Aug 3, 2009

စာအုပ်တောမှာ (၄)

ကြည်အေး နဲ့ နိုင်ဝင်းဆွေ

တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ ပြီးတော့ ကြိုက်သွားတာက ကြည်အေး။ အဲဒီတုန်းက ကြည်အေး စာအုပ်တွေ ပြန်မထွက်သေးပါဘူး။ ဟိုးတုန်းက ထုတ်တဲ့ စာအုပ်တွေ၊ တမ်းတတတ်သည်၊ ဖုန်းသက်တိုင်တို့၊ ကျမပညာသည် တို့က ပြားခြောက်ဆယ်တန် စာအုပ် ပါးပါးလေးတွေ။ ကျွန်တော်က မဂ္ဂဇင်းထဲပါဖူးရင်၊ မဂ္ဂဇင်းထဲက မူကို ရအောင်ရှာပါတယ်။ ခုနက ပြောတဲ့ ၃ အုပ် အပါအဝင် တော်တော်များများက မဂ္ဂဇင်း ဝတ္ထုရှည်။ "မောင်၊ ကိုကိုနဲ့ မြနန္ဒာ" နဲ့ "မေတ္တာမီးအိမ်" က ၃ လဆက်။


မေတ္တာမီးအိမ် (ဗဂျီအောင်စိုး)

အဲဒီတုန်းက အကြိုက်ဆုံးက အပြင်ကလူ။ "ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။" ဆိုတဲ့ အဖွင့် စာသားနဲ့တင် စွဲခဲ့တာပေါ့။

နောက် ဝတ္ထုတိုတွေကို တစ်ပုဒ်ချင်း စုရပါတယ်။ အများစုက ရှုမဝ၊ တချို့က သွေးသောက်၊ မြဝတီ နဲ့ ပေဖူးလွှာ။ မဂ္ဂဇင်းတွေက လက် ၂ လုံး ၃ လုံးထူတာကြီးတွေ။ ကဗျာတွေကိုတော့ လက်ရေးနဲ့ ကူးရပါတယ်။ ကြည်အေးကဗျာ ပေါင်းချုပ် ကို အားမာန်သစ်ကထွက်တော့ မကျေနပ်ပါ။ ပထမ အချက်က အမှား အများကြီး ပါပါတယ်။ နောက်တချက်က ကိုယ်ခက်ခက်ခဲခဲ ရထားတာလေး ပေါသွားလို့ (အဲဒီတုန်းက စိတ်ပုတ်တ
၊ အခုရောလို့တော့ မမေးကြေး)။

ကြည်အေး စုရင်း တစ်သက်တာ မိတ်ဆွေ တစ်ယောက်ရပါတယ်။ မြေနီကုန်းဈေးမှာ ကဗျာ ထိုင်ကူးနေရင်း သူ့ဆီမှာလဲ ကူးထားတာတွေ ရှိတယ်ဆိုလို့၊ သူ့အိမ်လိုက်ပြီး ကိုယ့်မရှိတာ အပြန်အလှန်ကူးကြရင်း၊ ခင်သွားတာပါ။ သူကနောက် ဒဂုန်တာရာ၊ ကြည်အေးတွေ ပြန်ထုတ်တဲ့ ယွန်းရွှေအိမ်စာပေက ကိုဇော်မြင့်ပါ။ သူ့စာအုပ်စင်က ကျွန်တော့်စင်ထက် ၃-၄ ဆ ကြီးပါတယ်။ (ကျွန်တော့်မှာ အုပ် ၅
ဝ လောက်ရှိခဲ့ပါတယ်)။

ကြည်အေး ကြိုက်မှတော့ နိုင်ဝင်းဆွေလည်း ငြိပြီပေါ့။ ထုံးစံအတိုင်း စဖတ်ဖြစ်တာက မဟူရာမေတ္တာ။ အဲဒီ စာအုပ်နဲ့ ပတ်သက်လို့ သတိရမိတာက။ စာရွက် အပြဲဖာရင်း မလုပ်တတ်သေးတော့ စာရွက်တွေ တွန့်ကုန်တာ နှမြောလွန်းလို့ တစ်ညလုံး အိပ်မရတာပါ။ (စာရွက်အပြဲတွေကို ရေပါးစက္ကူနဲ့ ဖာပါတယ်။ စုမယ့် စာအုပ်ဆို တိပ်နဲ့ မကပ်ပါနဲ့၊ ကြာရင်ပြန်ကွာသွားပြီး၊ စက္ကူလဲ ပျက်ပါတယ်။)

