စာအုပ်တောမှာ (၆)
စာတိုငညို
စာအုပ်စုတဲ့သူ အများစုက စာအုပ်ခိုးရင် ငရဲမကြီးဘူး ထင်နေတတ်ကြတယ်။ ငှားတယ်လို့ပဲ စိတ်ထဲမှာ ထားကြတာ၊ ပြန်မပေးတာက တပိုင်းပေါ့။
ဒါပေမဲ့ ကျွန်တော့်ဆီက ပါသွားတာက အများကြီး ပိုများပါတယ်။ တမင်ပြန်မပေးတာက မှတ်မှတ်ရရ တအုပ်ပဲ ရှိပါတယ်။ ကျွန်တော့်ဆီက သီချင်းစာအုပ် တထပ်ကြီးငှားပြီး ပြန်မပေးတဲ့ သူငယ်ချင်းဆီကပါ။ သူ့စာအုပ်တွေက စိတ်ကြိုက်တအုပ် (မှော်ရုံတော်မှာ မောလှပြီ) ကိုငှား၊ ပြီးတော့ အပျောက် ရိုက်လိုက်ပါတယ်။
စာအုပ် မပျောက်အောင် အကောင်းဆုံးကတော့ စာအုပ်မငှားတာပါ။ ဒါပေမဲ့ စာအုပ်ကောင်း တအုပ်ဖတ်ရရင် ဘယ်သူတော့ ကြိုက်မယ်ဆိုပြီး ပေးဖတ်ချင်ပါတယ်။ အိမ်တိုင်ရာရောက်တောင် သွားပေးလိုက်သေး။ အဲဒီတော့ ပျောက်တာပေါ့။ "ဘောင်းဘီဝတ်မိုးတိမ်" ဖယောင်း လက်ရေး စာအုပ်လေးဆို ကဗျာချစ်သူ တယောက်က ငှားသွားတယ်။ "နန်းဟာဗီး" ဆို အဖုံးလေးပဲ ကျန်ခဲ့တယ်။
အထိအနာဆုံးက ဆရာကေ (ဦးခင်ဇော် ထင်တယ်) စာအုပ်တွေပါ၊ သူ့စာအုပ်တွေမှာ စာရေးဆရာ လက်မှတ်တွေ ပါပါတယ်။ လူထုဦးလှ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် စသည်ဖြင့် အများကြီးပါ။ ဖြစ်ချင်တော့ ကျွန်တော့်ထက် စာပေမြတ်နိုးသူ တစ်ယောက်က လက်မှတ်ပါတဲ့ စာအုပ် ၁ဝ အုပ်လောက်ကို ရွေးငှားပြီး ပြန်မပေးတော့ပါဘူး။ ငှားတာကလည်း သင်္ဘောတက်ရင် ဖတ်ဖို့တဲ့၊ ကျွန်တော်ကိုက "အ" တာပါ။
ကျွန်တော် အများဆုံးလုပ်တာက မဂ္ဂဇင်းတွေထဲက ဖြုတ်တာပါ။ အသစ်ကိုတော့ မလုပ်ပါဘူး။ သိပ်ကြိုက်တဲ့ ဝတ္ထု၊ ဆောင်းပါး ပါရင်၊ လကုန်မှ တခါပြန်ငှားပြီး ဖြုတ်ပါတယ်။ ဖြဲယူတာ မဟုတ်ဘူးနော်၊ စာအုပ်ကို လုံးဝ ဖြုတ်ပစ်ပြီး ကြိုက်တာယူ၊ ဟန်မပျက် ပြန်ချုပ်ပေးပါတယ်။
Silver Pages
Yellow Pages လိုမျိုး မဟုတ်ပါဘူး။ စီစစ်ရေးမိလို့ ငွေမှင်သုတ် ခံရတဲ့ စာမျက်နှာတွေပါ။ စီစစ်ရေး မိရင် လုပ်ကြရတာက မျိုးစုံ၊ ကျွန်တော်ကလည်း နည်းမျိုးစုံ သုံးပြီး ဖတ်တာပဲ။ ဖြဲထားတယ် ဆိုရင်တော့ ဘာမှ လုပ်မရပါ။၊ စာရွက် ၂ ရွက်ကို ပူးပြီးကော်နဲ့ ကပ်ရင် စာရွက်လေးဖြဲ ရေစိမ်ပြီး ပြန်ခွာ။ နည်းနည်းပါးပါး ထိလို့ စက္ကူအပိုင်းနဲ့ ပိတ်ကပ်ရင် ရေဆွတ်ပြီး ပွတ်ထုတ်၊ ငွေမှင်သုတ်ရင် လက်သည်းဖျက်ဆေးနဲ့ ဖျက် (ဝယ်ကိုဆောင်ထားတာ၊ အိမ်မှာ လက်သည်းဆိုးတဲ့သူ မရှိ)။
ချယ်ရီမှာ ပါတဲ့ မောင်သစ် နဲ့ မောင်သော်က ဆောင်းပါးတွေဆို ၂ ပုဒ် လုံးလွတ်တဲ့ လက ခပ်ရှားရှား။ တခါတလေကြတော့ ကိုယ်ကသာ ကြိုးစားပမ်းစား ခွာရတယ်၊ ဘာမှလည်း မဟုတ်။ စီစစ်ရေးက အတွေးခေါင်ပြီး ပိတ်ထားတာ။ အဲ .. သခင်ကိုယ်တော်မှိုင်း နာမည်ကို ငွေမှင်သုတ်တဲ့ ခေတ်လည်း ရှိဖူးပါတယ်။
စာအုပ်စုရာမှာ တချို့က စာရေးဆရာ ကို လိုက်စုတယ်။ တချို့က အမျိုးအစားကို လိုက်စုတယ်။ လူထုဦးလှ စုတဲ့သူ၊ ခရီးသွားဆောင်းပါး စုတဲ့သူ စသည်ဖြင့်ပေါ့။ ပုဂံတိုက်ထုတ် စာအုပ်မှန်သမျှ စုတဲ့သူလည်း တွေ့ဖူးပါတယ်။ သူက စာအုပ် အပြင်အဆင်၊ စာအုပ် စီစဉ်ပုံ နမူနာ ယူချင်လို့ပါ။
သူငယ်ချင်း တယောက်ကတော့ ရွှေငါးမွေးနည်းကနေ နွားမွေးမြူရေးအထိ၊ ဗူး ဖရုံ သခွားကနေ စပါးမျိုးစပ်နည်း အထိ အင်္ဂလိပ် မြန်မာ စာအုပ်စုံ စုပါတယ်။ ထူးဆန်းတာက မြေနီကုန်းမှာနေတဲ့ သူ့မှာ ဘာပင် ဘာကောင်မှ မရှိပါဘူး။ အခုတော့ အက်ဖ်အီးစီ ပွဲစားလုပ်နေတယ်။
စင်ဖြိုခြင်း
စာအုပ်စုတဲ့ သူတွေအဖို့ တစ်ကယ့်ကို စိတ်မကောင်းစရာပါ။ အကြောင်း အမျိုးမျိုးကြောင့် စာအုပ်စင် တစ်စင်လုံး ပုတ်ပြတ်ရောင်းတာကို စင်ဖြိုတယ် ခေါ်ပါတယ်။ အများအားဖြင့် တစ်အုပ်စီ ဈေးမဖြတ်တော့ပါဘူး၊ စာအုပ် အဆိုးအကောင်း အနေအထားကို ကြည့်ပြီး တစ်အုပ် ဘယ်လောက်ဆိုပြီး ပျှမ်းမျှနှုန်း ဖြတ်ပါတယ်။ တစ်ခါမှတော့ လိုက်မသွားဖူး ပါဘူး။ စင်ဖြိုပြီး စာအုပ်တွေ အပုံလိုက် ရောက်လာတာတော့ တွေ့ဖူးပါတယ်။ ဝယ်ရတဲ့သူလဲ စိတ်မကောင်းပါဘူး။
တချို့ကြတော့လဲ စင်မဖြိုပေမယ့်၊ အရင် စုဆောင်းထားတဲ့ သူတွေရဲ့ တူ၊ သား စတဲ့ နောက်လက်ထက်မှာ နည်းနည်းစီခွဲပြီး ကုန်အောင် ရောင်းတတ်ပါတယ်။ ကျွန်တော့်မှာ "မောင် .. .. .. ကိုယ်ပိုင်စာကြည့်တိုက်" ဆိုတဲ့ တံဆိပ်တုံးနဲ့ စာအုပ်လေးတွေ တော်တော်များများရှိပါတယ်။ တစ်ဆိုင်ထဲက ရတာပါ။ မေးကြည့်တော့ ဆုံးသွားတဲ့ သူ့အဖေ စုထားတာတွေ၊ သားက လာရောင်းတာတဲ့။ နောက်ဆုံးကျ စာအုပ် ဗီဒိုကြီးပါ ရောင်းသွားပါတယ်။
(ဆက်ရန် ...)
ဝန်ခံချက်။ ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။
4 comments:
အစကတဲက ပြောပြီးသားနော်..
ပန်းချီဦးအောင်ခင် စာအုပ်က ယူထားဦးမယ်ဆိုတာကို...
တိုထားတာ မှုတ်ဖူးနော်...
ကမ္ဘာလဆန်း၁ရက်နေ့ ပြန်ပေးမယ်...
း-)
စာအုပ်ငှားတာအပျောက်ရိုက်တာက ဒီလောကမှာဖြစ်နေကျ
ကိုယ်ကတော့သူများစာအုပ်လည်းအပျောက်မရိုက်ဘူး
ကိုယ့်စာအုပ်လည်းမငှားဘူး..ငှားပြီးလည်းနောက်ကတကောက်ကောက်
လိုက်တောင်းတတ်လို့ စိတ်ညစ်ကြပါတယ်း)) ဒီကြားထဲကတောင်
ပါသွားတာတွေရှိသေးတယ်...
ငါလဲ စာအုပ်တအုပ်ကို ပြန်မအပ်ဘဲ မေ့ချင်ယောင်ဆောင်ဖို့ ကြိုးစားဖူးတယ်။ အမျိုးသားစာကြည့်တိုက်က..။ ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်းများ လေ..။
ဆရာဦးမြင့်ကြိုင်က အိမ်အထိ လိုက်လာတောင်းတာဟေ့၊ ပြန်ပေးလိုက်ရတယ်။ ဒီတခါတည်း ကြိုးစားဖူးပါတယ်ဟာ.. မအောင်မြင်ပါဘူး။
သီချင်းစာအုပ်တွေဘယ်မှာရှာလို့ရလဲဗျ
Post a Comment