Oct 27, 2009

ပစ်ထည့်ဟင်း


Photo: chethstudios.net

အခုတလော တီတီဆွိ စတဲ့ ဘလော့ဂ်တွေမှာ ဟင်းချက်နည်းအကြောင်း၊ ပုံလေးတွေ ဝေဝေဆာဆာနဲ့ ရေးကြတာ အားကျလို့ ဟင်းချက်တဲ့ အကြောင်းရေးကြည့်တာပါ။ အပေါ်က ပုံကို ကြည့်ပြီး ပစ်ထည့်ဟင်းက ဒီလောက်ကောင်းလား မမေးကြပါနဲ့၊ အဲဒါက လူစိတ်ဝင်စားအောင် အင်တာနက်က ရှာထည့်ထားတာပါ။ ဘာချက်ထားတာလဲတော့ ကျွန်တော်လည်း မသိပါဘူး။

ဟင်းချက်တာ အတော်အသင့် ဝါသနာပါပါတယ်။ အိမ်မှာကလည်း အမ၊ ညီမ မရှိတော့ အမေ့ကို ကူလုပ်ရင်း ငယ်ငယ်ထဲက ချက်တတ်ပါတယ်။ ဒါပေမယ့် ဆီပြန်တွေ၊ ချဉ်ရည်တွေ ချက်လေ့မရှိပဲ အကြော်လိုမျိုး၊ အသုတ်လိုမျိုး ချက်ရတာ၊ စားရတာ ပိုကြိုက်ပါတယ်။ နောက်တခုက ဘာကိုချက်ရင် ဆီဘယ်နှစ်ဇွန်း၊ ဆားဘယ်နှစ်ဇွန်း မှတ်ထားလေ့ မရှိဘဲ လက်မှန်းနဲ့ ထည့်တတ်ပါတယ်။

ဟင်းချက်တာကို သိပ်မစိမ်းတော့ လူတိုင်း အသား ပြုတ်ကြော်လောက်၊ အသီးအရွက်ကြော် လောက်တော့ ချက်တတ်မယ် ထင်နေတာ။ ပါရမီရှင် ၂ ယောက်နဲ့ တွေ့မှ မှားမှန်းသိပါတယ်။

ပထမဆုံး တယောက်က ရန်ကုန်ရုံးတုန်းက အပျိုကြီးပါ။ (ကျွန်တော့်ထက်တော့ ငယ်တာပေါ့။) ရုံးက စက်မှုဇုံ ခေါင်တဲ့နေရာ ဆိုတော့ ထမင်းဘူး မထည့်လို့ မရ။ နေ့ခင်း ထမင်းစားချိန်ဆို ရုံးကလူတွေ စုစား ကြပါတယ်။ သူ့အမေ ခရီးထွက်သွားတော့မှ သူ့လက်ရာကို မြည်းရတော့တာပါ။ ပထမတော့ ရယ်ဒီမိတ် အထုတ်တွေ ဖောက်ထည့်လာတယ်။ ကျွန်တော်တို့က ဖောက်ထည့်ဟင်း လို့ နာမည်ပေးထားပါတယ်။

တရက်တော့ သူ့လက်ရာ အမဲသားကြော် ထည့်လာပါတယ်။ အားလုံးက အံ့ဩလွန်းလို့ ဘယ်လိုချက်လဲ မေးယူရတယ်။ တပိုင်းက တူးပြီး တပိုင်းက မကျက်ဘူး။ အမရာ ထမင်းတအိုးထဲ သုံးမျိုးရအောင် ချက်သလိုပေါ့။ သူပြောတာတော့ အသားကို အိုးထဲမှာ ရေနဲ့ ဆီနဲ့ထည့်ပြီး ဖိုပေါ်တင် အဖုံးအုပ်ထားလိုက်တယ်တဲ့။ အနံ့ထွက်တော့ ကောက်ထည့် လာတယ်တဲ့။ ဆားတော့ ထည့်ဖို့ မေ့သွားတယ်တဲ့။

နောက်တယောက်ကတော့ စင်္ကာပူကို ကျွန်တော့်နောက် ၃-၄ လ နေတော့ ရောက်လာတဲ့ သူငယ်ချင်းပါ။ ကျွန်တော်နဲ့ အတူနေပါတယ်။ သူငယ်ချင်းတွေချည်း စုနေတာဆိုတော့ ကြုံတဲ့သူ ချက်ပေါ့။ သူ့ အမျိုးသမီး ပြောပြထားတော့ သူ မချက်တတ်မှန်း သိပါတယ်၊ ဒါပေမဲ့ ဘယ်လောက် မချက်တတ်မှန်း မသိဘူး။ တရက်တော့ လွယ်လွယ်ကူကူ ကြက်ဥပဲ ကြော်လိုက်ကွာ ဆိုပြီး၊ သူနဲ့ ဖိုလွှဲခဲ့တယ်။ ကျွန်တော် ပြန်ဝင်လာတော့ သူက ကြက်ဥလေးကို လှည့်ပတ်ကြည့်နေတုန်း။ "ဘယ်နားက ခွဲရမှာလဲ ရှာနေတာ" ဆိုပဲ။