နိုင်ဝင်းဆွေရဲ့ နောက်ပိုင်း ဝတ္ထုတွေက လက်ဝဲ အတွေးအခေါ် သိပ်လွှမ်းနေပါပြီ။ ဒါပေမဲ့ သူ့ အနုပညာက အားကောင်းလွန်းတော့ ဖတ်လို့တော့ ကောင်းပါသေးတယ်။ ဘဝစာမျက်နှာများ ဆို ဖတ်ရတာ သိပ်မောတာပဲ။ အကြိုက်ဆုံးကတော့ ရိုးရိုးလေးဖွဲ့သွားတဲ့ နွေတည ပါ။ (ရှုမဝ သုံးလဆက်၊ နောက် စာအုပ်ပြန်ထွက်)



နွေတည (ပန်းချီ ဘရင်လေး)


ရွှေမန်းရှေ့စာအုပ်တန်း၊ ဗိုလ်ဖရက်ဒီ၊ ကဗျာဆရာမောင်နန္ဒာ

ကျွန်တော်အထိုင်ကျတဲ့ နောက်တနေရာက ရွှေမန်းနဲ့ မျက်နှာချင်းဆိုင်၊ ပဒုမ္မာကွင်းစပ်က လမ်းဘေး စာအုပ်တန်းပါ။ ဆိုင်ငှားခ မရှိတာရယ်၊ စာအုပ်ကို ဆိုင်မှာ
ကြာကြာတင် ထားရင် မိုးစို၊ နေပူနဲ့ ပျက်စီးတာရယ်ကြောင့် သူတို့က မြေနီကုန်းဈေးထက် ပိုလျော့ရောင်းပါတယ်။ သူတို့ဆီမှာ ဈေးကြီး စာအုပ်ရရင် သူတို့က မြေနီကုန်းကို သွားသွင်းပါတယ်။ ပန်းဆိုးတန်းက၊ မြေနီကုန်းက လူတွေလဲ စာအုပ်လာကောက် တတ်ပါတယ်။ စာအုပ်ဟောင်း ပြန်ရောင်းချင်တဲ့ သူတွေလဲ သူတို့ဆီ လာရောင်းတတ်ပါတယ်။ သူတို့နဲ့ ဈေးမတည့်ရင် ကျွန်တော် ယူထား လိုက်တာမျိုးလဲ ရှိပါတယ်။ ကျွန်တော်က သိမ်းဖို့ဆိုတော့ ပိုပေးနိုင်တာကိုး။

အဲဒီမှာ ဆိုင် ၄-၅ ဆိုင်ရှိပြီး လူစုံပါတယ်။ မူးရင် စာအုပ်တွေကို ဘောလုံးလုပ်ကန်တဲ့ ဒဿနိက ကျောင်းသားရှိသလို၊ အလံနီ အလင်းဝင်လဲ ရှိပါတယ်။ ကျွန်တော်လဲ တစ်နေကုန် စားတည်းချနေတာ၊ ထမင်းစားချိန်ကျ အိမ်ကို လမ်းလျောက်ပြန်၊ ပြီးရင်ပြန်လာ။ ဆိုင်ရှင်မရှိရင် ကျွန်တော် ရောင်းထားလိုက်တာပါပဲ။ ရွှေမန်းရုံဘေးမှာက စမ်းချောင်းက စာရေးဆရာတွေထိုင်တတ်တဲ့ ဇွန် လဘက်ရည်ဆိုင်။


စာအုပ်ဆိုင် အမြဲလာနေကြ သူတွေနဲ့လဲ ခင်နေပါတယ်။ သူတို့ထဲက တစ်ယောက်က ကိုဖရက်ဒီ (နာမည်ရင်းမဟုတ်)။ တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ ပျော်ပျော်ကြီး တက်နေတဲ့သူပါ။ နောက် သူလည်း စာအုပ်အဟောင်းဆိုင် ဖွင့်မယ်ဆိုတော့ သူ့အမတွေက စတီး လေးဆင့်ချိုင့်ကြီးနဲ့ ထမင်းထည့်ပေးကြပါတယ်။ သူတို့က ပြည့်စုံပေမယ့် လမ်းဘေး ဈေးရောင်းတာကို ရှက်စရာလို့ မထင်ပါ၊ သူတို့မောင် အလုပ် စိတ်ဝင်စားလာတာကို ကျေနပ်ကြပါတယ်။ တကယ်က သူ့မှာ ဒီထက်လေးနက်တဲ့ အစီအစဉ် ရှိပါတယ်။ တရက်မှာ သူ့စာအုပ်ခင်းလေးနဲ့ ထမင်းချိုင့်ကြီး ထားပြီး ပျောက်သွားပါတယ်။ တော်တော်ကြာမှ သူတောခို သွားတယ်ဆိုတာ သိကြပါတယ်။ နောက်ပိုင်းကြမှ သူ အလင်းဝင်လာတာ သတင်းစာမှာ တွေ့ပါတယ်။ သူက ထောင်ထောင်မောင်းမောင်း၊ ဥပဓိကောင်းကောင်း နဲ့ ဆိုတော့ ဗိုလ်ဖရက်ဒီ တောင် ဖြစ်ခဲ့ပါသေးတယ်။

နောက် စိတ်ဝင်စားစရာ တစ်ယောက်က မောင်နန္ဒာ ပါ။ မောင်နန္ဒာ  ဆိုပေမယ့် အသက် ၆
လောက်၊ ပိန်ပိန်ညိုညို။ ဘော်တယ်ဆိုင် ပတ်ပြီး စာအုပ်ကောက်တဲ့ အလုပ်လုပ်ပါတယ်။ အရင်းလေး ရှိရင် စာအုပ်လေး စုမိရင် စာအုပ်ခင်းလေး ခင်းလိုက်။ သူ့မိန်းမ နေမကောင်းရင် သူ့စာအုပ်ခင်းကို အချင်းချင်း တွန်းထိုးရောင်း လိုက်နဲ့ပါ။ သူက ကျွန်တော့်ကို စာအုပ်ကောင်းတွေ ညွှန်တတ်သလို၊ ကျွန်တော့်မှာ ရှိတဲ့ မကြိုက်တကြိုက် စာအုပ် အများစုကလည်း သူ့ဆီက ပါပဲ။ ကြိုပွိုင့်တောင် ဝယ်ဖူးသေး၊ ဘယ်လောက်ဖိုး ဆိုပြီးပေးထား၊ နောက်မှ စာအုပ်နဲ့ နှိမ်ယူတာပါ။ သူ့ကလောင်နာမည်က မောင်နန္ဒာ ဘဲလား၊ ဓားတောင် ထဲက နာမည်ကို စွဲပြီး ခေါ်ကြသလားတော့ မသိပါ။ နာမည်ရင်းတောင် မသိပါဘူး။ ကျွန်တော်တို့က ကဗျာဆရာမောင်နန္ဒာ လို့ပဲ ခေါ်ပါတယ်။ စာစီသမား လုပ်ဖူးတယ်တော့ ပြောပါတယ်။ သူက ဟိုတုန်းက စာရေးဆရာတွေ အကြောင်း၊ ရှားပါး စာအုပ် အကြောင်းတွေ တော်တော် သိပါတယ်။


(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

2 comments:

MANORHARY August 3, 2009 at 7:06 PM  

ကြည်အေးကို စသိတာ တစ္ဆေ ကဗျာ ..နောက်ပိုင်းကျတော့ကိုယ်လည်း
လက်ရေးနဲ့ကူးထားတာတွေကို ခဏချပြီး အားမာန်သစ်စာအုပ်နောက် လိုက်ခဲ့သေးတယ်..(ကူးထားတာက နည်းတာကိုး..ခုမှမှားမှန်းသိရတော့ ရယ်ချင်သလိုငိုချင်သလိုပဲး(((( )
နိုင်ဝင်းဆွေကိုတော့ နွေတစ်ည နဲ့စဖတ်တယ်။မှတ်မှတ်ရရ သုဝဏ္ဏက စာသိပ်ဖတ်တဲ့ သူငယ်ချင်းမလေးရဲ့ အထပ်ခိုးလေးထဲက နိုင်ဝင်းဆွေ စာအုပ် တစ်ထပ်ကြီးကို တောင်းတောင်းပန်ပန်နဲ့ငှားဖတ်ရတာကိုသတိရ နေမိတယ်။ ဘဝစာမျက်နှာများ ကိုတော့ဖတ်ဖူးတာမကြာသေးဘူး။ အသက်ရှူကြပ်လွန်းလို့ မနည်းနားဖတ်ရတဲ့စာအုပ်...
သေချာတာက တင်မင်းထက် ဆိုတာ စာတွေကိုသေချာနှံ့စပ်စွာသိသော
စာဖတ်နာသော ကဗျာဆရာ.............
(TAG ရေးရန်မမေ့ပါနှင့်..)

Moe Cho Thinn August 20, 2009 at 1:27 AM  

ငါကတော့ နွေတည ဖတ်ပြီး ငိုတာပဲ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP