ သူက မူလတန်းပြ လုပ်အားပေး ဆရာမ၊ သူက ရှေ့က ကပြ၊ ကျွန်တော်က ကြိုးစားပြီး လိုက်ကသော်လည်း၊ ကပုံ အချိုးကျလွန်းတော့ သူ့ကို နောက်ပါတယ် ဆိုပြီး ဆက်မသင်တော့ပါဘူး။ အဲဒါနဲ့ ၇ တန်းကျောင်းသူ တယောက်က သင်ပေးပါတယ်။ ဒီတခါမှာတော့ အက ဆရာမ ထိုင်ငို သွားပါတယ်။ ကျွန်တော့်ရဲ့ အက ပညာခန်းလည်း ဖိုးသူတော်ယိမ်းနဲ့ပဲ တခန်းရပ်သွားပါတယ်။
ရေး
ဒါကတော့ ကျွန်တော့် ပါရမီ ဆိုတာထက် သူငယ်ချင်းရဲ့ ပါရမီပါ။ ကျွန်တော် သီချင်းမရေးဖူးပါ။ ကဗျာတပုဒ်ကိုတော့ သူငယ်ချင်းက သူဆိုမယ် ဆိုပြီး (အလကား ရတာလည်း တကြောင်း) သံစဉ် ထည့်ဆိုဖူးပါတယ်။
သူ့အကြံကလည်း မသေးပါ။ အလကား ရတဲ့ သီချင်း တခွေစာစုပြီး စီးရီးထုတ်မယ့် အကြံပါ။ နီးစပ်ရာ လိုက်ရှာရင်းနဲ့ တတန်းကြီးတဲ့ အကိုကြီး တယောက်က သီချင်းတွေ ဗလာစာအုပ်နဲ့ တအုပ် ပေးလိုက်ပါတယ်။ ကြိုက်တာလေးတွေ ရွေးပြီး အခွေကြမ်းသွင်း၊ အဲဒီ အကိုကြီးကို သွားဖွင့်ပြပါတယ်။ သီချင်း တပုဒ် အရောက်မှာတော့ အကိုကြီး ထခုန်ပါတော့တယ်။ "ဒါ .. ဒါ .. ငါ့ရည်းစားစာ" တဲ့။ စာအုပ် နောက်ဆုံးမှာ ရေးထားတဲ့ ရည်းစားစာကို သီချင်းမှတ်လို့ ဆိုပြစ်လိုက်တာပါ။ သူ့ အခွေကလည်း ထွက်မလာဖြစ်တော့၊ ကျွန်တော့် ကဗျာလည်း မောင်စိန်ဝင်း ကဗျာတွေလို သီချင်းဖြစ်ခွင့် မကြုံလိုက်ပါ။
တီး
၁ဝ တန်း ပြီးတော့မှ ဂစ်တာတီး စသင်ပါတယ်။ ပထမဆုံး တက်ဖြစ်တာက ဆူးလေနားက တိုက်ခန်း အပေါ်ထပ်မှာ သင်တဲ့ သင်တန်းပါ။ နောက်တော့ အလုံ ကရင်ခြံက ကလပ်စစ်ကယ်တီးတဲ့ ဆရာကြီးဆီမှာ ဆက်သင်ပါတယ်။
နောက်ဆုံး ဆရာကတော့ အရင်က E-Machine မှာ ကီးဘုတ်တီးတဲ့ သူပါ။ တော်မီကျော်နိုင်တို့ ဝိုင်း ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ဆရာက အများကြီး ငယ်ပါတယ်။ ၁၆-၁၇ လောက်နဲ့ ပရော်ဖက်ရှင်နယ် တီးလာတဲ့ သူပါ။ ငယ်ငယ်က စာလည်းတော်၊ ဂီတမှာလည်း ထူးချွန်တဲ့ သူပါ။ သူ့အဖေက အတော်အသင့်လည်း ပြည့်စုံတဲ့၊ လူလည်း လေးစားတဲ့ စာရေးဆရာကြီး တဦးပါ။ သူ့ကို ဖျက်တာကတော့ (ထုံးစံအတိုင်း) မူးယစ်ဆေးပါပဲ။ နောက်ဆုံး သူ့ အသက်ကိုပါ ယူသွားပါတယ်။
ဆရာတွေ နာမည်ကို အတိအကျ မဖော်ပြ ထားတာက ဆရာ့ကျေးဇူး မသိလို့ မဟုတ်။ ဆရာတွေ နာမည်ပျက်မှာ စိုးလို့ပါ။ ဆရာ ၃ ယောက်သာ ပြောင်းသွားတယ်၊ ဂစ်တာကို ရောင်းကော့ဒ် သီချင်းတချို့ ခေါက်တတ်တာက လွဲရင်၊ ကြိုးကို မညှိတတ်လိုက်ပါဘူး။
(ခုလည်း "ရွှေဟင်္သာမောင်နှံရယ် .. တောင်ပံယှက်ပြီ .. လည်ချင်းမှီလို့ .." .. ဆိုတဲ့ ဆည်းဆာ ကို အော်နေပါတယ်။ တကယ်က အဲဒီ သီချင်းကို အစအဆုံး မရပါဘူး။ မရတရ သီချင်းက ပိုဆိုလို့ ကောင်းတယ် မဟုတ်လား။)
Read more...
Aug 19, 2009
Green Memory (6)
ကံ့ကော်တော
ရနံ့ကောက်သူတွေ မရှိတဲ့
နောက်ထပ်နွေဦးတခုမှာ
မျက်ရည်စိုလို့ ငိုနေကြစဲလား
တင်မင်းထက်
၂ဝဝ၉
ကမ်းခြေ
ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။
ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။
လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။
တင်မင်းထက်
(၂၂.ဝ၇.ဝ၉)
မနော်ရဲ့ "ကျွန်မချစ်သောကဗျာများ" မှာ ဖော်ပြခဲ့ဖူးပါတယ်။
Read more...
Aug 17, 2009
စာအုပ်တောမှာ (၆)
စာတိုငညို
စာအုပ်စုတဲ့သူ အများစုက စာအုပ်ခိုးရင် ငရဲမကြီးဘူး ထင်နေတတ်ကြတယ်။ ငှားတယ်လို့ပဲ စိတ်ထဲမှာ ထားကြတာ၊ ပြန်မပေးတာက တပိုင်းပေါ့။
ဒါပေမဲ့ ကျွန်တော့်ဆီက ပါသွားတာက အများကြီး ပိုများပါတယ်။ တမင်ပြန်မပေးတာက မှတ်မှတ်ရရ တအုပ်ပဲ ရှိပါတယ်။ ကျွန်တော့်ဆီက သီချင်းစာအုပ် တထပ်ကြီးငှားပြီး ပြန်မပေးတဲ့ သူငယ်ချင်းဆီကပါ။ သူ့စာအုပ်တွေက စိတ်ကြိုက်တအုပ် (မှော်ရုံတော်မှာ မောလှပြီ) ကိုငှား၊ ပြီးတော့ အပျောက် ရိုက်လိုက်ပါတယ်။
စာအုပ် မပျောက်အောင် အကောင်းဆုံးကတော့ စာအုပ်မငှားတာပါ။ ဒါပေမဲ့ စာအုပ်ကောင်း တအုပ်ဖတ်ရရင် ဘယ်သူတော့ ကြိုက်မယ်ဆိုပြီး ပေးဖတ်ချင်ပါတယ်။ အိမ်တိုင်ရာရောက်တောင် သွားပေးလိုက်သေး။ အဲဒီတော့ ပျောက်တာပေါ့။ "ဘောင်းဘီဝတ်မိုးတိမ်" ဖယောင်း လက်ရေး စာအုပ်လေးဆို ကဗျာချစ်သူ တယောက်က ငှားသွားတယ်။ "နန်းဟာဗီး" ဆို အဖုံးလေးပဲ ကျန်ခဲ့တယ်။
အထိအနာဆုံးက ဆရာကေ (ဦးခင်ဇော် ထင်တယ်) စာအုပ်တွေပါ၊ သူ့စာအုပ်တွေမှာ စာရေးဆရာ လက်မှတ်တွေ ပါပါတယ်။ လူထုဦးလှ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် စသည်ဖြင့် အများကြီးပါ။ ဖြစ်ချင်တော့ ကျွန်တော့်ထက် စာပေမြတ်နိုးသူ တစ်ယောက်က လက်မှတ်ပါတဲ့ စာအုပ် ၁ဝ အုပ်လောက်ကို ရွေးငှားပြီး ပြန်မပေးတော့ပါဘူး။ ငှားတာကလည်း သင်္ဘောတက်ရင် ဖတ်ဖို့တဲ့၊ ကျွန်တော်ကိုက "အ" တာပါ။
ကျွန်တော် အများဆုံးလုပ်တာက မဂ္ဂဇင်းတွေထဲက ဖြုတ်တာပါ။ အသစ်ကိုတော့ မလုပ်ပါဘူး။ သိပ်ကြိုက်တဲ့ ဝတ္ထု၊ ဆောင်းပါး ပါရင်၊ လကုန်မှ တခါပြန်ငှားပြီး ဖြုတ်ပါတယ်။ ဖြဲယူတာ မဟုတ်ဘူးနော်၊ စာအုပ်ကို လုံးဝ ဖြုတ်ပစ်ပြီး ကြိုက်တာယူ၊ ဟန်မပျက် ပြန်ချုပ်ပေးပါတယ်။
Silver Pages
Yellow Pages လိုမျိုး မဟုတ်ပါဘူး။ စီစစ်ရေးမိလို့ ငွေမှင်သုတ် ခံရတဲ့ စာမျက်နှာတွေပါ။ စီစစ်ရေး မိရင် လုပ်ကြရတာက မျိုးစုံ၊ ကျွန်တော်ကလည်း နည်းမျိုးစုံ သုံးပြီး ဖတ်တာပဲ။ ဖြဲထားတယ် ဆိုရင်တော့ ဘာမှ လုပ်မရပါ။၊ စာရွက် ၂ ရွက်ကို ပူးပြီးကော်နဲ့ ကပ်ရင် စာရွက်လေးဖြဲ ရေစိမ်ပြီး ပြန်ခွာ။ နည်းနည်းပါးပါး ထိလို့ စက္ကူအပိုင်းနဲ့ ပိတ်ကပ်ရင် ရေဆွတ်ပြီး ပွတ်ထုတ်၊ ငွေမှင်သုတ်ရင် လက်သည်းဖျက်ဆေးနဲ့ ဖျက် (ဝယ်ကိုဆောင်ထားတာ၊ အိမ်မှာ လက်သည်းဆိုးတဲ့သူ မရှိ)။
ချယ်ရီမှာ ပါတဲ့ မောင်သစ် နဲ့ မောင်သော်က ဆောင်းပါးတွေဆို ၂ ပုဒ် လုံးလွတ်တဲ့ လက ခပ်ရှားရှား။ တခါတလေကြတော့ ကိုယ်ကသာ ကြိုးစားပမ်းစား ခွာရတယ်၊ ဘာမှလည်း မဟုတ်။ စီစစ်ရေးက အတွေးခေါင်ပြီး ပိတ်ထားတာ။ အဲ .. သခင်ကိုယ်တော်မှိုင်း နာမည်ကို ငွေမှင်သုတ်တဲ့ ခေတ်လည်း ရှိဖူးပါတယ်။
စာအုပ်စုရာမှာ တချို့က စာရေးဆရာ ကို လိုက်စုတယ်။ တချို့က အမျိုးအစားကို လိုက်စုတယ်။ လူထုဦးလှ စုတဲ့သူ၊ ခရီးသွားဆောင်းပါး စုတဲ့သူ စသည်ဖြင့်ပေါ့။ ပုဂံတိုက်ထုတ် စာအုပ်မှန်သမျှ စုတဲ့သူလည်း တွေ့ဖူးပါတယ်။ သူက စာအုပ် အပြင်အဆင်၊ စာအုပ် စီစဉ်ပုံ နမူနာ ယူချင်လို့ပါ။
သူငယ်ချင်း တယောက်ကတော့ ရွှေငါးမွေးနည်းကနေ နွားမွေးမြူရေးအထိ၊ ဗူး ဖရုံ သခွားကနေ စပါးမျိုးစပ်နည်း အထိ အင်္ဂလိပ် မြန်မာ စာအုပ်စုံ စုပါတယ်။ ထူးဆန်းတာက မြေနီကုန်းမှာနေတဲ့ သူ့မှာ ဘာပင် ဘာကောင်မှ မရှိပါဘူး။ အခုတော့ အက်ဖ်အီးစီ ပွဲစားလုပ်နေတယ်။
စင်ဖြိုခြင်း
စာအုပ်စုတဲ့ သူတွေအဖို့ တစ်ကယ့်ကို စိတ်မကောင်းစရာပါ။ အကြောင်း အမျိုးမျိုးကြောင့် စာအုပ်စင် တစ်စင်လုံး ပုတ်ပြတ်ရောင်းတာကို စင်ဖြိုတယ် ခေါ်ပါတယ်။ အများအားဖြင့် တစ်အုပ်စီ ဈေးမဖြတ်တော့ပါဘူး၊ စာအုပ် အဆိုးအကောင်း အနေအထားကို ကြည့်ပြီး တစ်အုပ် ဘယ်လောက်ဆိုပြီး ပျှမ်းမျှနှုန်း ဖြတ်ပါတယ်။ တစ်ခါမှတော့ လိုက်မသွားဖူး ပါဘူး။ စင်ဖြိုပြီး စာအုပ်တွေ အပုံလိုက် ရောက်လာတာတော့ တွေ့ဖူးပါတယ်။ ဝယ်ရတဲ့သူလဲ စိတ်မကောင်းပါဘူး။
တချို့ကြတော့လဲ စင်မဖြိုပေမယ့်၊ အရင် စုဆောင်းထားတဲ့ သူတွေရဲ့ တူ၊ သား စတဲ့ နောက်လက်ထက်မှာ နည်းနည်းစီခွဲပြီး ကုန်အောင် ရောင်းတတ်ပါတယ်။ ကျွန်တော့်မှာ "မောင် .. .. .. ကိုယ်ပိုင်စာကြည့်တိုက်" ဆိုတဲ့ တံဆိပ်တုံးနဲ့ စာအုပ်လေးတွေ တော်တော်များများရှိပါတယ်။ တစ်ဆိုင်ထဲက ရတာပါ။ မေးကြည့်တော့ ဆုံးသွားတဲ့ သူ့အဖေ စုထားတာတွေ၊ သားက လာရောင်းတာတဲ့။ နောက်ဆုံးကျ စာအုပ် ဗီဒိုကြီးပါ ရောင်းသွားပါတယ်။
(ဆက်ရန် ...)
ဝန်ခံချက်။ ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။ Read more...
Aug 13, 2009
စာအုပ်တောမှာ (၅)
ဘော်တယ်ဆိုင်
ဘော်တယ် (Bottle) ဆိုင် ဆိုတာကတော့ "နို့ဆီခွက်တွေ ဝယ်ဒေ၊ ပုလင်းတွေ ဝယ်ဒေ" ဆိုတဲ့ အထမ်းနဲ့ အဟောင်းလိုက်ဝယ်တဲ့ သူတွေဆီက ပြန်ကောက်တဲ့ ဆိုင်လေးတွေပါ။ သတင်းစာဟောင်း ဝယ်သလို၊ စာအုပ်ဟောင်းကိုလည်း ပိဿာချိန်နဲ့ ဝယ်တာပါပဲ။ အဲဒီခေတ်က ဘားပြာတွေ ဘားကြောင်တွေ ခေတ်မစားသေးတော့ အများစုက ဆေးလိပ် ဖင်စီခံ ဖြစ်သွားပါတယ်။ အဲဒီဆိုင်လေးတွေကို ဦးလေး မောင်နန္ဒာတို့လို လိုက်ပြီး စာအုပ်ကောက်တဲ့သူတွေ ရှိပါတယ်။ ဒီနေ့ အလုံ၊ နောက်နေ့ ကမာရွတ် စသည်ဖြင့် လှည့်ကောက်တာပါ။ အုပ်ချင်းဈေးနဲ့ မဟုတ်ပါဘူး။ ဆိုင်က တပိဿာ ၂ ကျပ် ဆိုပြီးကောက်ထားရင်၊ စာအုပ်သမားက တပိဿာ ၅ ကျပ် လောက် ပေးပြီး ပြန်ကောက်တာပါ။ ဘော်တယ်ဆိုင်ကလည်း ဈေးပိုရတော့ စာအုပ်သမား ပယ်ခဲ့တာတွေကိုမှ အခြားကို ပြန်ရောင်းပါတယ်။
ကျွန်တော်လည်း အခြားမြို့နယ်က ဆိုင်တွေ မရောက်ဖူးပေမယ့်၊ စမ်းချောင်း၊ မြေနီကုန်းထဲတော့ ကြုံရင် ဝင်မွှေပါတယ်။ ဦးနုရဲ့ "လူပေါ်လူဇော် လုပ်နည်း" တောင် ဘော်တယ်ဆိုင်က ရဖူးသေး။ (ကျွန်တော်က တက်ကျမ်း ဖတ်လေ့ မရှိတော့ ဆုံးအောင်တောင် မဖတ်ဖြစ်ပါဘူး၊ ပြန်ရောင်းလိုက်တယ်။)
ဘော်တယ်ဆိုင်က ရရင်တော့ အသက်သာဆုံးပေါ့။ အဟောင်းဆိုင်မှာ ရောင်းတဲ့ဈေးကလည်း ကျောင်းသား တယောက်တတ်နိုင်တဲ့ ဈေးမျိုးပါ။ ၈၈မှာ ပထမနှစ် တက်တော့ တပတ် မုန့်ဘိုး ၅ဝ။ တပတ်ကုန်ရင် စာအုပ်ကောင်းကောင်း တအုပ် ဝယ်လို့ရပါတယ်။ ဘုန်းနိုင်တအုပ် ၂ဝ -၂၅။ ဆွေလှိုင်ဦးက တစ်ကျပ်ပုံမှာပါ။ နောက် "မအေးပွင့် မြင့်မြင့်စန်း" ရုပ်ရှင်ထွက်လာပြီး၊ ပြန်ဟော့ လာပါတယ်။ ကျွန်တော် တစ်အုပ်မှ ဆုံးအောင် မဖတ်ဖူးပါ။
ဆိုင်ပြန်
အငှားဆိုင်တွေက လကျော် စာအုပ်တွေ ပြန်ရောင်းတာကို၊ ဆိုင်ပြန်လို့ ခေါ်ပါတယ်။ မြေနီကုန်းမှာလဲ ၂ ဆိုင် ၃ ဆိုင်ရှိပါတယ်။ နယ်က အငှားဆိုင်တွေက တခါပြန် ဝယ်ကြပါတယ်။ သူတို့က စာအုပ်အဟောင်း သမားတွေနဲ့ မတူပဲ၊ စီးပွားရေး သက်သက်မို့ မရင်းနှီးပါ။ အဲဒီခေတ်ကလဲ ခုလို စာအုပ်ဟောင်း စာအုပ်ကောင်းတွေ ပြန်ထုတ်တာ ခေတ်မစားသေးတော့၊ သူတို့ဆီကလဲ ဝယ်စရာ သိပ်မရှိပါ။ တစ်ခါတစ်လေတော့ ဝတ္ထုတို ပေါင်းချုပ်လိုမျိုး၊ ပေါသွပ်လိုမျိုး ရတတ်ပါတယ်။ ဒါပေမယ့် လိုင်းဝင်တဲ့ စာအုပ်မျိုးဆို ဈေးထဲက လူတွေက ကောက်သွားတာ များပါတယ်။
စာအုပ်ထဲက ဇာတ်လမ်းတွေ
စာအုပ်ထဲမှာ ရေးထားတဲ့ ဇာတ်လမ်းတွေကို ပြောတာ မဟုတ်ပါဘူး။ အပို ဇာတ်လမ်းလေးတွေပါ။ တချို့စာအုပ်တွေမှာ ကဗျာ အတိုအစလေးတွေ၊ မှတ်စု အတိုအစလေးတွေ ရေးထားတတ်ပါတယ်။ တခါတလေလည်း စာအုပ်ထဲမှာ ဈေးစာရင်း စာရွက်လိုမျိုး ညှပ်ပါလာတတ်ပါတယ်။ စိတ်ဝင်စား စရာပါ။
ခုထိ မှတ်မိနေသေးတဲ့ တခုက ပလတ်စတစ် အိတ်လေးနဲ့ သေချာထည့်ထားတဲ့ ဘာရွက်မှန်း မသိတဲ့ သစ်ရွက်ခြောက်လေး တရွက်ပါ။ သစ်ရွက်ပေါ်မှာ "ခင်" လို့ ရေးထားတယ်။ လက် ၂ လုံးလောက် စာရွက်ပိုင်းလေးလဲ ပါတယ်။ ဖောင်တိန်နဲ့ ရေးထားတဲ့ မိန်းကလေး လက်ရေး ဝိုင်းဝိုင်းလေးနဲ့ "ဒါ...ခင်လေး ကို စောင်းရေးထားတာ ပေါ့လေ ... မခံနိုင်ပေါင်" ... တဲ့။ သူတို့ဇာတ်လမ်း ဘယ်လို အဆုံးသတ် သွားတယ်တော့ မသိ၊ အဲဒါလေး ၂ ခု ကို ကျွန်တော် ၁ဝ နှစ်လောက် သိမ်းထား ခဲ့ပါတယ်။ နောက်ဆုံး မြန်မာပြည်က ထွက်လာတော့မှ ဘယ်မှာ ကျန်နေခဲ့တယ် မသိ။
ရိုးရိုးချုပ်၊ ခန့်ချုပ်
စုတဲ့ စာအုပ်တွေက အခြေအနေ အမျိုးမျိုး၊ တစ်ချို့က နဂိုအဖုံးနဲ့၊ တစ်ချို့က စာအုပ် အငှားဆိုင်ကလို နောက်က ကတ်ထူ ရှေ့ကဖလင်၊ တစ်ချို့က ခန့်ချုပ်။ အစက Original အဖုံးရဲ့ တန်ဖိုး၊ ပထမနှိပ်ခြင်းရဲ့ တန်ဖိုးကို မသိသေးဘူး။ အဲဒါနဲ့ အားလုံး ဆင်တူဖြစ်အောင် ဆိုပြီး။ အကုန်လုံး ခန့်ချုပ် အပ်လိုက်တယ်။ အပ်တာက စာအုပ်အဟောင်း ရောင်းတဲ့သူတွေကို ပါပဲ။ အကုန်လုံးလောက်က စာအုပ် ချုပ်တတ်ကြတယ်။ ဆိုင်လူပါးတဲ့ အချိန်မှာ ပြင်စရာရှိတဲ့ စာအုပ်ပြင်၊ ချုပ်စရာရှိတာ ချုပ်ကြတာပဲ။ ကျွန်တော်လဲ နောက်တော့ ချုပ်တတ်သွားပါတယ်။
ခုနက စကား ပြန်ဆက်ရရင် - ခန့်ချုပ်အပ်တော့ နဂို အဖုံးကောင်းနေတာ၊ နှမြောစရာကြီး ပြောတာကို မရဘူး အတင်းအပ်တာပဲ။ နောက်ပိုင်း နဂို အဖုံးတန်ဖိုး သိလာတော့၊ မချုပ်တော့ပါဘူး။ ဆိုင်တွေမှာ အဖုံးပါတာ တွေ့ရင် ကျွန်တော့် အဖုံးမပါတာနဲ့ လဲတယ်။ ပုဂံတိုက်ထုတ်တွေ့ရင် အခြားတိုက်ထုတ်တာနဲ့ ပြန်လဲတယ်။
အငှားဆိုင်ချုပ် ကိုတော့ သိကြမှာပါ။ ခန့်ချုပ်ဆိုတာက ဒီလိုမျိုး -
နောက်ပိုင်းတော့ စာအုပ်ရဲ့ နဂိုရုပ် မပျောက်အောင် ချုပ်တတ်လာတယ်။ Original အဖုံးက ကျိုးနေရင်၊ အပေါ်ဆုံး အလွှာကို ခွာ (မရရင် ရေစိမ်ခွာ)။ ပြီးတော့ ကဒ်ထူ တရွက်ကို ရေခံနဲ့တွဲပြီး ဖုံးလိုက်တယ်။ အပေါ်ကမှာ ခုနက ခွာထားတာကို ကပ်လိုက်ရင်၊ မူလ စာအုပ်အတိုင်း ဖြစ်သွားရော။ ဘေးသားတွေ မညီရင်၊ သိပ်ညစ်ပတ်နေရင်တော့ ဓားစက်မှာ သွားဖြတ်လိုက်တယ်။
အဲဒီတုန်းက စာအုပ်ကလဲ သိပ်မရှားသေး၊ စာအုပ်ရောင်းတဲ့ သူတွေ ဆိုတာကလဲ စီးပွားရေးအပြင်၊ ဝါသနာပါလို့ လုပ်ကြတာဆိုတော့၊ သိပ်ဂျီကျလို့ ကောင်းတယ်။ သူတို့ဆီက ကျွန်တော်ဝယ်ဖူးတဲ့ စာအုပ် သန့်သန့်လေး ရရင်၊ ဆိုင်တောင် တင်မရောင်းဘူး၊ ကျွန်တော် (အလကား မူးတင်းနဲ့) ပြန်လဲဖို့ သိမ်းပေးထားတယ်။
နောက်သူတို့လုပ်ပေးတာ တခုက စာအုပ်ဖြုတ်ရောင်းတာပါ။ ကျွန်တော်က ရန်ကုန်ဘဆွေ စုတော့၊ ဝတ္ထုတိုက စုရခက်ပါတယ်။ ပေါင်းချုပ်တွေမှာ ပြန်ပြန်ထပ်လို့ပါ။ တချို့အပုဒ်တွေဆို လေးငါးအုပ်မှာ ပြန်ပါ ပါတယ်။ ဒီတော့ ဝတ္ထုတို ပေါင်းချုပ် ၃-၄ အုပ်ကို ဖြုတ် ကျွန်တော့်မှာ မရှိသေးတာချည်း ရွေးပြီး ရောင်းပေးကြပါတယ်။ တစ်အုပ်စာပဲပေးရပါတယ်။ ကျွန်တော်ရွေးကျန်တာကိုမှ ဘိုင်းနင်းပြန်ချုပ်ပြီး ရောင်းပါတယ်။ အဲဒီလောက် စေတနာ ကောင်းကြပါတယ်။
ခုတော့ သူတို့လဲ ဘယ်တွေ ရောက်နေကြပြီလဲ မသိ ...
(ဆက်ရန် ...)
ဝန်ခံချက်။ ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။ Read more...
Aug 6, 2009
၂၁
ဖြတ်ညှပ်ကပ်လိုက်တော့
မြန်မာ့ရိုးရာဟာသဖြစ်သွားတယ်
မရီရပါဘူး ...။
အာဖရိကခေတ်ပေါ်ပန်းချီထဲမှာ
ငါ့ကိုယ်ငါ ပြန်တွေ့တယ်
သူငယ်ချင်းများစွာနဲ့ ...။
မြောက်ကိုရီးယားကျောင်းသားလေးသာ
ငါ့သူငယ်ချင်းကဗျာ ဖတ်ရရင်
မျက်ရည်ကျရှာမယ် ...။
နောင်လာမယ့် ၂၁ နှစ်မှာ
ဒီသီချင်းတွေ နောက်တခါပြန်ဖွင့်ရင်
ငါတို့ကို ခွင့်မလွှတ်ပါနဲ့ ...။ ။
တင်မင်းထက်
(၆.၈.ဝ၉) Read more...
Aug 4, 2009
ခုတလော ...
?+?= ???? ...
(ကျမ်းကိုး - အော်ပီကျယ်)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
IQ တမတ်ဖိုး၊ EQ ၁ဝပြားဖိုး အားကိုးနဲ့
တကျပ်ဖိုး အပျင်းကြီး၊ ပြင်ဖို့လည်း စိတ်မကူးမိသေး။
ကျန်းမာရေး
ဝိတ်လျော့လိုက်ရင်ကောင်းမှာ ...(ဆို-အဲလက်စ်)
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကဗျာ တချို့ ၊ ဆောင်းပါး နည်းနည်း
ပညာရပ်ဆိုင်ရာက မုန့်ဖိုးတောင်းကောင်းရုံ (မှားလို့) လခထုတ်ကောင်းရုံ။
ရောက်နေဖြစ်တာက
အိမ်နဲ့ သိပ်မဝေးတဲ့ (ပင်လယ်နဲ့ သဲရှိလို့သာ ကမ်းခြေလို့ ခေါ်လိုက်ရတဲ့) ကမ်းခြေတခု။
ရေးဖြစ်နေတာက
ကဗျာ။ တသက်လုံးမှ ၁ဝ ပုဒ်လောက် ရေးဖူးတာ။ ခုတလော ၁ဝ ပုဒ် ပြည့်တော့မယ်။
ပင်စင် ယူလို့တောင် ရပြီ :P
နားထောင်ဖြစ်နေတာက
ရွှေပွင့်လွှာ (ကိုစောညိန်းသီချင်းများ + ကေဇော်၏ ကံစီမံရာလရောင်များ)
ရွတ်နေမိတဲ့ကဗျာက
မောင်နန္ဒ ရဲ့ မျှော်လင့်ခြင်းမိုး (အကုန်တော့ ဘယ်အလွတ်ရပါ့မလဲ)
ဖြစ်ချင်နေတာက
လက်ဖြောင့်သော သိကြားမင်း (ကျမ်းကိုး - အော်ပီကျယ်)
စားဖြစ်နေတတ်တာက
စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ ...(ဆို-အဲလက်စ်)
သနားနေမိတာက
အကိုင်းအခက်တွေကို ကိုက်ဖြတ်ကာ
"မင်္ဂလာပါ" လို့ စာလုံးဖော်ခံနေရတဲ့
ပျိုး ... ပင် ... တွေ ... (တင်မင်းထက်)
လွမ်းနေမိတာက
အပေါင်းအသင်း ၇ ယောက်ရဲ့ အကြား ခင်မင်သူ တရာကျော်နဲ့
ဘဝမှာ ရွှေရောင်တောက်ပခဲ့တဲ့ ကောလိပ်နေ့ရက်များ .. (ခင်ဝမ်း)
မေ့လျော့ပစ်နေမိတာက
လူငယ်ဘဝရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ၊
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ် ကိုး ကင်း နေ့တွေ။ ။ (တင်မင်းထက်)
ခါးသက်နေမိတာက
အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရ
တခါတလေတော့ ခါးတယ် ... (တင်မင်းထက်)
တမ်းတနေမိတာက
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြမယ့် အချိန် ...
ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်တော်တာ ကိုယ်အသိဆုံး :P
(ရွှေဥဒေါင်း စကားနဲ့ဆို ကိုယ့်ကျောတောင် ကိုယ်ပြန်သပ်လိုက်ချင်သေး)
ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ်ညံ့တာက အများကြီး ပိုများတာလည်း ကိုယ်အသိဆုံး :(
ဆန္ဒမရှိတဲ့နေရာ
မျက်နှာစာအုပ် (စွဲမှာစိုးလို့)
ဖဲရိုက်တာက ၃ နှစ်၊ ဘောလုံးမန်နေဂျာလုပ်တာက ၃ နှစ် ကြာခဲ့တယ်။
အခုလဲ ဖိုရမ်၊ ဘလော့ဂ် တော်လောက်ပါပြီ။ နောက်တမျိုး ထပ်မစွဲချင်တော့။
ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာများအတွက်မြန်မာ နဲ့ မြန်မာကျူးပစ်မှ သူငယ်ချင်းများ စုပြီး
စာသင်ကျောင်းလေး တဆောင်ဆောက်လှူကြရန်။ (Myanmar for Myanmars)
မုန်းတီးနေမိတာက
ယောင်ထုံးကိုယ်စီနဲ့
၂ဝ၁ဝလင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။ (သစ်ကောင်းအိမ်)
ချစ်နေတာက
ဟောင်းနွမ်းမသွားတော့မယ့် အချစ်နဲ့
ပြောင်းလဲမသွားတော့မယ့် အချစ်နဲ့
မအိုမင်းတော့မယ့် အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်မယ် ... (ဆို-ရာပြည့်)
စိတ်ပျက်နေမိတာက
ကျွန်တော့် မန်နေဂျာ လက်ရေး။ (ဆရာ-ဆရာမတွေကို ပဲပင်ပေါက် လက်ရေးနဲ့
နှိပ်စက်ခဲ့သမျှ ဝဋ်လည်တယ်ပဲ သဘောထားလိုက်ပါတယ်။)
စွဲလန်းနေမိတာက
ဖိုရမ်၊ ဘလော့ဂ်၊ ယူနိုက်တက် (ကမ္ဘာတုလေးတွေ)
လိုအပ်နေတာက
ငွေက ကိုယ့်နောက်လိုက်ဖို့ ပေကတ်ကတ် လုပ်နေတုန်းမို့
ကိုယ်က ငွေနောက်လိုက်နေရတုန်း ..
တောင်းနေမိတဲ့ဆု
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ လူ့အဖြစ်ကို ကျွန်တော်ရလို၏။(ကေဇော်)
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
၃၉ ပင်လယ်ပြင် ရွက်သင်္ဘော တစီး ဝင်လာတယ်
သူရဲကောင်းများက အားပါးတရ ကမ္ဘာသစ်မြင်ခဲ့ သတင်း
သူတို့ အရပ်မှာအော်နေကြ သူတို့ နှလုံးသားလေး လိုနေတယ် ... (ဆို - ခိုင်ထူး)
ဝန်ခံချင်တာက
စရေးတုန်းကတော့ မနော်တဂ်လို့သာ ရေးရတယ် ခပ်ပျင်းပျင်း။
နောက်တော့ သူ့မေးခွန်းတွေက စိတ်ဝင်စားစရာကောင်း၊
သူများတွေ ရေးထားကြတာလည်း ကောင်းဆိုတော့
စိတ်ပါလက်ပါ ရေးလိုက်တာ "စုတုခိုး" တော့ နည်းနည်းများသွားတယ်။ Read more...
Aug 3, 2009
စာအုပ်တောမှာ (၄)
ကြည်အေး နဲ့ နိုင်ဝင်းဆွေ
တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ ပြီးတော့ ကြိုက်သွားတာက ကြည်အေး။ အဲဒီတုန်းက ကြည်အေး စာအုပ်တွေ ပြန်မထွက်သေးပါဘူး။ ဟိုးတုန်းက ထုတ်တဲ့ စာအုပ်တွေ၊ တမ်းတတတ်သည်၊ ဖုန်းသက်တိုင်တို့၊ ကျမပညာသည် တို့က ပြားခြောက်ဆယ်တန် စာအုပ် ပါးပါးလေးတွေ။ ကျွန်တော်က မဂ္ဂဇင်းထဲပါဖူးရင်၊ မဂ္ဂဇင်းထဲက မူကို ရအောင်ရှာပါတယ်။ ခုနက ပြောတဲ့ ၃ အုပ် အပါအဝင် တော်တော်များများက မဂ္ဂဇင်း ဝတ္ထုရှည်။ "မောင်၊ ကိုကိုနဲ့ မြနန္ဒာ" နဲ့ "မေတ္တာမီးအိမ်" က ၃ လဆက်။
အဲဒီတုန်းက အကြိုက်ဆုံးက အပြင်ကလူ။ "ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။" ဆိုတဲ့ အဖွင့် စာသားနဲ့တင် စွဲခဲ့တာပေါ့။
နောက် ဝတ္ထုတိုတွေကို တစ်ပုဒ်ချင်း စုရပါတယ်။ အများစုက ရှုမဝ၊ တချို့က သွေးသောက်၊ မြဝတီ နဲ့ ပေဖူးလွှာ။ မဂ္ဂဇင်းတွေက လက် ၂ လုံး ၃ လုံးထူတာကြီးတွေ။ ကဗျာတွေကိုတော့ လက်ရေးနဲ့ ကူးရပါတယ်။ ကြည်အေးကဗျာ ပေါင်းချုပ် ကို အားမာန်သစ်ကထွက်တော့ မကျေနပ်ပါ။ ပထမ အချက်က အမှား အများကြီး ပါပါတယ်။ နောက်တချက်က ကိုယ်ခက်ခက်ခဲခဲ ရထားတာလေး ပေါသွားလို့ (အဲဒီတုန်းက စိတ်ပုတ်တာ၊ အခုရောလို့တော့ မမေးကြေး)။
ကြည်အေး စုရင်း တစ်သက်တာ မိတ်ဆွေ တစ်ယောက်ရပါတယ်။ မြေနီကုန်းဈေးမှာ ကဗျာ ထိုင်ကူးနေရင်း သူ့ဆီမှာလဲ ကူးထားတာတွေ ရှိတယ်ဆိုလို့၊ သူ့အိမ်လိုက်ပြီး ကိုယ့်မရှိတာ အပြန်အလှန်ကူးကြရင်း၊ ခင်သွားတာပါ။ သူကနောက် ဒဂုန်တာရာ၊ ကြည်အေးတွေ ပြန်ထုတ်တဲ့ ယွန်းရွှေအိမ်စာပေက ကိုဇော်မြင့်ပါ။ သူ့စာအုပ်စင်က ကျွန်တော့်စင်ထက် ၃-၄ ဆ ကြီးပါတယ်။ (ကျွန်တော့်မှာ အုပ် ၅ဝဝ လောက်ရှိခဲ့ပါတယ်)။
ကြည်အေး ကြိုက်မှတော့ နိုင်ဝင်းဆွေလည်း ငြိပြီပေါ့။ ထုံးစံအတိုင်း စဖတ်ဖြစ်တာက မဟူရာမေတ္တာ။ အဲဒီ စာအုပ်နဲ့ ပတ်သက်လို့ သတိရမိတာက။ စာရွက် အပြဲဖာရင်း မလုပ်တတ်သေးတော့ စာရွက်တွေ တွန့်ကုန်တာ နှမြောလွန်းလို့ တစ်ညလုံး အိပ်မရတာပါ။ (စာရွက်အပြဲတွေကို ရေပါးစက္ကူနဲ့ ဖာပါတယ်။ စုမယ့် စာအုပ်ဆို တိပ်နဲ့ မကပ်ပါနဲ့၊ ကြာရင်ပြန်ကွာသွားပြီး၊ စက္ကူလဲ ပျက်ပါတယ်။)
နိုင်ဝင်းဆွေရဲ့ နောက်ပိုင်း ဝတ္ထုတွေက လက်ဝဲ အတွေးအခေါ် သိပ်လွှမ်းနေပါပြီ။ ဒါပေမဲ့ သူ့ အနုပညာက အားကောင်းလွန်းတော့ ဖတ်လို့တော့ ကောင်းပါသေးတယ်။ ဘဝစာမျက်နှာများ ဆို ဖတ်ရတာ သိပ်မောတာပဲ။ အကြိုက်ဆုံးကတော့ ရိုးရိုးလေးဖွဲ့သွားတဲ့ နွေတည ပါ။ (ရှုမဝ သုံးလဆက်၊ နောက် စာအုပ်ပြန်ထွက်)
ရွှေမန်းရှေ့စာအုပ်တန်း၊ ဗိုလ်ဖရက်ဒီ၊ ကဗျာဆရာမောင်နန္ဒာ
ကျွန်တော်အထိုင်ကျတဲ့ နောက်တနေရာက ရွှေမန်းနဲ့ မျက်နှာချင်းဆိုင်၊ ပဒုမ္မာကွင်းစပ်က လမ်းဘေး စာအုပ်တန်းပါ။ ဆိုင်ငှားခ မရှိတာရယ်၊ စာအုပ်ကို ဆိုင်မှာ ကြာကြာတင် ထားရင် မိုးစို၊ နေပူနဲ့ ပျက်စီးတာရယ်ကြောင့် သူတို့က မြေနီကုန်းဈေးထက် ပိုလျော့ရောင်းပါတယ်။ သူတို့ဆီမှာ ဈေးကြီး စာအုပ်ရရင် သူတို့က မြေနီကုန်းကို သွားသွင်းပါတယ်။ ပန်းဆိုးတန်းက၊ မြေနီကုန်းက လူတွေလဲ စာအုပ်လာကောက် တတ်ပါတယ်။ စာအုပ်ဟောင်း ပြန်ရောင်းချင်တဲ့ သူတွေလဲ သူတို့ဆီ လာရောင်းတတ်ပါတယ်။ သူတို့နဲ့ ဈေးမတည့်ရင် ကျွန်တော် ယူထား လိုက်တာမျိုးလဲ ရှိပါတယ်။ ကျွန်တော်က သိမ်းဖို့ဆိုတော့ ပိုပေးနိုင်တာကိုး။
အဲဒီမှာ ဆိုင် ၄-၅ ဆိုင်ရှိပြီး လူစုံပါတယ်။ မူးရင် စာအုပ်တွေကို ဘောလုံးလုပ်ကန်တဲ့ ဒဿနိက ကျောင်းသားရှိသလို၊ အလံနီ အလင်းဝင်လဲ ရှိပါတယ်။ ကျွန်တော်လဲ တစ်နေကုန် စားတည်းချနေတာ၊ ထမင်းစားချိန်ကျ အိမ်ကို လမ်းလျောက်ပြန်၊ ပြီးရင်ပြန်လာ။ ဆိုင်ရှင်မရှိရင် ကျွန်တော် ရောင်းထားလိုက်တာပါပဲ။ ရွှေမန်းရုံဘေးမှာက စမ်းချောင်းက စာရေးဆရာတွေထိုင်တတ်တဲ့ ဇွန် လဘက်ရည်ဆိုင်။
စာအုပ်ဆိုင် အမြဲလာနေကြ သူတွေနဲ့လဲ ခင်နေပါတယ်။ သူတို့ထဲက တစ်ယောက်က ကိုဖရက်ဒီ (နာမည်ရင်းမဟုတ်)။ တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ ပျော်ပျော်ကြီး တက်နေတဲ့သူပါ။ နောက် သူလည်း စာအုပ်အဟောင်းဆိုင် ဖွင့်မယ်ဆိုတော့ သူ့အမတွေက စတီး လေးဆင့်ချိုင့်ကြီးနဲ့ ထမင်းထည့်ပေးကြပါတယ်။ သူတို့က ပြည့်စုံပေမယ့် လမ်းဘေး ဈေးရောင်းတာကို ရှက်စရာလို့ မထင်ပါ၊ သူတို့မောင် အလုပ် စိတ်ဝင်စားလာတာကို ကျေနပ်ကြပါတယ်။ တကယ်က သူ့မှာ ဒီထက်လေးနက်တဲ့ အစီအစဉ် ရှိပါတယ်။ တရက်မှာ သူ့စာအုပ်ခင်းလေးနဲ့ ထမင်းချိုင့်ကြီး ထားပြီး ပျောက်သွားပါတယ်။ တော်တော်ကြာမှ သူတောခို သွားတယ်ဆိုတာ သိကြပါတယ်။ နောက်ပိုင်းကြမှ သူ အလင်းဝင်လာတာ သတင်းစာမှာ တွေ့ပါတယ်။ သူက ထောင်ထောင်မောင်းမောင်း၊ ဥပဓိကောင်းကောင်း နဲ့ ဆိုတော့ ဗိုလ်ဖရက်ဒီ တောင် ဖြစ်ခဲ့ပါသေးတယ်။
နောက် စိတ်ဝင်စားစရာ တစ်ယောက်က မောင်နန္ဒာ ပါ။ မောင်နန္ဒာ ဆိုပေမယ့် အသက် ၆ဝ လောက်၊ ပိန်ပိန်ညိုညို။ ဘော်တယ်ဆိုင် ပတ်ပြီး စာအုပ်ကောက်တဲ့ အလုပ်လုပ်ပါတယ်။ အရင်းလေး ရှိရင် စာအုပ်လေး စုမိရင် စာအုပ်ခင်းလေး ခင်းလိုက်။ သူ့မိန်းမ နေမကောင်းရင် သူ့စာအုပ်ခင်းကို အချင်းချင်း တွန်းထိုးရောင်း လိုက်နဲ့ပါ။ သူက ကျွန်တော့်ကို စာအုပ်ကောင်းတွေ ညွှန်တတ်သလို၊ ကျွန်တော့်မှာ ရှိတဲ့ မကြိုက်တကြိုက် စာအုပ် အများစုကလည်း သူ့ဆီက ပါပဲ။ ကြိုပွိုင့်တောင် ဝယ်ဖူးသေး၊ ဘယ်လောက်ဖိုး ဆိုပြီးပေးထား၊ နောက်မှ စာအုပ်နဲ့ နှိမ်ယူတာပါ။ သူ့ကလောင်နာမည်က မောင်နန္ဒာ ဘဲလား၊ ဓားတောင် ထဲက နာမည်ကို စွဲပြီး ခေါ်ကြသလားတော့ မသိပါ။ နာမည်ရင်းတောင် မသိပါဘူး။ ကျွန်တော်တို့က ကဗျာဆရာမောင်နန္ဒာ လို့ပဲ ခေါ်ပါတယ်။ စာစီသမား လုပ်ဖူးတယ်တော့ ပြောပါတယ်။ သူက ဟိုတုန်းက စာရေးဆရာတွေ အကြောင်း၊ ရှားပါး စာအုပ် အကြောင်းတွေ တော်တော် သိပါတယ်။
(ဆက်ရန် ...)
ဝန်ခံချက်။ ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။ Read more...
Green Memory (5)
ဩဘာလမ်း
လက်ခုတ်တီးသံ၊ ရယ်မောသံတွေ
သူငယ်ချင်းရေ ဆက်သာလျှောက်
နောက်ပြန်လှည့်လဲ ဒီခရီး
တင်မင်းထက်
၂၀ဝ၉
(ကဗျာကို ပြန်ပြင်ထားပါတယ် ..
တကယ်တော့ အခုမူက ပထမဆုံး ရေးထားတဲ့မူပါ။)