နောက်တခါ သူ အပြင်သွားတာ ကြုံလို့ သံပုရာသီး မှာလိုက်ပါတယ်။ ဆိုင်ရောက်တော့ ဖုန်းလှမ်းဆက်တယ်။ သံပုရာသီး ၂ မျိုးရှိတယ် အစိမ်း နဲ့ အဝါ၊ ဘယ်ဟာဝယ်ခဲ့ရမလဲတဲ့။ ကျွန်တော်လည်း သူ့ကို နောက်ချင်တာနဲ့ "ချဉ်တာသာ ဝယ်ခဲ့ကွာ" လို့ ဖြေလိုက်တယ်။ ကျွန်တော့် အမှားပါ "ငါ ဘယ်လိုလုပ် ချဉ်-မချဉ် သိမလဲ" ... တဲ့။

တရက်ကျတော့ သူကိုယ်တိုင်က တက်တက်ကြွကြွ ငါးပိရည် မစားရတာ ကြာပြီ သူ မြန်မာဆိုင်က ဝယ်ခဲ့မယ်တဲ့။ ပြန်လည်းရောက်လာရော ကျိုပေတော့ ဆိုပြီး စိမ်းစားငါးပိဗူးလေး ထုတ်ပေးပါတယ်။ သူ ဆိုင်ကို "အရည်ဖျော်လို့ရလား" ဆိုပြီး သေချာမေးဝယ် လာတာတဲ့။

သူများ အကြောင်းပြောလို့ ဝတော့ ကျွန်တော့် အကြောင်းပြောပါ့မယ်။ အိမ်ထောင်ကျခါစကတော့ ကျွန်တော့်လေဒီက သိပ်မချက်တတ်တော့ ကျွန်တော်က ဆရာကြီး လုပ်ခဲ့တာပေါ့။ အိမ်ထောင်သက်လေးလည်းရ သူလည်း ကောင်းကောင်းချက်တတ်ရော ကျွန်တော် ရာထူးကျတာပါပဲ။ ကျွန်တော် ဝင်ချက်ရင် ဟိုဟာကို ဟိုလိုလှီးရတယ်၊ ဒီဟာကို အရင်ထည့်ရတယ်နဲ့ ဆရာလုပ်ခံရ တော့တာပဲ။


တကယ်တော့ ကျွန်တော်က တီထွင်စိတ် အပြည့်နဲ့ လက်လှမ်းမှီရာ ကောက်ထည့်တတ်တာပဲ ပြောစရာရှိတယ်။ ဗူးသီးကြော်ရင်း စိတ်ကူးပေါက်ရင် မုန်လာဥနီပါ ထည့်ကြော်တာမျိုး၊ ကြက်ဟင်းခါးသီးကြော်ထဲ ဝက်အူချောင်း ပါလာတာမျိုး လောက်ပါပဲ။ စားလို့ရတာတွေချည်းပဲဟာကို၊ ခုတော့ ကျွန်တော့် ဟင်းတွေကို "ပစ်ထည့်ဟင်း" တဲ့။

7 comments:

Sonata Cantata October 27, 2009 at 12:00 PM  

ဒီကဆို ဟိုကျန်ဒီကျန် တပွဲတို့၊ တော်ရိလျော်ရိ တခွက်တို့ပါ ချက်တတ်တယ်း)

Pwint Myue Zin October 27, 2009 at 1:01 PM  

DIE DIE MUST TRY THE FOOD YOU COOK!!! COOK AND BRING TO OFFICE!!!

ရွှေရတုမှတ်တမ်း October 27, 2009 at 1:09 PM  

မစားရညှော်ခံ ဟင်း ချက်ပြပြနေတဲ့ မမတွေ..ငိုကုန်ကြပြီ..ကိုတင်မင်းထင်ရေ့...သူတို့ပြိုင်ဘက်ပေါ်လာလို့တဲ့.....း)

MieMie October 27, 2009 at 1:24 PM  

ဒီမှာရှိတဲ့ ကျမ မိတ်ဆွေ အမျိုးသား တယောက် အိမ်ထောင်မရှိသေး တယောက်တည်းနေတော့ ကိုယ့်ဖာကိုယ် ဟင်းချက်စားရတဲ့သူ...
တရက် သူက ၀က်အူချောင်း ကြော် ချင်တော့ ချက်တတ်တဲ့သူကို မေးလိုက်တာက .... ၀က်အူချောင်းကြော်တာ ၀က်အူချောင်းကို အခွံခွာရသေးလားတဲ့....း)

mie nge

MANORHARY October 27, 2009 at 8:45 PM  

အမလေး
ငါးသလောက်ထဲ ငါးမုန့်ခြောက်ပစ်ထည့်
ကြက်သားဆီပြန်ထဲ ငါးနီတူခြောက်အစိမ်းတွေပစ်ထည့် ပြောင်းဖူးစိမ်းချိုးထည့်ရေလောင်းထည့်ပြီး ဟင်းချို
ဆိုတဲ့သူလည်းရှိသေးတယ်။ ဘယ်သူလဲတော့မမေးပါနဲ့။
တော်ကြာ မော်ဒန်ဟင်းချက်နည်းစာအုပ်တစ်အုပ်များရေးခဲ့သလားလို့
လာမေးနေဦးမယ်။

Moe Cho Thinn October 28, 2009 at 12:09 AM  

သူ့ကျတော့ ပစ်ထည့်ဟင်းလဲ တီထွင်ချင်စိတ်အပြည့်နဲ့.. လို့ ဖြစ်ရပြန်တာကိုး။ သူရေးတဲ့ဘလော့ဆိုတော့ ရှိစေတော့..။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး,  October 28, 2009 at 5:39 PM  

ဟိဟိ မမကောင်းကင်ပြာထက်သာပါသေးဒယ်။ တူ့မတိစေနဲ့

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP