Oct 10, 2009

M4M အလှူ

 စတင်ဖွဲ့စည်းခြင်း

မြန်မာများအတွက် မြန်မာအဖွဲ့ (Myanmar for Myanmars) ဟာ တကယ်တော့ Online Community ကနေ အခြေခံလာတာပါ။ နာဂစ်အပြီးမှာ မြန်မာကျူးပစ်ဖိုရမ်ကနေ တဆင့် အလှူငွေ စုဆောင်းခဲ့ကြပါတယ်။ နာဂစ်ထိခိုက်သွားတဲ့ ဒေသတွေကို ကျပ်သိန်း ၁၃ဝ ကျော် ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီလို ရုတ်တရက် ပေါ်လာတဲ့ သဘာဝဘေးတွေကို ကူညီနိုင်အောင် ရန်ပုံငွေလေး စုဆောင်းထားရန် စဉ်းစားမိကြပါတယ်။ ပြီးတော့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေရဲ့ စားဝတ်နေရေး၊ ပညာရေးကိုလည်း ကူညီသွားမယ်လို့ ရည်ရွယ်ပြီး မြန်မာများအတွက် မြန်မာအဖွဲ့ ကို ၂ဝဝ၈ ဇွန်လ တွင် ဖွဲ့စည်းခဲ့ပါတယ်။

စင်္ကာပူက မြန်မာကျူးပစ်မန်ဘာတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ အများစုက အွန်လိုင်းမှာပဲ သိတဲ့သူတွေပါ။ အဖွဲ့ကိုလည်း အွန်လိုင်းမှာပဲ အခြေခံမယ်၊ လစဉ် မန်ဘာကြေးပေးတဲ့ ပုံစံနဲ့ အဓိက စုဆောင်းမယ်။ မန်ဘာမဟုတ်သူတွေ သီးသန့်လှူဒါန်းတာကိုလည်း လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁။ လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းများ
၂။ မိဘမဲ့ ပြုစုပျိုးထောင်ရေး ဂေဟာများကို အဓိက လှူဒါန်းသွားမယ်လို့ ရည်ရွယ်ခဲ့ကြပါတယ်။

ပထမဆုံး အလှူ


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စိန့်ဖရန်စစ် ကက်သလစ် သီလရှင်များ စောင့်ရှောက်ထားတဲ့ ကလေး ၂၅ ယောက် အတွက် ၄ လ စာ ဆန်ဖိုးငွေ ၆ သိန်း ကို ၇.၉.၂ဝဝ၈ တွင်လှူဒါန်း နိုင်ခဲ့ပါတယ်။ နေ့လည်စာ ဒန်ပေါက်ကိုတော့ မန်ဘာတဦးက သီးသန့် လှူဒါန်းခဲ့ပါတယ်။

ဒုတိယ အလှူ

၁၈.၉.၂ဝဝ၈ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဘုရားသုံးဆူကျောင်းတိုက် မှ ရှင်သာမဏေ နှင့် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေး ပဒေသာပင် ၂ သိန်း + တနေ့စာ ဆွမ်း ထမင်း အတွက် ၁ သိန်း လှူဒါန်းခဲ့ပါတယ်။

ကျောင်းလှူဒါန်းရန် စီစဉ်ခြင်း

အဖွဲ့ သက်တန်း ၆ လ မှာတော့ အလှူငွေ စင်္ကာပူ ဒေါ်လာ ၆၆ဝဝ စုဆောင်းမိကြပြီး၊ စာသင်ကျောင်း တဆောင် နာဂစ်ဒေသမှာ ဆောက်လုပ်လှူဒါန်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။

၁။ အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း ဆောက်လှူမယ်ဆိုရင် သိန်း ၂၁ဝ လောက် ကုန်ကျပါမယ်။ ကျွန်တော်တို့ အလှူငွေ နဲ့ မမှီပါ။

၂။ အစိုးရ အသိအမှတ်ပြု ကျောင်း မရှိခင် ယူနီဆက် အစီအစဉ်နဲ့ ယာယီကျောင်း လှူဒါန်းမယ်ဆိုရင် ယူအက်စ်ဒေါ်လာ ၃ဝဝဝ လောက် ကုန်ကျပါမယ်။ ယာယီဖြစ်လို့ အဖွဲ့ဝင် အများစုက သဘောမတူကြပါ။

၃။ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေကို လှူဖို့ပါ။ ကျောင်းဆောင် တန်ဖိုးကတော့ ကိုယ်တတ်နိုင်သလောက် ချိန်ပြီး လှူနိုင်ပေမယ့်၊ ဝေးလံတဲ့ ဒေသတွေမှာ သွားရောက် ကြီးကြပ် ပေးမယ့်သူ လိုပါတယ်။

ဒဂုံဆိပ်ကမ်း ပရဟိတကျောင်း

ဒီလိုနဲ့ ကြာလာလိုက်တာ ၂ဝဝ၉ ဩဂုတ်လ မှာတော့ မန်ဘာတယောက်လဲ ရန်ကုန်ပြန်ရောက်၊ စီစဉ် ဦးစီးမယ့်သူ ရှိတုန်း ကျောင်းဆောင်တဆောင် ဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ကြပါတယ်။



လှူဒါန်းဖို့ နေရာလိုက်ရှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဘုန်းတော်ကြီးသင် ပရဟိတ စာသင်ကျောင်း တခုမှာ စာသင်ကျောင်းဆောင် လိုအပ်နေတာ တွေ့ပါတယ်။ (ဆရာတော်က သတင်းမကြီး စေချင်လို့ လိပ်စာ အတိအကျကိုတော့ မဖော်ပြတော့ပါ။) ကျောင်းသား ကျောင်းသူ ၃၃၇ ဦး သင်ကြားနေပြီး အများစုမှာ မိဘမဲ့၊ မိဘမစုံ၊ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပါတယ်။



ဆောက်လုပ်လှူဒါန်းမယ့် ကျောင်းက ၄၅ ပေ x ၂၅ ပေ၊ အုတ်စီ သွပ်မိုး ဖြစ်ပြီး ကုန်ကျစရိတ်ကို မြန်မာငွေ သိန်း ၁၄ဝ ခန့် ကုန်ကျမယ် မှန်းကြပါတယ်။ ရရှိထားတဲ့ အလှူငွေရဲ့ ၂ ဆလောက် ဖြစ်နေပါတယ်။ နောက်တခုက အချိန်ပါ၊ လက်ရှိကျောင်းဆောင်ကို ဖျက်ပြီး ဆောက်မှာ ဖြစ်လို့ ၂ လ အတွင်း အပြီးဆောက်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဖြစ်အောင်လှူမယ်၊ လုပ်ငန်းစရင် လှူမယ့်သူတွေ ထပ်ပေါ်လာဦးမယ်၊ အလှူငွေ မလောက်ရင် မျက်နှာကျက် စတာတွေ လျော့မယ်၊ စသည်ဖြင့် ဆုံးဖြတ်လိုက်ကြပါတယ်။

လုပ်ငန်းစတင်ခြင်း



ကျောင်းဆောင် ဆောက်လုပ်ခြင်းကို ဩဂုတ်လ ၂ဝ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မစခင် ရက်ပိုင်းမှာပဲ ထိုင်းက ကျူးပစ်မန်ဘာ တဦးက ဘတ် ၂ဝဝဝဝ လှူဒါန်းပါတယ်။ စင်္ကာပူက မြန်မာ သင်္ဘောသားများက စင်္ကာပူဒေါ်လာ ၅၀ဝ၀ လှူဒါန်း ကြပါတယ်။ ဂျပန်က ကျူးပစ်မန်ဘာများ ကလည်း အလှူငွေ ကောက်ခံပေးမယ် ပြောလာပါတယ်။ (သိန်း ၃ဝ ကျော် ရရှိပါတယ်။)

တော်တော်ကို အားတက်သွားကြပါတယ်။ နောက်တော့ မြန်မာပြည်တွင်းက၊  နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ ဂျပန်၊ စင်္ကာပူ၊ ဂျာမဏီ၊ ဩစတေးလျ၊ အမေရိကန်၊ တရုပ်၊ လာအို၊ ထိုင်း နှင့် အင်္ဂလန် နိုင်ငံတို့မှ အလှုရှင်တွေ ပေါ်လာပါတယ်။ အများစုဟာ လူချင်းမြင်တောင် မမြင်ဖူးတဲ့၊ နာမည်ရင်းလေးတောင် မသိတဲ့ အွန်လိုင်း မိတ်ဆွေတွေ ဖြစ်ကြပြီး၊ ကလေးတွေ ပညာရေး အတွက်ဆိုပြီး ယုံယုံကြည်ကြည် လှူကြတာ ဖြစ်ပါတယ်။

အလှူပြီးစီးခြင်း



အလှူငွေ လုံလောက်သွားပြီမို့ မျက်နှာကျက်၊ ဆေး၊ အခန်းဖွဲ့၊ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံ ဆောက်လုပ် နိုင်ခဲ့ပါတယ်။ အားလုံးပြည့်စုံတော့ စာသင်ခုံတွေပါ လှူနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိကြတယ်။ အချိန်ကိုက်ပါပဲ  မြန်မာဆိုင်ဘာ ဖိုရမ်က စာသင်ခုံ ၁၁ သိန်းဖိုး လှူဒါန်းလာပါတယ်။



စုစုပေါင်း ကုန်ကျငွေ ၁၄,ဝ၆၆,၄၅ဝ ကျပ် ဖြစ်ပါတယ်။ အလှူရှင်များရဲ့ စေတနာ၊ ပြည်တွင်းကနေ ကူညီဆောင်ရွက်များရဲ့ ကြိုးစားမှုတို့ကြောင့် ၂ဝဝ၉ စက်တင်ဘာလ ၁၅ မှာ ကျောင်းဆောင် လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂ဝ မှာတော့ ရေစက်ချ ဆွမ်းကပ်ရင်း၊ ကလေးတွေကို ကြာဇံကြော်ကျွေး၊ စာအုပ် ခဲတံ ထောက်ပံ့ စသည်ဖြင့် လှူဒါန်းခဲ့ပါတယ်။

ဒီ စာသင်ကျောင်းဆောင်ဟာ မြန်မာများအတွက် မြန်မာအဖွဲ့ အတွက် မှတ်တမ်းတင်စရာ အောင်မြင်မှု တခု ဖြစ်ခဲ့ပါပြီ။ ဤကဲ့သို့ လှူဒါန်းခဲ့ရသော ကုသိုလ်ကို ကမ္ဘာအရပ်ရပ်မှ အလှုရှင်များနဲ့ ၃၁ ဘုံ ကျင်လည်ကြသော သတ္တဝါအပေါင်းတို့ကို အမျှ ပေးဝေပါတယ်။



(ဝန်ခံချက်။ ။ မြန်မာများအတွက် မြန်မာအဖွဲ့ ဝဘ်ဆိုဒ် www.m4mcommunity.org နှင့် မြန်မာကျူးပစ်ဖိုရမ် myanmarcupid.net တို့ကို ကိုးကားပါတယ်။)

2 comments:

Julian October 10, 2009 at 7:49 PM  

ဒီလိုကြီးကျယ်တဲ့အလှူတစ်ခုပြီးဘို့ စိတ်အားလူအားငွေအားတွေကူခဲ့သူတွေကိုအားကျမိတယ်။ သာဓု ခေါ်ပါတယ် ။ ဒါလေးကိုပြန်ပြောပြပေးတဲ့ကိုတင်မင်းထက်ကိုလဲကျေးဇူး

ourstream October 16, 2009 at 12:16 AM  

လေးစားဂုဏ်ယူပါတယ်ဗျာ...။ နောက်နောင်လဲ ဆက်လက်လှုဒါန်းနိုင်ပါစေဗျာ....။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP