Dec 23, 2013

ပြန်လှန်သင်ခန်းစာ

အကြွေစေ့လေးကို
ဆေးအမဲတခြမ်းသုတ်
လခြမ်းကွေးပါလို့
မပြောရဲတော့တဲ့အခါ
အလှတရားဟာ
တံခါးတခြမ်းပိတ်ခဲ့ပြီ။

စစ်သားရုပ်လေးတွေ စီပြီး
စစ်ပွဲကြီးကို မြင်ကြည့်ဖို့
စစ်ပွဲကြီးကို ကြည့်ပြီး
စစ်သားရုပ်လေးတွေ မြင်ကြည့်ဖို့
နောက်တခါ ပြန်သင်ရဦးမယ်။

တင်မင်းထက်
၂၀၁၃

အလံ

အလံတွေဝှေ့ရမ်းခဲ့၊ ငါတို့
အလံကိုသီချင်းလုပ်ဆို၊ ငါတို့
အလံနဲ့တကွစစ်ရှုံးခဲ့ကြ၊ ငါတို့
ကိုယ့်အလံကိုမီးပြန်ရှို့၊ ငါတို့

တင်မင်းထက်
၂ဝ၁၃

အိမ်ပြေး ၂ ယောက်

သစ်မြစ်လေးကိုတောင်
ချစ်တဲ့သူတွေကြားမှာ
ခတ်တခေတ်ခြားနေခဲ့။

ရေတံခွန်လို
တဟုန်ထိုး
အများကြီး
စိတ်ကူးတွေနောက် ပြေးလိုက်ခဲ့သူနဲ့။

မနက်စောစော
တလက်လက်တောက်နေတဲ့
မိုးစက်ပေါက်လေးကို ခြေရာကောက်ခဲ့သူ။

အိမ်ပြေးတယောက်နဲ့
နောက် အိမ်ပြေးတယောက်ကြားမှာ
သစ်မြစ်လေးခြားနေခဲ့။

တင်မင်းထက်
၂ဝ၁၃

ဒေါင့်

ရှူးဖိနပ်ထဲ ဝင်နေတဲ့
ဆူးကိုထုတ်ရတာ ခက်တယ်။

မင်း စူးဝင်နေပုံကတော့
ပိုပြီး ကတ်သီးကတ်သတ်နိုင်လှတယ်။

တင်မင်းထက်
၂ဝ၁၃

ရှေးရေစက်

နံရံဆေးရေးပန်းချီကို
အုတ်ခဲကျိုးနဲ့
ဆေးရောင်ထပ်ဖြည့်ခဲ့ကြ။

ခြူးရုပ်ပန်းနွယ်ကြားမှာ
ခေတ်သစ်မြန်မာစာနဲ့
အမှတ်တရလို့ ကဗ္ဗည်းထိုးခဲ့ကြ။

ငလျင်
ရာသီဥတု
သူခိုးသူဝှက်
မှားယွင်းသောသဒ္ဓါတရား
နှစ်ပေါင်းတထောင်။

ဂင်္ဂါမြစ်ဖြတ်ကူးခန်း အနားက
ဘီလူးရုပ်ဟာ
ပြုံးပြုံးကြီး စိုက်ကြည့်နေ။

တင်မင်းထက်
၂ဝ၁၃

မီးခိုးသစ်ပင်

အရွယ်မရောက်သေးတဲ့
စီးကရက်မီးခိုးတွေ
လူထူထူမှာ တထောင်းထောင်း
ဖွာပြ။

ဂရုမစိုက်သလို နေပြရင်းနဲ့ပဲ
မင်းကျပျောက်ခဲ့တဲ့
အပ်ကလေးတွေကောက်ရခဲ့တာက
၃ ခါ။

တချို့တိမ်တိုက်တွေဟာ
ရိတ်သိမ်းဖို့ မဟုတ်ခဲ့သလို
ရင့်မှည့်ဖို့လည်း မလိုအပ်တဲ့
သစ်သီး။

တင်မင်းထက်
၂၀၁၃

ရထားပေါ်မှာ

မနက်စောစော ရုံးသွားချိန်
ငြိမ်ငြိမ်လေး ထိုင်နေပေမယ့်
ရထားက ရွေ့နေတယ်။

လူမရှိတဲ့ ပန်းခြံထဲ
တညလုံး ထွန်းညှိထားတဲ့
မီးတိုင်တွေ မငြိမ်းသေးဘူး။

ဘေးခုံက အလုပ်သမားလေးက
သီချင်းတပုဒ်ကို တီးတိုးညည်းလို့။

အိပ်မက်ရှိဖို့ လိုသလို
အဲဒီအိပ်မက်ကို သီချင်းလုပ်ဆို။

တင်မင်းထက်
၂၀၁၃

ကောင်းကင်က အေးတယ်

သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေက
ကောင်းကင် လမင်း တိမ် ညနေခင်း။

ကိုယ့်ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လည်း
ကောင်းကင် လမင်း တိမ် ညနေခင်း။

ကျွန်တော်တို့တတွေ ...
မြေပြင်ကို ညည်းငွေ့နေကြလို့ များလား။

တင်မင်းထက်
၂၀၁၃

သည်မိုးသည်လေ

ကောင်းကင်ယံ သည်မြေကြီးနဲ့
ရင်းနှီးခဲ့ ချစ်ခဲ့တယ်။

စိတ်ကူးယာဉ်
လေနှင်ရာ လွှင့်ချင်စမ်းသာပါ့
ဆိပ်ကမ်းကို ရောက်အောင်လှမ်းခဲ့
ပန်းပွင့်တွေသယ်။

ယုံကြည်ချက် ကွဲအက်လွယ်ရင်ဖြင့်
သစ်ပင်တွေ မြေနဲ့ဝေး
ဆိုမယ့်တေးလည်း ပျောက်ရတာ။

ကြယ်ကြွေခေတ်
နစ်ခဲ့တဲ့ နှစ်တရာ
အပြစ်သာ ထပ်ခါပျိုးရင်တော့
အဆိုးတွေ မြေမှာလွှမ်းလို့
ကမ်းမမြင်သာ။

တင်မင်းထက်
၂ဝ၁၃

ဇာတ်ညွှန်း

လူစွမ်းကောင်းက
ဓါးသိုင်းကပြနေစရာ မလို။

လူဆိုးဗိုလ်ဆိုမှတော့
လူဆိုးဗိုလ် ပီပီသသ
မြင်းကို ဒုန်းစိုင်းစီးပြ (နောက်ပြန်)
လူ ၁ဝဝ သတ်ပြ (၂ မိနစ်အတွင်း)
သွေးအေးအေးနဲ့ထိုင်နေ (သစ်ပင်ထိပ်ဖျားမှာ)
ပြီးတော့
အသံနက်ကြီးနဲ့ရယ် (နှုတ်ခမ်းတဖက်မဲ့ရင်း)။

စာပေသမားဝတ်စုံအဖြူနဲ့
ဒါဏ်ရာတခုမှ မရခဲ့သလိုမျိုး ရောက်လာ
ယပ်တောင်ကို တချက်ခတ်
(ဒါမှမဟုတ်)
အသံမဲ့တဲ့ လှုပ်ရှားမှုတခုခုမှာ
ဝတ်စုံနက် ဒူးထောက်လဲကျသွား။

ကလေး လူကြီး ကြည့်ချင်ကြတဲ့
ဇာတ်သိမ်းခန်းကတော့ ဒီအတိုင်းပါပဲ။

တင်မင်းထက်
၂ဝ၁၃

အနှေးကောင်

မြန်လွန်းလို့  ဘယ်သူမှ
ဖမ်းလို့ မရနိုင်သလို
နှေးလွန်းတော့လည်း
ဘယ်သူကမှ မဖမ်းချင်ကြ။

အနှေးကောင်အကြောင်း
တောင်ခြစ်မြောက်ခြစ်ရင်းနဲ့ 
စိတ်ကူးတို့  နှေးနှေးလာ
ကဗျာကောင်းတာ မကောင်းတာ
လူကြိုက်များတာ မများတာ
ဘာတွေ မရိုးသားချင်တာလဲ။

လျှစ်ကနဲ လျှစ်ကနဲ
မမြန်နိုင်မှတော့
နှေးနှေးကွေးကွေး ရှင်သန်
တချိန်ချိန်မှာ သေဆုံး
ဒါပဲပေါ့
အနှေးကောင် ဆိုတာ။

တင်မင်းထက်
၂၀၁၃

လည်ပတ်

ကျွန်တော်က ပျင်းစရာကောင်းတဲ့
သင်တန်းခန်းမထဲမှာ။

အပြင်ဘက် ရေကူးကန်က
ကလေးသံတွေ ကြားနေရ။

ခွေးသွားစိတ်တခုဟာ
ယန္တရားတခုလုံးနဲ့ 
ပြောင်းပြန်လည်ဖို့ ကတော့
မလွယ်လှဘူးပေါ့။

ဆူဆူညံညံနဲ့  ကလေးတွေကရော
အသံမထွက်တဲ့ ခွေးသွားစိတ်တွေ
ဖြစ်လာကြမှလား။

တင်မင်းထက်
၂၀၁၃

ကြယ်တွေတွက်ရေ
မိုးလိုကြွေတော့
ဆုတွေကိုလည်း မတောင်းရဲ။

တင်မင်းထက်
၂ဝ၁၃

လှိုင်း

ကြာပင်ကြိုကြား၊ လေငြိမ်သွားလည်း
ရွှေငါးလေးတွေ အစာရှာ။

တင်မင်းထက်
၂ဝ၁၃

လက်ဖက်ရည်ဆိုင်

နေ့စဉ်သုံးစကားတွေ
တောင်စဉ်ရေမရ ပြောကြ

မရှိမဲ့ရှိမဲ့ စိတ်ကူးစိတ်သန်းတွေကို
ပုံကြီးချဲ့ ရယ်မောနှိပ်ကွပ်ကြ

ပြောရင်းငြီးငွေ့သွားတော့
အစကနေ နောက်တခေါက်ပြန်ပြောကြ

ငယ်ငယ်ကလက်ဖက်ရည်တခွက်ကို
၂ ခါပြန်ပြီး မသောက်နိုင်ဘူးဆိုလား

တင်မင်းထက်
၂ဝ၁၃

ပန်းတို့ပွင့်စေ

သူငယ်ချင်းရဲ့ ခြံထဲမှာ
အသီးတွေဝေနေတဲ့ လိမ္မော်ပင်ရှိတယ်။

ဆရာမရဲ့ အိမ်နားကို
လူမကြောက်တဲ့ သမင်လေးတွေလာကြ။

ကလေးလေးတွေ
ကိုယ့်အပင်က အသီးတွေပိုက်လို့
လမ်းထဲမှာလိုက်ဝေကြတဲ့ နေရာ
ငါတို့ကမ္ဘာကိုဖြစ်စေချင်ပါတယ်။

တင်မင်းထက်
၂ဝ၁၃

မှော်ကန့်လန့်

အဘိဓာန်ထဲကို
ဓားဦး ထိုးစိုက်လိုက်တယ်
အစမရှိ အဆုံးမရှိ ကဗျာ။

တစ်ရှူးက ၂ ထုပ်
သတင်းစာက ၁ စောင်
ဘူတာမှာ အလကားရလာတဲ့ ကဗျာ။

မြောက်ကိုရီးယား ဒုံးဆန်
မှန်ရှာတဲ့ အိန်ဂျလီနာ
အသစ်စက်စက်သတင်းများ ကဗျာ။

ဘဝဆိုတာ လိင်နဲ့လိမ်တာပဲ
ဘုရားသခင်နဲ့ ကြွေအန်ကစား
ကမ္ဘာကြီးကိုကန်သွင်းလိုက်တဲ့ ကဗျာ။

တသက်တာ မိုက်လေသမျှ
ဒီနွေဦးမှာ ခဝါချလိုက်သတဲ့လား
ဒီကချစ်လိုက်ရတာ ကဗျာ။

ဘာလာလာ
ကပျာကယာ
မှော်ထပေါက်တဲ့ ကဗျာ။

တင်မင်းထက်
၂ဝ၁၃

စစ်ပွဲ

စစ်ဖြစ်မှတော့ တိုက်ရတော့မယ်
သမားရိုးကျ စစ်ဗျူဟာတွေနဲ့တော့
ဒီခေတ်မှာ မတိုက်ချင်တော့ဘူး

ရန်သူကိုအသေသတ်ဖို့ထက်
သူရဲ့ရှုံးနိမ့်မှုကို တစိမ့်စိမ့်သောက်သုံးဖို့
မြို့သိမ်းတိုက်ပွဲအောင်နိုင်ဖို့ထက်
အမုန်းတရားတွေ အယားဖျောက်ဖို့

ဘယ်မြို့ပြနဲ့ဘယ်မြို့ပြ
စစ်ဖြစ်နေတယ် မသိတော့အောင်
အကြိတ်အနယ် ပေါ့ပျက်ပျက်တိုက်ကြ

နောက်ဆုံးအပိုင်ခုတ်ချလိုက်တော့
ရန်သူ့မျက်နှာဖုံး ကွာကျသွား

တိုက်ပွဲဝင်အားလုံးနဲ့ တူညီစွာ
သူ့မျက်နှာဖုံးအောက်မှာ မျက်နှာမရှိ

တင်မင်းထက်
၂ဝ၁၃

ဓါတ်ကြိုးပေါ်က တိမ်တိုက်တွေ

ရထားလမ်းဘေးက မြက်ခင်းပေါ်မှာ
ငွေရောင်သမင်လေးတွေ ပြေးနေကြတယ်။

တကယ်တော့
တစုံတယောက်ရဲ့ ဈေးဝယ်အိတ်ပေါ်က
ဒါမှမဟုတ် အင်္ကျီပေါ်ကအရုပ်လေးတွေ
ရထားပြတင်းမှာ အရိပ်ထင်နေတာပါ။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
ရောင်ပြန်ဟပ်နေတဲ့ စိတ်တပြေးဟာ
အနီးအဝေးမှာ တဆတ်ဆတ်ခုန်လို့။

"သိပ်လွတ်လပ်ပါတယ်"
... ... ဆိုတာတောင်မှ
မထင်မှတ်တဲ့ တနေရာမှာ
ငြိတွယ်နေခဲ့ပြန်တယ်။

တင်မင်းထက်
၂ဝ၁၃

သတသတ်

စားလို့ရစေ မရစေ
ပျော်လို့ဖြစ်စေ အမုန်းတွေ
သတ်နေကြတဲ့ ကမ္ဘာ

တင်မင်းထက်
၂ဝ၁၃

နောက်ထပ်သကြားလုံး

ဒါပြီးရင် နောက်ထပ်တခု
အကန့်အသတ်တခုခု
အခက်အခဲတခုခု
စွဲဆောင်မှုတခုခု
ပျင်းရိဖွယ်နေ့များမှ ထွက်ပြေးရင်း
ပျင်းရိဖွယ် ချောင်ပိတ်မှုနောက်တခု
သေသေချာချာ လွဲချော်မှုတခု
မရေမရာ အဆင်ပြေမှုတခု
ချိန်းဆိုထားတဲ့ ပျက်ကွက်မှုတခု
ပျော်ရွှင်ဖွယ် တေ့လွဲမှုနောက်တခု
ရင်ခုန်စရာမရှိတဲ့ လွယ်ကူမှုနောက်တခု
ဒါပြီးရင်
ဒါမျိုး နောက်ထပ်တခု။

တင်မင်းထက်
၂ဝ၁၃

(Thanks to 4D)

ရောင်စုံသကြားလုံးများ (Candy Crush Saga)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ရောင်စုံသကြားလုံးလေးတွေ ကျလာ
ဘာရောင်ဖြစ်မလဲတော့ ကြိုမသိနိုင်
အရွှေ့အပြောင်းပုစ္ဆာများက တခါတရံသိပ်လွယ်
မဖြေရှင်းနိုင်တဲ့အခါတွေလည်းရှိတယ်။

မပျော်နိုင်တဲ့ ရေခဲများ
မတော်တဆ ဆုကြေးများ
အပြန်အလှန် လက်ဆောင်များ
နယ်မြေသစ်ကိုကူးဖို့ တံတားများ။

သေချာတာတခုကတော့
လက်ထဲမှာရှိတဲ့ သကြားလုံးလေးတွေကို
အမြန်ဆုံးကုန်အောင် သုံးလိုက်ဖို့ပါပဲ။

တင်မင်းထက်
ဝ၂ဝ၂၁၃

ဧကရာဇ်တို့ရဲ့ခေတ် (Age of Empires)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

သစ်တောတွေ အပြိုင်ခုတ်ကြ
ရွှေတွင်းတွေ အပြိုင်တူးကြ
မြို့ပြ အပြိုင်ထူထောင်ကြ
နည်းပညာ အပြိုင်မြှင့်တင်ကြ
တက္ကသိုလ်တွေ အပြိုင်ဆောက်ကြ
ဘုရားကျောင်းတွေ အပြိုင်တည်ကြ။

နောက်ဆုံးကြတော့လည်း
ပြိုင်ဖက်မြို့ပြကို ဖျက်ကြ
ပြိုင်ဖက်ရဲတိုက်ကို ဖြိုကြ
ပြိုင်ဖက်ဘုရင်ကို သတ်ကြ။

စစ်ပြိုင်ကြတယ်ဆိုပေမယ့်
ခေတ်အနိုင်ရဖို့ လိုပါတယ်။

တင်မင်းထက်
ဝ၄ဝ၂၁၃

မိုင်းရှင်းသမား (Minesweeper)

တကယ့်လက်တွေ့နဲ့ ကစားပွဲများအကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

၉ဝ ရာခိုင်နှုန်းက
ကျွမ်းကျင်သေချာတဲ့ တွက်ချက်မှု
၁ဝ ရာခိုင်နှုန်းက
ကံကိုသာ လုံးဝပုံထားရ။

တကွက်ပြီးတကွက် ရှင်းလင်းလာခဲ့သမျှ
ရှုံးနိမ့်ဖို့ကြတော့ အမှားတချက်သာ။

တင်မင်းထက်
ဝ၄ဝ၂၁၃

စက်ဘီးစတန့် (Stunt Bike Island)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကွင်းပြင်ကျယ်ထဲမှာ စက်ဘီးစီးရတာလောက်
စိတ်လွတ်လပ်တာရှိဦးမှာလား
တောင်ကမူလေးတွေပေါ် ဆင်းလိုက်တက်လိုက်
ပန်းတွေနဲ့ ရေတွေနဲ့ တိမ်တွေနဲ့။

ကွင်းပတ်မောင်းရတဲ့ ပြိုင်ပွဲတွေလို
ညည်းငွေ့ဖွယ်ရာ မရှိ
လမ်းကြမ်းမောင်း ပြိုင်ပွဲတွေလို
အတိုက်အခိုက်တွေလည်း မရှိ
အပြိုင်အဆိုင် အစွမ်းပြဖို့
ပြိုင်ဖက်တောင်မှ မရှိ။

ဒါနဲ့တောင်မှ
ကိုယ့်ဖာသာကိုယ်ဂျွမ်းထိုးပြနေရတာနဲ့ပဲ
ရှုခင်းတွေလှပခဲ့မှန်းမှ မသိတော့။

တင်မင်းထက်
ဝ၅ဝ၂၁၃

ဂေါ်လီခုံ (Pinball)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

မီးရောင်စုံတွေ လင်းလို့လက်လို့
ကံကောင်းတဲ့ ထိချက်တိုင်းမှာ
အမှတ်တွေက သံစုံမြည်လို့။

တကယ်တော့
အချိန်ဖြုန်းခြင်းသက်သက်မျှသာ။

တင်မင်းထက်
ဝ၄ဝ၂၁၃

ဘောလုံးမန်နေဂျာ (Football Manager)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကိုယ်အားပေးတဲ့ အသင်းကို
မန်နေဂျာလုပ်ခွင့်ရတာကိုက
ကြီးမားတဲ့ ဆွဲဆောင်မှုတခုပါပဲ။

ရှေ့တန်း ၁၁ ယောက်နဲ့ အသင်းဖွဲ့လို့မရသလို
ကံကြမ္မာဆိုတာက ကွင်းတွင်းကွင်းပြင်နေရာတကာ
ဒိုင်ဆိုတာကလည်း မကြာခဏမှားတတ်သေးတယ်။

ဆုဖလားများ
အနိုင်အရှုံးများ
လက်ခုပ်သံများ
တန်းဆင်းတန်းတက်များ။

အဆိုးဆုံးအပိုင်းကတော့
ကိုယ်ကြိုက်တဲ့ ကစားသမားတွေကို
ရောင်းရောင်းစားရတာပဲ။

တင်မင်းထက်
ဝ၃ဝ၂၁၃

မျိုးနွယ်စုစစ်ပွဲများ (Tribal Wars)

တကယ့်လက်တွေ့နဲ့ ကစားပွဲများကြား
အပြန်အလှန်ထွက်ပြေးမိတယ်။

ကမ္ဘာသစ်စတယ်ဆိုတာနဲ့
ရွာသေးသေးလေးကနေ အင်အားစု
ပြီးရင် နယ်မြေချဲ့ရတော့တာပဲ။

ပျင်းရိဖွယ် စောင့်စားခြင်း
စက္ကန့်ပိုင်းအထိတိကျတဲ့ ဆုံးဖြတ်မှု
နယ်မြေအနေအထား အကွာအဝေး
အားလုံးဟာ သူ့နေရာနဲ့သူ။

မျိုးနွယ်စုတွေ ဖွဲ့လိုက်ပျက်လိုက်
ရန်သူနဲ့မိတ်ဆွေ ပြောင်းလွယ်ပျက်လွယ်
ပရိယာယ်နဲ့သစ္စာ ရေလိုက်ငါးလိုက်။

အရိုးရှင်းဆုံး စာလေးတစောင်က
စစ်ပွဲကြီးတခုကိုရှောင်လွှဲနိုင်ကြောင်းလည်း
အသေအချာသိခဲ့ရပါတယ်။

တင်မင်းထက်
ဝ၂ဝ၂၁၃

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP